News @ M-Media

Tag: Myanmar Military

  • မြန်မာစစ်ခေါင်းဆောင်များကို လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်ဖြင့် တရားစွဲရန် ကုလ တိုက်တွန်း

    မြန်မာစစ်ခေါင်းဆောင်များကို လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်ဖြင့် တရားစွဲရန် ကုလ တိုက်တွန်း

    သြဂုတ် ၂၇၊ ၂၀၁၈
    M-Media

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    – ရိုဟင်ဂျာနဲ့ နိုင်ငံအတွင်းက အခြားသော တိုင်းရင်းသား လူနည်းစုတွေအပေါ် ကျူးလွန်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇ၀တ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ တရားစွဲဆိုရမယ်လို့ ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အဲဒီအချက်အလက် ရှာဖွေရေးအဖွဲ့ကို ၂၀၁၇ ခုနှစ် မတ်လက ကုလ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံတစ်ဝှမ်းက တိုင်းရင်းသားတွေ၊ လူနည်းစုတွေ ကျူးလွန်ခံနေရတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့ ရည်ရွယ်ပါတယ်။ မြန်မာအစိုးရက ဒီအဖွဲ့ကို လက်မခံသလို ပြည်ဝင်ခွင့်လည်း မပေးပါဘူး။

    အဖွဲ့ခေါင်းဆောင် မာဇူကီ ဒါရုစ်မန်က သူ့အဖွဲ့က စုံစမ်းစစ်ဆေးရေးမှုးတွေဟာ မျက်မြင်သက်သေတွေ၊ ကျူးလွန်ခံရသူ ၈၇၅ ဦးကို အင်တာဗျူးမှု၊ ဂြိုဟ်တုဓာတ်ပုံတွေ၊ အထောက်အထားခိုင်မာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို အခြေခံကာ အချက်အလက် တော်တော်များများကို ရရှိခဲ့တယ်လို့ ဒီကနေ့ ဂျီနီဗာမှာ ပြောကြားခဲ့ပါတယ်။

    စုံစမ်းလေ့လာမှုတွေအရ မြန်မာစစ်တပ်ရဲ့ ဆောင်ရွက်မှုတွေဟာ ‘နိုင်ငံတကာ ဥပဒေအရ အဆိုးရွားဆုံးလို့ သတ်မှတ်ထားတဲ့ ရာဇ၀တ်မှုတွေ မြောက်နေတယ်ဆိုတာ သံသယဖြစ်စရာမလိုဘူး’ လို့ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကျူးလွန်ခံရသူတွေဟာ သူ့ရဲ့ဘ၀မှာ ကြုံဖူးခဲ့သမျှ ‘အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံစားခဲ့ရတယ်’ လို့ မာဇူကီက ဆိုပြီး ‘ဒါတွေဟာ ကျန်လူတွေရဲ့ ဘ၀တစ်လျှောက်လုံးမှာ စိတ်အမာရွတ်အဖြစ် ကျန်ရှိသွားမှာဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာစစ်တပ်ဟာ ‘လူ့အသက်တွေကို လုံးဝ အလေးမထားခဲ့သလို’ ‘ဆိုးရွားလွန်းတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ’ ကို လုပ်ဆောင်ခဲ့တယ်လို့လည်း မာဇူကီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့က ကျူးလွန်မှုတွေအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအ၀င် စစ်ခေါင်းဆောင် ၆ ဦးကို စုံစမ်းစစ်ဆေးကာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ တရားစွဲဆိုရမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အစီရင်ခံစာမှာ တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်ကို အဓိကထား ဖော်ပြထားပေမယ့် အခြား လုံခြုံရေးတပ်ဖွဲ့တွေလည်း ကျူးလွန်မှုတွေမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

    “တွေ့ရာမြင်ရာ သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ ကလေးငယ်တွေကို ညှင်းပမ်းစော်ကားတာ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို တရားမျှတကြောင်း ပြောဆိုတာဟာ စစ်တပ်က လုပ်ရမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်တပ်ရဲ့ လုပ်ဆောင်ချက်ဗျူဟာတွေဟာ အမှန်တကယ် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုကို တုန့်ပြန်တာထက် အများကြီးကို ဆိုးရွားလွန်လွန်းနေပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ခရစ္စတိုဖာ ဆီဒိုတီက အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို အရေးယူဖို့အတွက် ကုလလုံခြုံရေးကောင်စီနဲ့ ကုလအထွေထွေညီလာခံကို တိုက်တွန်းခဲ့ပါတယ်။

    အစီရင်ခံစာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝေဖန်ခဲ့ပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေကို တားဆီးမှုမရှိဘူးလို့ ပြစ်တင်ထားပါတယ်။

    ကုလဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ အစီရင်ခံစာဟာ တစ်ဖက်သက်အချက်အလက်ကို အခြေခံရေးထားတာဖြစ်ပြီး၊ မြန်မာအစိုးရကိုယ်တိုင်က အချက်အလက်ရှာဖွေရေးအဖွဲ့ကို လက်မခံကြောင်း၊ မိမိတို့ရဲ့ ရပ်တည်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဘီဘီစီသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

    Ref: Aljazeera, BBC

  • ရှမ်းပြည်နယ်တွင် မြန်မာစစ်တပ်က ဖမ်းသွားသည့် အမျိုးသမီး ၆ ဦးကို သေဆုံးလျက် ပြန်တွေ့

    ရှမ်းပြည်နယ်တွင် မြန်မာစစ်တပ်က ဖမ်းသွားသည့် အမျိုးသမီး ၆ ဦးကို သေဆုံးလျက် ပြန်တွေ့

    ဇူလိုင် ၁၈၊ ၂၀၁၈
    M-Media

    ပြန်လည်တွေ့ရှိခဲ့ရသည့် အလောင်းများ

    – ရှမ်းပြည်နယ်က မြန်မာစစ်တပ်နဲ့ တအောင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA) တို့ရဲ့  တိုက်ပွဲအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးသွားတယ်လို့ဆိုတဲ့ အမျိုးသမီး ကျန်းမာရေးဝန်ထမ်း ၆ ဦးရဲ့အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့ပြီး တအောင်းလက်နက်ကိုင်အဖွဲ့က မြန်မာစစ်တပ်ရဲ့လက်ချက်ဖြစ်တယ်လို့ မနေ့က စွပ်စွဲပြောကြားလိုက်ပါတယ်။

    TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က အဲဒီ အမျိုးသမီး ၆ ဦးဟာ သူတို့အဖွဲ့နဲ့ မြန်မာစစ်တပ်က ခြေမြန်တပ်ရင်း ၃၀၁ အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ပြန်ပေးဆွဲခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

    “မန်းတန်မြို့နယ်က အာလောရွာမှာ အစိုးရစစ်တပ်က ဇူလိုင် ၁၁ ရက်နေ့မှာ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ တပ်သားတစ်ဦး သေဆုံးပြီး၊ အမျိုးသမီး ကျန်းမာရေ၀န်ထမ်း ၆ ဦး ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။ အဲဒီအမျိုးသမီး ၆ ဦးနဲ့ တပ်သားတစ်ဦးတို့ရဲ့အလောင်းတွေကို စုပေါင်းမြှုပ်နှံထားတဲ့နေရာကို ဇူလိုင် ၁၄ ရက်နေ့မှာ တွေ့ခဲ့ရပါတယ်”

    ဇူလိုင် ၁၄ ရက်နေ့က တွေ့ရှိခဲ့တဲ့ အဲဒီအမျိုးသမီးတွေရဲ့ အလောင်းမှာ ၂ ဦးက သေနတ်ဒဏ်ရာ ရရှိထားပြီး၊ အခြား ၄ ဦးမှာ ဓားဒဏ်ရာ၊ ရိုက်နှက်မှုကြောင့်ဖြစ်ထားတဲ့ ဖူးယောင်ဒဏ်ရာတွေကို တွေ့ခဲ့ရတယ်လို့ TNLA ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    တိုက်ခိုက်မှုအတွင်း အခြားတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရခဲ့ပြီး အသက်ဘေးကနေ လွတ်မြောက်အောင် ထွက်ပြေးလာကာ ပြန်ပေးဆွဲခံရမှုကို သတင်းပို့ခဲ့ကြောင်း၊ အဒီအမျိုးသမီးတွေဆီက သေနတ် ၃ လက်ကို အစိုးရစစ်သားတွေက ယူဆောင်သွားကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

    အသတ်ခံရတဲ့အမျိုးသမီးတွေရဲ့ အလောင်းတွေကို အနီးအနားမှာ နေထိုင်သူတွေက တွေ့ရှိခဲ့ပြီး မြှုပ်နှံခဲ့တယ်လို့လည်း TNLA က သူတို့ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစိုးရစစ်တပ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာတွေ မရှိသးပါဘူး။

    Ref: RFA

  • မြန်မာအစိုးရ၏ မြေယာပြုပြင်ပြောင်းလဲရေး ထိရောက်မှုမရှိဟု HRW ဝေဖန်

    မြန်မာအစိုးရ၏ မြေယာပြုပြင်ပြောင်းလဲရေး ထိရောက်မှုမရှိဟု HRW ဝေဖန်

    ဇူလိုင် ၁၇၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်းမှာဖြစ်နေတဲ့ တရားမ၀င် မြေသိမ်းယာသိမ်း ကိစ္စတွေကို ဖြေရှင်းဖို့၊ ထိခိုက်ခံစားရသူတွေကို လျော်ကြေးပေးဖို့၊ ဒီလို သိမ်းဆည်းလို့မရအောင် ဥပဒေထုတ်ပြန်တားဆီးဖို့အတွက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

    ဒီကနေ့ထုတ်ပြန်တဲ့ ၃၃ မျက်နှာပါ အစီရင်ခံစာမှာ HRW က မြန်မာအစိုးရနဲ့ စစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း လယ်သမားတွေထံကနေ လယ်ယာမြေ အမြောက်များကို သိမ်းဆည်းခဲ့ပြီး ‘နစ်နာကြေး လုံးဝမပေးတာ၊ ရသင့်ရထိုက်သလောက် မပေးတာတွေ’ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    “မြန်မာနိုင်ငံတစ်ဝှမ်း လယ်ယာတွေသိမ်းယူမှု ကျယ်ကျယ်ပြန့်ပြန် ဖြစ်ပေါ်ခဲ့တာဟာ ကျေးလက်လူ့အဖွဲ့အစည်းတွေကို ဆယ်စုနှစ်နဲ့ချီ ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ ဖီလ်ရောဘတ်ဆန်က ပြောကြားခဲ့ပါတယ်။

    စစ်အစိုးရလက်ထက်မှာ မြေယာသိမ်းတာတွေဟာ အဓိကပြဿနာတစ်ခု ဖြစ်ခဲ့ပြီး လယ်သမားတွေနဲ့ အရပ်သားတွေဆီက မြေယာပေါင်း ဟက်တာ ၈ သိန်းထက်မနည်း သိမ်းခဲ့တယ်လို့ ခန့်မှန်းဖော်ပြကြပါတယ်။ လျော်ကြေး ထိုက်သင့်သလောက်မရလို့ တောင်းဆိုတဲ့ လယ်သမားတွေ၊ မြေတွေကနေ မဖယ်ပေးတဲ့သူတွေဟာလည်း တရားစွဲဆို ခံခဲ့ရပါတယ်။

    ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးက လယ်သမားတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ဆုံးရှုံးရမှု ကျန်းမာရေးစောင့်ရှောက်မှု မရတာ၊ ကလေးငယ်တွေ ပညာရေးအခွင့်အလမ်း ဆုံးရှုံးရမှုတွေကို HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အစိုးရက လတ်တလောနှစ်တွေမှာ ဆောင်ရွက်ခဲ့တဲ့ မြေယာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကိုလည်း HRW က ဝေဖန်ခဲ့ပြီး ထောင်နဲ့ချီတဲ့ လယ်သမားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

    “သူတို့ရဲ့မြေတွေ ပြန်ရဖို့၊ နစ်နာကြေးရဖို့ စောင့်ဆိုင်းနေရတဲ့အတွက် နိုင်ငံတစ်ဝှမ်းက ရာနဲ့ချီတဲ့ လယ်သမားတွေဟာ စိတ်ပျက်နေကြပြီး အစိုးရကိုဆန့်ကျင်ဆန္ဒပြပွဲ ကျင်းပမှု၊ ပါဝင်မှု၊ သူတို့ပိုင်တယ်လို့ ပြောကြတဲ့ မြေကို ၀င်ရောက်မှုတွေအတွက် တရားစွဲဆို ခံရတာတွေလည်း ရှိပါတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

    မြေယာအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို တရားလက်လွတ်ဖမ်းဆီးတာတွေ ရပ်တန့်ဖို့၊ မြေယာသိမ်းဆည်းခံရမှုကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီး ဖမ်းဆီးခံထားရတဲ့သူတွေကို ချက်ခြင်း လွှတ်ပေးဖို့အတွက် HRW က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    ဒါ့အပြင် မြေယာပြုပြင်ပြောင်းလဲရေးလုပ်မယ်လို့ ကျွေးကြော်ကာ မြန်မာအစိုးရရဲ့ အရူးလုပ်ခြင်းကို မခံဖို့လည်း HRW က အလှူရှင်နိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။

    “အရင်က မတရား မြေသိမ်းခံခဲ့ရတဲ့သူတွေရဲ့ ကိစ္စကို မြန်မာအစိုးရက ဖြေရှင်းဖို့ လိုအပ်ပြီး၊ အသစ်ထွက်လာမယ့် ဥပဒေတွေဟာ အနာဂတ်မှာ လယ်သမားမိသားစုတွေရဲ့ အခွင့်အရေးတွေကို အသေအချာ ကာကွယ်ပေးနိုင်အောင် ဆောင်ရွက်ဖို့လည်း လိုပါတယ်” လို့ ရောဘတ်ဆန်က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • မြန်မာနိုင်ငံကို လူကုန်ကူးမှု အဆိုးဆုံး ကျူးလွန်သူစာရင်းတွင် အမေရိကန် ထည့်သွင်း

    မြန်မာနိုင်ငံကို လူကုန်ကူးမှု အဆိုးဆုံး ကျူးလွန်သူစာရင်းတွင် အမေရိကန် ထည့်သွင်း

    ဇွန် ၂၉၊ ၂၀၁၈
    M-Media

    – အမေရိကန်နိုင်ငံက ထုတ်ပြန်တဲ့ ကမ္ဘာ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အဆိုးရွားဆုံးလူကုန်ကူးမှုကျူးလွန်တဲ့ နိုင်ငံစာရင်းမှာ ထည့်သွင်းထားပြီး ကလေးစစ်သားတွေကို ဆက်လက်အသုံးပြုနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    Trafficking in Persons လို့ အမည်ပေးထားတဲ့ အဲဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ‘အဆင့် ၃’ မှာ အိမ်နီးချင်း လာအို၊ တရုတ်၊ မြောက်ကိုရီးယားတို့နဲ့အတူ ပါဝင်နေပါတယ်။ ‘အဆင့် ၃’ ဟာ လူကုန်ကူးမှုကို တားဆီးဖို့ အနိမ့်ဆုံးသတ်မှတ်ချက် မပြည့်တဲ့၊ ပြည့်မီအောင် မလုပ်ဆောင်တဲ့ နိုင်ငံတွေကို ထည့်သွင်းတာ ဖြစ်ပါတယ်။

    လူကုန်ကူးမှုတိုက်ဖျက်ရေး နိုင်ငံတကာစံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်မှုရှိလားဆိုတာကို စီစစ်ကာ အမေရိကန်က နိုင်ငံ ၁၈၇ ကို အဆင့်သတ်မှတ်တာ ဖြစ်ပြီး လူကုန်ကူးမှုကိစ္စမှာ အပြည့်စုံဆုံး အစီရင်ခံစာလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီလိုအဆင့်သတ်မှတ်မှုကို အမေရိကန်က နိုင်ငံရေးအရ အသုံးချမှုတွေ ရှိတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။

    မြန်မာနိုင်ငံ အဆင့်ကျင်ဆင်းသွားရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ရခိုင်ပြည်နယ်အတွင်း စစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာတွေ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတာလည်း ပါဝင်ပါတယ်။

    မြန်မာနိုင်ငံအတွင်း စစ်တပ်နဲ့ တပ်မတော်တို့ဟာ ကလေးစစ်သားတွေကို ဆက်လက်စုဆောင်းနေဆဲဖြစ်ကြောင်း၊ ဒီကိစ္စ ရပ်တန့်အောင် ဆောင်ရွက်ရာမှာ အာဏာပိုင်တွေက ကုလရဲ့ ပါဝင်မှုကို တားဆီးကြောင်း၊ မတည်ငြိမ်တဲ့ ဒေသတွေမှာ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကြောင့် ကလေးငယ်တွေကို လူသစ်စုဆောင်းမှုဟာ မြင့်တက်လာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ၊ ရခိုင်တွေ၊ ရှမ်းတွေ၊ ကချင်တွေဟာ စစ်တပ်ရဲ့ အဓမ္မ လုပ်အားခိုင်းစေမှုကို ခံရနိုင်တဲ့ အန္တရာယ်တွေရှိကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။

    လိင်ကုန်ကူးမှုနဲ့ လုပ်အားခေါင်းပုံဖြတ်မှုမှာ အစိုးရအာဏာပိုင်တွေ ပါဝင်နေပြီး၊ ကျူးလွန်သူတွေကို ဥပဒေစိုးမိုးရေးအဖွဲ့က ဖမ်းဆီးအရေးယူဖို့ ကြိုးစားမှုတွေ နှောက်ယှက်ခံနေရကြောင်း၊ လူကုန်ကူးမှုမှာ ပါဝင်တဲ့ တာဝန်ရှိသူတွေကို ရာဇ၀တ်မှုဆိုင်ရာ အရေးယူမှုတွေလုပ်ဖို့ အစိုးရက ဆောင်ရွက်မှုတစ်ချို့ ရှိတာကို တွေ့ရပြီး၊ အဓမ္မ လုပ်အားခိုင်းစေမှု၊ ကလေးလုပ်သား ကိစ္စတွေကို ဖြေရှင်းဖို့ အရပ်ဖက်တရားရုံးတွေရဲ့ ကြိုးစားမှုတွေမှာ စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုက အဟန့်အတားဖြစ်နေကြောင်းလည်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    လူကုန်ကူးမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က အာရုံစိုက် ဆောင်ရွက်နေတာတွေဟာ လိင်ကုန်ကူးမှု၊ တရုတ်အမျိုးသားတွေနဲ့ အဓမ္မလက်ထပ်ခိုင်းပြီး အိမ်အကူအဖြစ် ခိုင်းစေမှုတွေ ဖြစ်တယ်လို့လည်း အမေရိကန်က ဆိုပါတယ်။

    Ref: Frontier Myanmar

  • စစ်တပ်က အာဏာသိမ်းနိုင်ခြေကို ရှောင်လွှဲအောင် ကုလကိုယ်စားလှယ် ဘယ်လိုကြိုးစားခဲ့သလဲ

    စစ်တပ်က အာဏာသိမ်းနိုင်ခြေကို ရှောင်လွှဲအောင် ကုလကိုယ်စားလှယ် ဘယ်လိုကြိုးစားခဲ့သလဲ

    ဇွန် ၂၃၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဟာ အရပ်သားအစိုးရ အကြီးအကဲ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား မရည်ရွယ်ဘဲ သင့်မြတ်ရေး ဆောင်ရွက်ပေးသူ ဖြစ်လာခဲ့ပါတယ်။ ရခိုင်ကိစ္စကို အစိုးရက ကိုင်တွယ်မှု၊ အသက်အန္တရာယ်ကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြးသွားရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွ နေရပ်ပြန်လာရေး စတာတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အရင်က ပြုလုပ်ခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ ဒီခေါင်းဆောင်နှစ်ဦး အကြားထိပ်တိုက် အခြေအတင်ဖြစ်ခဲ့ပြီး တင်းမာမှုလည်း မြင့်တက်လာခဲ့ပါတယ်။

    အဲဒီလို တင်းမာမှုဖြစ်နေတဲ့ အချိန်မှာပဲ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဆွစ်ဇာလန်သံတမန် ခရစ္စတိုင်း ရှရာနာ ဘာဂီနာဟာ တာဝန်ပေးအပ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ ကြာသာပတေးနေ့မှာ အဆုံးသတ်ခဲ့တဲ့ သူမရဲ့ တရားဝင်ခရီးစဉ်မှာ ဘာဂီနာဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ စစ်တပ်အကြီးအကဲတွေ အပါဝအ၀င် အဓိကပုဂ္ဂိုလ် တော်တော်များများနဲ့ တွေ့ဆုံခဲ့ပါတယ်။ ခရီးစဉ်အတွင်း အသေးစိတ် ဒူးတိုက်ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦးကြားက တင်းမာမှု လျော့ပါးရေး အကူအညီ ဖြစ်စေခဲ့ပါတယ်။ ကုလနဲ့ မြန်မာနိုင်ငံအကြား ပိုမို အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ်တွေကို သူမက ချပေးခဲ့ပါတယ်။

    နယ်ခြားစောင့်တပ်ဖွဲ့တွေ သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း ရခိုင်ပြည်နယ်မှာ စစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း ကျူးလွန်းခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသား စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းကြောင်း အစိုးရက ကြေငြာပြီးတဲ့နောက်ပိုင်း မကြာခင်မှာပဲ လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးတစ်ခု ပေါ်ပေါက်လာပါတယ်။ ဒုက္ခသည်တွေ ပြန်လာရေး၊ နေရာချထားရးနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရက ကုလနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ၂ ရက်အကြာမှာ ဒီအစည်းအဝေး ဖြစ်လာခဲ့တာပါ။

    နားလည်မှုစာချွန်လွှာရဲ့ အသေးစိတ် အချက်အလက်တွေကို ကြေငြာခြင်း မရှိသေးပေမယ့် ဒေသခံ ရခိုင်ပြည်သူတွေနဲ့ စစ်တပ်အကြား ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယတွေ၊ ဒေါသတွေ ဖြစ်လာခဲ့ပါတယ်။ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေအကြား ခွဲပြဲသွားမှာကို စိုးရိမ်တဲ့အတွက် အစိုးရဟာ အခုအချိန်အထိ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် ဒီလိုလျှို့ဝှက်ထားတာဟာ ထင်သလို ကောင်းမလာနိုင်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံကို ကုလအထူးကိုယ်စားလှယ်က နားချနိုင်ခဲ့တာကြောင့် လာမယ့်ရက်အနည်းငယ်အတွင်းမှာ နားလည်မှုစာချွန်လွှာ အသေးစိတ်ကို ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။

    အရပ်သားအစိုးရနဲ့ စစ်တပ်အကြား အဓိက အငြင်းပွားတဲ့ကိစ္စဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမှုနဲ့ နိုင်ငံခြားကျွမ်းကျင်သူတစ်ဦး ကော်မရှင်မှာ ထည့်သွင်းဖို့ အဆိုပြုတဲ့ကိစ္စ ဖြစ်ပါတယ်။

    “စစ်တပ်က ဒါကို လုံးဝ မနှစ်မြို့ဘူးဗျ” လို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ အဆက်အသွယ်ရှိတဲ့ စစ်ဖက် အကြီးတန်းအရာရှိဟောင်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

    “ဒါဟာ စည်းဖောက်မှုတစ်ခုပါ” လို့ သူက အပြတ်ကိုပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံမှုမှာ ဗိုလ်ချုပ်မှုးကြီးဟာ ဒေါသတကြီး တုန့်ပြန်ခဲ့ပြီး အာဏာသိမ်းမယ်လို့တောင် ခြိမ်းခြောက်ခဲ့တယ်လို့ စစ်တပ်အတွင်းစည်းနဲ့ နီးစပ်တဲ့ ရင်းမြစ်တော်တော်များများက ပြောပါတယ်။ ခင်ဗျားအနေနဲ့ အစိုးရကို မစီမံနိုင်ဘူးဆိုရင် အခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း စစ်တပ်က အာဏာပြန်ယူရလိမ့်မယ်လို့ ဗိုလ်ချုပ်မှုကြီးက ပြောခဲ့ကြောင်း သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးကို ပြန်သိမ်းမှာလား၊ ဒါမှမဟုတ် ရခိုင်ပြည်နယ်ကိုပဲ သိမ်းမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တိုင်းပြည်ရဲ့လုံခြုံရေးဟာ ခြိမ်းခြောက်ခံနေရတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ယူဆရင် အခြေခံဥပဒေအရေ စစ်တပ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ဖြစ်၊ ပြည်နယ်အလိုက်ဖြစ်ဖြစ် ‘အုပ်ချုပ်ရေးအာဏာ’ ကို ရယူနိုင်ပါတယ်။ တကယ်တော့ ၂၀၁၂ ခုနှစ် နှောင်းပိုင်းကစပြီး စစ်တပ်ဟာ သမ္မတဦးသိန်းစိန်ရဲ့ သဘောတူညီချက်နဲ့အတူ ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ခေါင်းစဉ်နဲ့ ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။

    ကတိုက်ကရိုက်နဲ့ ပြီးဆုံးသွားတဲ့ အဲဒီးအစည်းဝေး နောက်ပိုင်းမှာ နှစ်ဖက်စလုံးဟာ ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် ပြင်ဆင်လာခဲ့ကြပါတယ်။ စစ်တပ်ဟာ အဓိကမြို့ကြီးတွေရဲ့ စစ်မျက်နှာမှာ ချထားတဲ့ တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းခဲ့ပြီး ရခိုင်ကလွဲလို့ အခြားနယ်စပ်ဒေသတွေက စစ်ဆင်ရေးတွေကိုလည်း ရပ်ဆိုင်းခဲ့ကာ နေပြည်တော်မှာ ထိပ်တိုက်တွေ့ဆုံမှုကို ပိုမိုအာရုံစိုက်နိုင်ရေးအတွက် ဖြစ်ပါတယ်။

    “လနဲ့ချီကြာနိုင်ပေမယ့် စစ်တပ်ကလည်း ပြင်ဆင်ထားရမယ်” လို့ ထိပ်တန်း စစ်ဌာနချုပ်ကို အကြံပေးနေတဲ့ စစ်ဖက်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

    တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်ဟာ ကချင်လွတ်မြောက်ရေးတပ် KIA ထိန်းချုပ်ရာဒေသ မြောက်ဖက်စွန်းစွန်းက KIA ရဲ့ အဓိကတပ်မဟာရှိတဲ့နေရာမှာ စစ်ဆင်ရေးကို ရပ်တန့်လိုက်ပြီး တပ်ဖွဲ့တွေကိုလည်း ပြန်ဆုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုတပ်ပြန်ဆုတ်တာဟာ တိုက်လို့ခိုက်လို့မကောင်းတဲ့ အနေအထားတွေကြောင့် စစ်တပ်က ပုံမှန်လိုလို စစ်ဆင်ရေး ရပ်ဆိုင်းလေ့ရှိတဲ့ မိုးရာသီကြောင့် ဖြစ်နိုင်တယ်လို့ ဒေသတွင်း စစ်ထောက်လှမ်းရေး ရင်းမြစ်တော်တော်များများက ဆိုပါတယ်။

    ဒါပေမယ့် ကုလအထူးကိုယ်စားလှယ် ကြားဝင်လာတာက အရပ်သားအစိုးရနဲ့ စစ်တပ်တို့အကြား လွန်ဆွဲမှုကို လျော့ပါးသွားစေပါတယ်။ အခုသီတင်းပတ်အစောပိုင်း သူမနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ရဲ့ အချိန်အတော်ကြာ ဆွေးနွေးမှုအတွင်း ဗိုလ်ချုပ်မှူးကြီးဟာ အမျိုးသား လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုအဖွဲ့မှာ နိုင်ငံခြားသား ပါဝင်နိုင်ရေး သဘောတူခဲ့ပါတယ်။ ဒါဟာ ဗိုလ်ချုပ်မှုကြီးရဲ့ သိသာတဲ့ အလျှော့ပေးချက်လို့ ထင်ရပေမယ့် တကယ်တော့ အလွန်ပါးနပ်မှုလို့ ဆိုရပါလိမ့်မယ်။

    တကယ်တော့ ဒီလိုလိုက်လျောလိုက်တာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်အတွက် ပန်းခင်းသောလမ်း ဖြစ်သွားပြီလို့ မဆိုနိုင်ပါဘူး။ မြန်မာနိုင်ငံ အနောက်ခြမ်းမှာ ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို ညှိနှိုင်းဖို့နဲ့ နိုင်ငံတကာရဲ့ အကြံဉာဏ် ပါဝင်စေဖို့အတွက် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာမှာ မြန်မာအစိုးရက ဖွဲ့စည်း ပေးခဲ့တဲ့ အကြံပေးအဖွဲ့ ခေါင်းဆောင် ဆူရာကီယတ် ဆတ်သီရာထိုင်းရဲ့ အကြံပေးမှုနဲ့ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဆတ်သီရာထိုင်းဟာ ထိုင်း ဒုတိယ၀န်ကြီးချုပ်ဟောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်း ဖြစ်ပါတယ်။

    အစိုးရ ထိပ်တန်းအလွှာက လူတွေနဲ့ ဆွေးနွေးမှု လချီပြုလုပ်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာကို ကိုယ်စားပြုမယ့် ပုဂ္ဂိုတစ်ဦးအပါအ၀င် လူ ၃ ဦးပါဝင်မယ့် ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် ကော်မရှင်ကို နိုင်ငံခြားသားက ဦးဆောင်မလားဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ ပါဝင်မယ့် နိုင်ငံခြားသားကို အခုအချိန်အထိ ရှာဖွေနေဆဲ ဖြစ်ပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့ တီမောလက်စ်တေ ၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး မကြာသေးခင်ကမှ နေပြည်တော်ကို လာရောက်လည်ပတ်သွားတဲ့ ဟိုဆေး ရာမို့စ် ဟောတာက တာဝန်ယူဖို့ ငြင်းဆန်ခဲ့ပြီးတဲ့နောက် အစိုးရဟာ လက်ရှိမှာ အခြားသူတွေကို တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပါတယ်။

    “ဒီကိစ္စဟာ ဆုပ်လည်းဆူး၊ စားလည်းရူးမယ့်ကိစ္စလို့ သူကပြောပါတယ်” လို့ မြန်မာနိုင်ငံကနေ ပြန်သွားတဲ့ ဟော်တာနဲ့စကားခဲ့တဲ့ သံတမန်တွေက ဖွင့်ဟခဲ့ပါတယ်။

    မြန်မာနိုင်ငံအခြေစိုက် လေ့လာဆန်းစစ်သူတွေ၊ သံတမန်တွေက “ကြီးတော်နွား အလကားကျောင်းပေးရမယ့် ဒီအလုပ်ကို” တာဝန်ယူမယ့် နိုင်ငံရပ်ခြားပညာရှင်မျိုး ရှာတွေ့မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ အစိုးရအတွင်းလူတစ်ဦးက တာဝန်ယူမယ့်လူတွေ ရှိနေတယ်လို့ ဆိုပါတယ်။ မစ္စတာ ဟော်တာကို ပထမဆုံး အကြံပြုခဲ့တာက ဆတ်သီရာထိုင်း ဦးဆောင်တဲ့ အကြံပေးအဖွဲ့ ဖြစ်ပြီး အာရှက ကိုယ်စားလှယ်တစ်ယောက်ကို ခန့်ထားသင့်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာက ပါဝင်ရင် အနောက်နိုင်ငံကလူ ဒါမှမဟုတ် မွတ်စလင်တစ်ယောက် မဖြစ်ရဘူးလို့ ခံယူထားတဲ့ စစ်တပ်ကို လေပြေထိုးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    လက်ရှိမှာ စစ်တပ်ဟာ အမျိုးသား စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးဆိုတဲ့ အယူအဆကို လက်ခံခဲ့ပြီး ဖြစ်တာကြောင့် ဘယ်သူပါရမယ်ဆိုတာက ပြဿနာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကော်မရှင်မှာ ပါဝင်သူတွေဟာ အစိုးရ၊ စစ်တပ်၊ ရခိုင်ဒေသခံတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်း စသဖြင့် ဘက်ပေါင်းစုံက လက်ခံနိုင်တဲ့သူ ဖြစ်ဖို့လို တယ်လို့ အကြံပြုကာ လူရွေးချယ်မှုမှာ သူတို့ပါဝင်မယ်လို့ တောင်းဆိုဖို့ ရှိနေပြီး အစိုးရကလည်း လုံးဝ လိုက်လျောမယ့်အနေထားဖြစ်ပါတယ်။ စစ်တပ်က ပူးပေါင်းဆောင်ရွက်မှသာ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုဟာ အဆုံးမှာ အောင်မြင်ပြီး၊ ယုံကြည်လောက်ဖွယ်ရာ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါဟာ နောက်ထပ် စောင့်
    ကြည့်သုံးသပ်ရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။

    အရပ်ဖက်နဲ့ စစ်ဖက်ခေါင်းတွေအကြား ဖြစ်လာတော့မယ့် ထိပ်တိုက်တွေ့မှုကို ကုလ ကိုယ်စားလှယ်က အောင်မြင်စွာ လမ်းလွှဲပေးနိုင်ခဲ့ပေမယ့် အာဏာသိမ်းမယ်လို့ စစ်တပ်က အနာဂတ်မှာ ခြိမ်းခြောက်လာနိုင်မှုဟာ လုံးဝ အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ ဒီခြိမ်းခြောက်မှုဟာ မပြောင်းလွဲ တည်ရှိနေအုံးမှာ ဖြစ်ပါတယ်။

    “လိုအပ်နေတာက အစိုးရနဲ့ စစ်တပ်အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ဖို့ ဖြစ်ပါတယ်” လို့ မြန်မာ စစ်ဖက်အရာရှိဟောင်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

    ဒီအချက်ဟာ ကုလ အထူးကိုယ်စားလှယ်အနေနဲ့ ပြေလည်အောင် ဖြေရှင်းရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ အရေးပါတဲ့ ဆောင်ရွက်ချက်တစ်ခုကို သူမ လုပ်ဆောင်နိုင်ခဲ့ပြီး ဒီလုပ်ငန်း ရှေ့ဆက်နိုင်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ မျှော်လင့်ရပါတယ်။ သူမဆောင်ရွက်ရမယ့် အခန်းကဏ္ဍတွေထဲမှာ ‘ကုလနဲ့ မြန်မာနိုင်ငံတို့အကြား ပေါင်းကူးတံတားထိုးပေးရေး’ ပါဝင်တယ်လို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    Ref: Bangkokpost

    (Bnagkokpost တွင်ဖော်ပြထားသည့် UN envoy averts possible military coup in Myanmar ဆောင်းပါးကိုလေးမောင်က ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)