News @ M-Media

Tag: malaysia

  • မလေးရှားဘုရင် အပြောင်းအလဲဖြစ်မည်

    မလေးရှားဘုရင် အပြောင်းအလဲဖြစ်မည်

    အောက်တိုဘာ ၂၈၊ ၂၀၂၃

    M-Media 


    -လာမယ့်နှစ်မှာ သက်တမ်းကုန်မယ့် မလေးရှားဘုရင်မင်းမြတ်နေရာကို ဂျိုဟိုးပြည်နယ်စော်ဘွား ဆူလ်တန် အီဘရာဟင် ဆူလ်တန် အစ္စကန်ဒါက ဆက်ခံသွားမယ်လို့ မလေးရှား နန်းတော်ထိန်းက သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

    မလေးရှားမှာ ပြည်နယ်တွေကို မျိုးရိုးစဥ်ဆက် အုပ်စိုးလာတဲ့ စော်ဘွား ၉ ဦးရှိပြီး ၅ နှစ်တစ်ကြိမ် နိုင်ငံတော်ဘုရင်နေရာကို တာ၀န်ယူဆောင်ရွက်ရတာဖြစ်ပါတယ်။ 

    ဆူလ်တန် အစ္စကန်ဒါဟာ ဖခင်ဖြစ်သူ တာ၀န်ယူပြီး ၃၄ နှစ်အကြာမှ ပထမဆုံးအကြိမ် ဒီနေရာကို တာ၀န်ယူရတာ ဖြစ်ပါတယ်။ 

    မလေးရှားဟာ စည်းမျဥ်ခံဘုရင်စနစ်ဖြစ်ပြီး ဘုရင်မင်းမြတ်ဟာ နိုင်ငံရဲ့ ဦးသျှောင်ဖြစ်ပါတယ်။ ဘုရင်ဟာ အုပ်ချုပ်ရေးပိုင်းမှာ ၀င်ရောက်စွက်ဖက်တာမျိုးမရှိဘဲ နိုင်ငံရေးပါတီတွေအကြား၊ လူ့အဖွဲ့အစည်းတွေအကြား သဟဇတဖြစ်အောင် အဓိက ဆောင်ရွက်ပေးပါတယ်။ 

    လက်ရှိ မလေးရှားဘုရင်မင်းမြတ်ဟာ ပါဟန်းပြည်နယ်စော်ဘွား အလ်-ဆူလ်တန် အဘ်ဒူလာ ရီအာယာသွတ်ဒင်း အလ်-မွတ်စ်တာဖာ ဘီလားရှားဖြစ်ပါတယ်။ သူ့ရဲ့သက်တမ်းဟာ ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာပါ။ 

    သောကြာနေ့က စော်ဘွား ၉ ဦးရဲ့ တံခါးပိတ်အစည်းအ၀ေးမှာ ဂျိုးဟိုးစော်ဘွား ဆူလ်တန် အစ္စကန်ဒါကို ဘုရင်သစ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်တာဖြစ်ပါတယ်။ 

    ဘုရင်သစ်ဟာ ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့က စတင်ကာ နောက်ငါးနှစ် တာ၀န်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ လက်ထောက်ဘုရင်အဖြစ် ပဲရက်ပြည်နယ်စော်ဘွား ဆူလ်တန် နာဇရင် မူအစ်ဇွတ်ဒင်းရှားက ရွေးချယ်ခံရပါတယ်။ 

    ဘယ်လိုလူလဲ 

    ဂျိုဟိုးပြည်နယ်စော်ဘွား ဆူလ်တန် အစ္စကန်ဒါဟာ ပွင့်ပွင့်လင်းလင်း ပြောတတ်သူအဖြစ် ထင်ရှားပါတယ်။ 

    မလေးရှားနိုင်ငံရေးကို ထောက်ပြပြောဆိုတတ်တာကြောင့် အစိုးရအကြီးအကဲတွေ၊ ၀န်ကြီးချုပ်တွေနဲ့ မကျေလည်မှုတွေ အရင်က ရှိခဲ့ဖူးပါတယ်။ 

    ခြစားမှုတိုက်ဖျက်ရေး၊ နိုင်ငံသားတိုင်း တန်းတူညီမျှရှိရေး၊ နိုင်ငံရေးမှာ ဘာသာရေးမစွက်ရေး ပွင့်ပွင့်လင်းလင်းပြတ်ပြတ်သားသား ပြောဆိုတတ်ပြီး လက်ရှိ ၀န်ကြီးချုပ် အန်န၀ါ အီဘရာဟင်နဲ့ သဘောထားချင်း တူညီမှုရှိတယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    ဆူလ်တန် အစ္စကန်ဒါရဲ့ ကြင်ယာတော်က မိဖုရား ရာဂျာ ဇာရစ် ဆူလ်တန် အီဒရစ်ရှား ဖြစ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်ကနေ တရုတ်ဆိုင်ရာလေ့လာရေးဘာသာရပ်နဲ့ ဘွဲ့ရထားပြီး ခင်ပွန်းသည်နဲ့ အမြင်ချင်းထပ်တူကျသူ ဖြစ်ပါတယ်။

    Ref: CNA

  • လူမျိုးရေးအခြေပြုစနစ်မှ လိုအပ်ချက်အခြေပြုစနစ်သို့ သွားမည်ဟု မလေး၀န်ကြီးချုပ်ပြော

    လူမျိုးရေးအခြေပြုစနစ်မှ လိုအပ်ချက်အခြေပြုစနစ်သို့ သွားမည်ဟု မလေး၀န်ကြီးချုပ်ပြော

    ဇွန် ၉၊ ၂၀၂၃

    M-Media 


    – မလေးရှားနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေပြီး ဒီလိုမလုပ်ဆောင်ရင် ရေရှည် ရှင်သန်နိုင်မှာ မဟုတ်ဘူးလို့ ၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်က ပြောကြားလိုက်ပါတယ်။ 

    အလ်ဂျာဇီးရား သတင်းဌာနဲ့ မကြာသေးခင်က အင်တာဗျူးအစီအစဥ်မှာ အန်၀ါရ်က သူ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ သဘောထားတွေကို ထုတ်ပြောခဲ့ပါတယ်။ 

    “အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်လာရင် ထိရောက်တဲ့ ပြောင်းလဲမှုတွေရှိဖို့ လုပ်ဆောင်ရမှာက ကျွန်တော့်ရဲ့တာ၀န်ပါ။ တိုင်းပြည်က တစ်စိတ်တစ်ပိုင်း ပျက်ဆီးနေပါတယ်။ ပြတ်သားတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ပြုပြင်ပြောင်းလဲမှု မရှိဘူးဆိုရင် မလေးရှားဟာ ရှင်သန်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး”

    လက်ရှိ လူမျိုးရေးအခြေပြုပြီး သွားနေတဲ့ နိုင်ငံရေးကို လိုအပ်ချက်အခြေပြု နိုင်ငံရေးပုံစံ ပြောင်းလဲဖို့ လိုအပ်တယ်လို့ ၀န်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    မလေးရှားနိုင်ငံရေးစနစ်အရ မလေးအပါအ၀င် ဌာနေလူမျိုးစုတွေဟာ အလုပ်အကိုင်၊ ပညာရေးနဲ့ အိမ်ယာစီမံကိန်းတွေမှာ တရုတ်နဲ့ အိန္ဒိယလူမျိုးစုတွေထက် အခွင့်အရေးတစ်ချို့ ပိုရပါတယ်။ 

    ခေတ်အဆက်ဆက် မလေးရှားအစိုးရတွေဟာ ဒီမူ၀ါဒနဲ့ တိုင်းပြည်က လူများစု မလေးလူမျိုးတွေကို ဆွဲဆောင်ထားကြတာပါ။

    အန်၀ါရ်ကတော့ ဒီမူ၀ါဒကို အစိုးရတာ၀န်ရှိသူတွေ၊ သူတို့နဲ့ပတ်သက်တဲ့ ခရိုနီတွေက အမြတ်ထုတ်နေကြပြီး သာမန် မလေးပြည်သူလူထု အမှန်တကယ် အကျိုးခံစားရလားဆိုတာကို ဆန်းစစ်ဖို့ အချိန်တန်ပြီလို့ မှတ်ချက်ပေးပါတယ်။ 

    သူစဥ်စားတဲ့ လိုအပ်ချက်အခြေပြု မူ၀ါဒဟာ ပြည်သူလူထုကို အမှန်တကယ်အကျိုးရှိစေလိမ့်မယ်လို့လည်း ဆိုပါတယ်။ 

    လက်ရှိ အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ အန်၀ါရ်ဟာ ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် လက်ထက် ၁၉၉၀ ပြည့်နှစ်တွေကတည်းက မလေးရှားနိုင်ငံရေးလောကမှာ ကျော်ကြားခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာတော့ ရာဇ၀တ်မှုတွေနဲ့ ထောင်ချခံခဲ့ရပါတယ်။ 

    ဒီလိုအရေးယူခံရတာတွေဟာ နိုင်ငံရေးအရ ချောက်ချခံရမှုလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    အန်၀ါရ်အီဘရာဟင်ရဲ့ နိုင်ငံရေးပါတီဟာ ၂၀၁၈ ခုနှစ်မှာ ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဦးဆောင်တဲ့ ပါတီနဲ့ ပူးပေါင်းကာ အန်န၀ါရ်လည်း ထောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။ 

    ၂၀၂၂ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ အန်၀ါရ်ရဲ့ Pakatan Harapan ပါတီဟာ မဲအများဆုံးရခဲ့ပြီး မဟာမိတ်တွေနဲ့ပေါင်းကာ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ဘင်္ဂလားဒေ့ရှ်အလုပ်သမားဗီဇာကိစ္စ မသမာမှုများကို မလေးရှား စတင်ဖော်ထုတ်

    ဘင်္ဂလားဒေ့ရှ်အလုပ်သမားဗီဇာကိစ္စ မသမာမှုများကို မလေးရှား စတင်ဖော်ထုတ်

    မတ် ၂၁၊ ၂၀၂၃

    M-Media 


    -ဘင်္ဂလားဒေ့ရှ်က အလုပ်သမားတွေ၊ အလည်လာသူတွေကို ဗီဇာထုတ်ပေးရာမှာ ခြစားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ လူ ၂ ဦးကို မလေးရှားအစိုးရက ဖမ်းဆီးလိုက်ပါတယ်။ 

    ဒါကာမြို့ မလေးရှားသံရုံးက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ ဖြစ်ပါတယ်။ မလေးရှား ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ MACC ဟာ လက်ရှိမှာ နိုင်ငံခြားအလုပ်သမား ဗီဇာထုတ်ပေးမှုကိစ္စကို အသေးစိတ် စုံစမ်းစစ်ဆေးနေတာပါ။ 

    ဖမ်းဆီးထားသူ ၂ ဦးရဲ့ ဘဏ်ငွေစာရင်း အ၀င်၊ အထွက်မှာ သံသယဖြစ်ဖွယ်တွေ့ရှိရာကနေ စုစုပေါင်း မလေးရှားရင်းဂစ် ၃.၁ သန်း ပမာဏရှိမယ့် ဘဏ်အကောင့်ပေါင်း ၂၀ ကျော်ကို MACC က ပိတ်ခိုင်းခဲ့ပါတယ်။ 

    MACC အကြီးအကဲ အဇမ် ဘာကီက ဒီအမှုနဲ့ဆက်စပ်ပြီး နောက်ထပ် ဖမ်းဆီးတာတွေ ရှိလာနိုင်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    လက်ရှိမှာ စီတီ လီယာနာ ဆာကီဂျန်ဆိုတဲ့ အမျိုးသမီးတစ်ဦးကို အမှုအတွက် အလိုရှိကြောင်း MACC က ထုတ်ပြန်ထားပါတယ်။ 

    နိုင်ငံခြားအလုပ်သမား ခေါ်ယူခန့်ထားရေးကိစ္စအတွက် MACC က စုံစမ်းစစ်ဆေးရာမှာ လူ့စွမ်းအား အရင်းအမြစ်၀န်ကြီး၊ သူ့လက်အောက်က အရာရှိတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတို့ကို MACC က ပြီးခဲ့တဲ့တစ်ပတ်မှာ ခေါ်ယူမေးမြန်းခဲ့ပါတယ်။ 

    Ref: Free Malaysia Today 

  • လူမျိုးရေးခေါင်းစဥ်ဖြင့် နိုင်ငံရေးလာကထဲ ပြန်၀င်လာရန် မလေးရှား သက်တော်ရှည်၀န်ကြီးချုပ်ဟောင်း စီစဥ်နေ

    လူမျိုးရေးခေါင်းစဥ်ဖြင့် နိုင်ငံရေးလာကထဲ ပြန်၀င်လာရန် မလေးရှား သက်တော်ရှည်၀န်ကြီးချုပ်ဟောင်း စီစဥ်နေ

    မတ် ၂၊ ၂၀၂၃

    M-Media 


    -မလေးရှား၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ အခုနှစ်အတွင်း ကျင်းပြုလုပ်မယ့် ပြည်နယ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဥ်ပြိင်နိုင်ချေ ရှိနေပါတယ်။  

    မကြာသေးခင်ကမှ တည်ထောင်ခဲ့တဲ့ မလေးပါတီ Putra နဲ့ မဟာသီက ပူးပေါင်းထားပြီး အကြံပေးအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။  

    ပါတီကိုယ်စားလှယ်အဖြစ် ပြည်နယ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဥ်ပြိင်ရေး ပါတီခေါင်းဆောင်တွေနဲ့ မကြာခင်ပြုလုပ်မယ့် အစည်းအ၀ေးမှာ ဆုံးဖြတ်မယ်လို့ မဟာသီက ပြောပါတယ်။ 

    Putra ပါတီထဲ၀င်ပြီး နိုင်ငံရေးထဲ ပြန်လည်၀င်ရောက်လာတာဟာ မလေးလူမျိုးတွေအတွက်ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

    “အသက် ၉၇ နှစ်ရှိနေပေမယ့် နှလုံးသားက မလေးလူမျိုးတွေအတွက် တိုက်ပွဲ၀င်ချင်နေတုန်းပါ။ သေတဲ့အထိ မလေးတွေအတွက် တိုက်ပွဲ၀င်သွားမယ်။ လူမျိုးရေးသမားလို့ ခေါ်ရင်လည်း ခေါ်ကြပါစေ” 

    မလေးလူမျိုးတွေဟာ နိုင်ငံရဲ့စီးပွားရေးမှာ လွှမ်းမိုးမှုမရှိတော့ဘဲ နိုင်ငံရေးအာဏာကိုလည်း လက်လွှတ်လိုက်ရပြီလို့ မဟာသီက မှတ်ချက်ပေးပါတယ်။ 

    အသေးစားစီးပွားရေးလုပ်ငန်းတွေကို နိုင်ငံခြားက၀င်လာသူတွေ သိမ်းသွားပြီလို့လည်း မဟာသီက စွပ်စွဲပါတယ်။ 

    “စျေးတွေဆိုင်တွေကို နိုင်ငံခြားက ၀င်လာသူတွေ ၀ယ်လိုက်ကြပြီ။ မလေးလူမျိုးတွေအတွက် ဘာကျန်တော့မလဲ။ စီးပွားရေးနဲ့ နိုင်ငံရေးကို မထိန်းချုပ်နိုင်ဘူး။ ရှေ့ဆက်ပြီး သွေးကွဲနေကြအုံးမယ်ဆိုရင် မလေးလူမျိုးတွေရဲ့ အနာဂတ်ဟာ တောက်ပလာမှာ မဟုတ်ပါဘူး”

    မဟာသီယာ မိုဟာမက်ဟာ ၀န်ကြီးချုပ်ရာထူးကို ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိတစ်ကြိမ်၊ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ တစ်ကြိမ် တာ၀န်ထမ်းဆောင်ဖူးပြီး မလေးရှားနိုင်ငံသမိုင်းမှာ သက်တမ်းအရှည်ဆုံး ၀န်ကြီးချုပ်အဖြစ် မှတ်တမ်း၀င်ပါတယ်။ 

    Ref: The News Strait Times 

  • ထိုမ်၀မ်နာမည်ကြီးအဆိုတော်နဲ့ ပြဿနာတက်နေတဲ့ မလေးရှားဘောလုံး ပရိတ်သတ်များ

    ဇန်န၀ါရီ ၇၊ ၂၀၂၂

    M-Media 


    -ထိုင်၀မ်က နာမည်ကြီးအဆိုတော် ဂျေးချိုဟာ မလေးရှား ဘောလုံး ပရိတ်သတ်တွေရဲ့ ၀ေဖန်မှုကို ခံနေရပါတယ်။ 

    ဂျေးချိုဟာ ဇန်န၀ါရီ ၁၅ ရက်နေ့ ကွာလာလမ်ပူမြို့က ဘူကစ်ဂျာလီ အားကစားကွင်းမှာ ရှိုးပွဲလုပ်ဖို့ စီစဥ်ထားတာပါ။ 

    မလေးရှားဘောလုံးအသင်းက ဒီဇင်ဘာ ၇ ရက်နေ့မှာ AFF Championship ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ထိုင်းအသင်းနဲ့ ဘူကစ်ဂျာလီကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ 

    ဘူကစ်ဂျာလီကွင်းဟာ ပရိတ်သတ် ၈၇၄၁၁ ဦး ဆံ့ပေမယ့် မလေးရှားဘောလုံးအဖွဲ့ချုပ်က လက်မှတ် ၅၉၀၀၀ သာ ရောင်းချထားပါတယ်။  ဂျေးချိုရဲ့ ပွဲအတွက် ထိုင်ခုံတွေဖြုတ်ပြီး စတိတ်စင်ဆောက်ရတာကြောင့် ထိုင်ခုံတွေ လျော့နည်းသွားတာပါ။

    ဒီကိစ္စကို မလေးရှားဘောလုံးပရိတ်သတ်တွေက မကျေနပ်ဘဲ ဂျေးချိုရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ သွားရောက်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ 

    ဂျေးချိုကတော့ ရှိုးပွဲကို သူ့ဖက်က ဆိုင်းငံ့ပေးထားနိုင်ပေမယ့် ပွဲစီစဥ်သူတွေနဲ့ မလေးရှားဘောလုံးအဖွဲ့ချုပ်တို့က ဒါမျိုး လုပ်ပေးနိုင်မလားဆိုတာ အရင်မေးဖို့ Instagram စာမျက်နှာကနေတစ်ဆင့် မလေးရှား ဘောလုံးပရိတ်သတ်တွေကို တုန့်ပြန်ခဲ့ပါတယ်။ 

    မလေးရှား အားကစားနဲ့ လူငယ်ရေးရာ၀န်ကြီး ဟန်နာယိုက Twitter  စာမျက်နှာကနေတစ်ဆင့် ဒီကိစ္စကို ဖြေရှင်းထားပါတယ်။ 

    ဂျေးချိုဟာ ရှိုးပွဲအတွက် လွန်ခဲ့တဲ့ ၄ နှစ် ၂၀၁၉ မတ်လ ၁၉ ရက်နေ့ကတည်းက ဘောလုံးကွင်းကို ကြိုငှားထားတာဖြစ်ပြီး မလေးရှားဘောလုံးအဖွဲ့ချုပ်က ၂၀၂၀ ခုနှစ် သြဂုတ်လမှ ကွင်းကို ငှားရမ်းတာလို့ ရေးသားခဲ့ပါတယ်။

    “ရှိုးပွဲရော၊ ဘောလုံးပွဲပါ နိုင်ငံတကာနဲ့ဆိုင်တဲ့ ကိစ္စဖြစ်ပြီး အစိုးရအတွက် လုပ်ရကိုင်ရခက်တဲ့ အရာတွေပါ။ နိုင်ငံတကာရှိုးပွဲတစ်ခုကို လွယ်လွယ်ကူကူနဲ့ ဖျက်ပစ်လို့ မရပါဘူး” လို့ The New Straits Times သတင်းဌာနကို ဟန်နာယိုက ပြောကြားခဲ့ပါတယ်။

    AFF ဆီမီးဖိုင်နယ်ပွဲကြောင့် ဂျေးချိုဟာ ပွဲကို အရင်ကတည်းက ၂ ရက် နောက်ဆုတ်ပေးထားပြီးသား ဖြစ်ပါတယ် 

    Ref: CNA