News @ M-Media

Tag: Myanmar Military

  • အာဏာသိမ်းစစ်ကောင်စီကို လူရာသွင်းနိုင်ရေး ကမ္ဘောဒီးယား၏ကြိုးပမ်းမှု မအောင်မြင်

    အာဏာသိမ်းစစ်ကောင်စီကို လူရာသွင်းနိုင်ရေး ကမ္ဘောဒီးယား၏ကြိုးပမ်းမှု မအောင်မြင်

    ဇန်နဝါရီ ၁၅၊ ၂၀၂၂
    M-Media

    -ပြီးခဲ့တဲ့နှစ် ဧပြီလက ရရှိခဲ့တဲ့ သဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မတွေ့ရမချင်း အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကိုစားလှယ် မဖိတ်ကြားရေးမူကို အာဆီယံက ဆက်လက် ဆုပ်ကိုင်ထားရမယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောကြားလိုက်ပါတယ်။

    မနေ့က လီရှန်လွန်းနဲ့ ဖုန်းပြောဆိုမှုမှာ ဟွန်ဆန်ဟာ အခုလအစောပိုင်းက သူ့ရဲ့ မြန်မာခရီးစဉ်နဲ့ပတ်သက်ပြီး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

    လီရှန်လွန်းက အာဆီယံရဲ့ သဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးမှာ တိုးတက်မှု မရှိမချင်း ဒေသတွင်း အဓိကအစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်အစား နိုင်ငံရေးဖက်ကမဟုတ်တဲ့ လူပုဂ္ဂိုလ်တစ်ဦးသာ ဖိတ်ကြားရမယ်ဆိုတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို ဆက်လက် ကျင့်သုံးသွားဖို့ ပြောခဲ့ကြောင်း ဒီကနေ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တွေ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ရရှိခဲ့တဲ့ သဘောတူညီချက်မှာ အကြမ်းဖက်မှု ချက်ခြင်းရပ်ဆိုင်းရေး၊ အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာ့နိုင်ငံရေး နိုင်ငံရေး နယ်ပယ်က သက်ဆိုင်သူတွေနဲ့ တွေ့ဆုံခွင့်ပေးရေး စတာတွေ ပါဝင်တာပါ။

    ဒါပေမယ့် ဒီသဘောတူညီချက်တွေကို စစ်ကောင်စီက အကောင်အထည်ဖော်မှု မရှိပါဘူး။

    ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဇန်နဝါရီအစောပိုင်း မြန်မာနိုင်ငံခရီးစဉ်မှာ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

    ဒီခရီးစဉ်နဲ့ ဖိတ်ကြားမှုကို အာဆီယံနိုင်ငံတွေက လက်မခံတဲ့အတွက် လာမယ့်တစ်ပတ် ကမ္ဘောဒီးယားမှာလုပ်မယ့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဖျက်လိုက်ရပါတယ်။

    အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံး​ဖြတ်ချက်ကို ပြင်ဆင်ဖို့ ဘယ်လိုဆွေးနွေးမှုမျိုးကိုမဆို ခိုင်လုံတဲ့ အချက်အလက်တွေအပေါ်မှာသာ အခြေခံရမှာဖြစ်ပြီး အာဆီယံဥက္ကဌအနေနဲ့ စစ်ကောင်စီနဲ့ရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ လီရှန်လွန်းက ဟွန်ဆန်ကို အလေးထား ပြောဆိုခဲ့ပါတယ်။

    “မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့သာ အပစ်ရပ်ဖို့ ပြောတယ်။ ဒါပေမယ့် အာဆီယံ သဘောတူညီချက် ၅ ချက်က တိုက်တွန်းတဲ့ အကြမ်းဖက်မှု ရပ်တန့်ရေးဆိုတာ တစ်ကယ်တော့ စစ်တပ်က နိုင်ငံရေးအတိုက်အခံတွေ၊ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို အဓိက ဆိုလိုတာပါ”

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံက အပစ်ရပ်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးပို့ရေး ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နိုင်မယ့် အနေအထားတွေကို လီရှန်လွန်းထံ တင်ပြခဲ့ပါတယ်။

    စင်ကာပူဝန်ကြီးချုပ်က အာဆီယံအထူးကိုယ်စားလှယ်ဟာ သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံခွင့် မရတဲ့အတွက် အပစ်ရပ်ရေးကိစ္စမှာ အာဆီယံနဲ့ အာဆီယံကိုယ်စားလှယ်တို့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲဆိုတာ သေချာမပြောနိုင်ဘူးလို့ ဟွန်ဆန်ကို တုန့်ပြန်ခဲ့ပါတယ်။

    မြန်မာကိစ္စ ဟွန်ဆန်ရဲ့ အဆိုပြုချက်တွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အကြီးတန်းတာဝန်ရှိသူတွေအကြား ထပ်မံဆွေးနွေးဖို့ လိုအပ်ပြီး အာဆီယံ ဥက္ကဌ ကမ္ဘောဒီးယားအနေနဲ့ အခြား အာဆီယံခေါင်းဆောင်တွေရဲ့ သဘောထားကိုပါ ထည့်သွင်းစဉ်းစားသင့်တယ်လို့ လီရှန်လွန်းက ပြောဆိုခဲ့ပါတယ်။

    စင်ကာပူကတော့ မြန်မာကိစ္စမှာ အာဆီယံသဘောတူညီချက် ၅ ချက် အပြည့်အ၀ အကောင်အထည်ဖော်နိုင်ရေး ကမ္ဘောဒီးယားအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း လီရှန်လွန်းက ဆိုပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်ကို မလေးရှားကလည်း လူသိရှင်ကြား ဝေဖန်ထားပြီး ဟွန်ဆန်အနေနဲ့ မိမိသဘောနဲ့မိမိ ဆောင်ရွက်တာမျိုး မလုပ်သင့်ဘူးလို့ တုန့်ပြန်ထားပါတယ်။

    Ref: CNA

  • ဟွန်ဆန်၏ မြန်မာခရီးစဉ်ကို မလေရှားက လူသိရှင်ကြားဝေဖန်

    ဟွန်ဆန်၏ မြန်မာခရီးစဉ်ကို မလေရှားက လူသိရှင်ကြားဝေဖန်

    ဇန်နဝါရီ ၁၄၊ ၂၀၂၂
    M-Media

    -ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကိုသွားရောက်ကာ စစ်ကောင်စီနဲ့ တွေ့ဆုံမှုကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက လူသိရှင်ကြား ဝေဖန်လိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က ၂ ရက်တာ ခရီးစဉ်မှာ ဟွန်ဆန်ဟာ အာဏာသိမ်း စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီရဲ့ အပစ်ရပ်ရေးဆောင်ရွက်မှုကို ထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ဖို့လည်း ဖိတ်ကြားခဲ့ပါတယ်။

    ဟွန်ဆန်ရဲ့ ဒီလုပ်ရပ်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတာပါ။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင်က ဟွန်ဆန်ဟာ ဒီကိစ္စကို ကိုယ့်သဘောနဲ့ကိုယ် လုပ်တာလို့ မနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံမှုမှာ ဝေဖန်ခဲ့ပါတယ်။

    “ဒီခရီးစဉ်မှာ သူဘာပြောသင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင် အကုန်လုံးနဲ့ မဟုတ်ရင်တောင် တစ်ချို့နဲ့ တွေ့ဆုံအကြံဉာဏ်ယူတာမျိုး လုပ်သင့်ပါတယ်။ သူ့ကို ကျွန်တော်တို့ စာသင်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် အာဆီယံခေါင်းဆောင်တွေဟာ ထူးထူးခြားခြားကိစ္စတွေ ဆောင်ရွက်တဲ့အခါတိုင်းမှာ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးအကြံယူလေ့ရှိပါတယ်”

    ၂၀၂၀ ခုနှစ် အာဆီယံဥက္ကဌ တာဝန်ကို ကမ္ဘောဒီးယားက ထမ်းဆောင်ရမှာဖြစ်ပြီး မြန်မာကိစ္စမှာ အရင်နှစ် ဥက္ကဌ ဘရူနိုင်းနိုင်ငံနဲ့မတူတဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ်ဆောင်ရွက်ဖို့ ဝန်ကြီးချုပ် ဟွန်ဆန်က စီစဉ်နေတာပါ။ နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဟွန်ဆန်က ခန့်အပ်ထားပါတယ်။

    ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထားကွဲလွဲနေတဲ့အတွက် လာမယ့်တစ်ပတ် ကမ္ဘောဒီးယားမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရပါတယ်။

    မြန်မာအာဏာသိမ်းစစ်ကောင်စီအနေနဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာ ရရှိတဲ့ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်မချင်း အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ရောက်ခွင့်မပေးဘူးဆိုတဲ့မူကို ဆက်လက်ဆုပ်ကိုင်ထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: The Straits Times

  • အိန္ဒိယသူပုန်အဖွဲ့ကို စစ်ကောင်စီတပ်က ရှင်းလင်းနေဟု သတင်းထွက်

    အိန္ဒိယသူပုန်အဖွဲ့ကို စစ်ကောင်စီတပ်က ရှင်းလင်းနေဟု သတင်းထွက်

    ဇန်နဝါရီ ၁၄၊ ၂၀၂၂
    M-Media

    အိန္ဒိယခွဲထွက်ရေးသူပုန်များ

    -မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အိန္ဒိယသူပုန်တွေကို စစ်ကောင်စီက တိုက်ထုတ်ရှင်းလင်းနေတယ်လို့ အိန္ဒိယ ပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးကို တုန့်ပြန်ရာမှာ စစ်ကောင်စီဟာ အိန္ဒိယသူပုန်တွေကို ခေါ်ယူအသုံးပြုနေတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

    ဒါပေမယ့် လက်ရှိ စစ်ကောင်စီတပ်တွေဟာ မြန်မာနိုင်ငံအတွင်း ရှိနေတဲ့ အိန္ဒိယသူပုန်တွေကို ရှင်းလင်းနေတယ်ဆိုတဲ့သတင်း မိမိတို့ ရရှိထားကြောင်း အိန္ဒိယအစိုးရ ရင်းမြစ်တွေက ပြည်တွင်းမီဒီယာတွေကို မနေ့က ပြောကြားခဲ့ပါတယ်။

    အိန္ဒိယစစ်တပ်က စစ်ကောင်စီနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိနေပြီး၊ စစ်ကောင်စီဟာ မကြာသေးမီက အိန္ဒိယသူပုန် ၅ ဦးကို အထူးလေယာဉ်နဲ့ ပြန်ပို့တာတွေရှိကြောင်းလည်း ဒီ ရင်းမြစ်တွေက ဆိုပါတယ်။

    ခွဲထွက်ရေးလုပ်နေတဲ့ အိန္ဒိယ သူပုန်အဖွဲ့ People’s Liberation Army (PLA) နဲ့ Kangla Yawol Kanna Lup​ တို့ဟာ မြန်မာနိုင်ငံဘက်မှာ အရင်က အခြေစိုက်စခန်းတွေ ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ နှစ်အရင်က အိန္ဒိယနဲ့ မြန်မာစစ်တပ်တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ပါတယ်။

    ဒါပေမယ့် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ဒီအဖွဲ့တွေ ပြန်လည်လှုပ်ရှားလာတယ်လို့ အိန္ဒိယအစိုးရက ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့ပါတယ်။

    နိုဝင်ဘာလ အာသံပြည်နယ်မှာ အာသံရိုင်ဖယ်တပ်ဖွဲ့ တပ်မှူး၊ ဇနီးနဲ့ သားတို့အပါအဝင် လူ ၇ ဦးသေဆုံးခဲ့တဲ့ ခြုံခိုတိုက်ခိုက်မှုကို PLA အဖွဲ့က မြန်မာဖက်ကနေဝင်လာပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း အိန္ဒိယရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    PLA လို့ အကြမ်းဖက်အဖွဲ့တွေကို တိုက်ဖျက်နိုင်ရေးအတွက် ​မြန်မာတပ်ဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ဒေသတွင်းမီဒီယာတွေကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်မှာ အိန္ဒိယစစ်တပ်ဟာ သူပုန်စခန်းတွေကို မြန်မာနိုင်ငံဖက်အထိ ဝင်ရောက်ရှင်းလင်းခဲ့ပြီး အနည်းဆုံး တပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    Ref: Times of India

  • မြန်မာကိစ္စ မကျေလည်၍ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပျက်

    မြန်မာကိစ္စ မကျေလည်၍ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပျက်

    ဇန်နဝါရီ ၁၃၊ ၂၀၂၂
    M-Media

    ဟွန်ဆန်ကို ဆန္ဒပြနေသည့် မြန်မာပြည်သူများ

    -လာမယ့်တစ်ပတ် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီး ဒါဟာ မြန်မာကိစ္စမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လုပ်ရပ်ကို အခြားနိုင်ငံတွေက မနှစ်မြို့တဲ့အတွက် ပျက်သွားတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

    စီယမ်ရိပ်မြို့မှာလုပ်မယ့် ​အစည်းအဝေးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ ကမ္ဘောဒီးယားက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။ ဒါဟာ ၂၀၂၀ ခုနှစ်မှာ အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ကမ္ဘောဒီးယားက ပထမဆုံး ကမကထပြုကျင်းပမယ့် အစည်းအဝေးလည်း ဖြစ်ပါတယ်။

    ကမ္ဘောဒီးယားရဲ့ထုတ်ပြန်ချက်မှာ ကျင်းပမယ့်နေရာကို အဖွဲ့ဝင်နိုင်ငံက တာဝန်ရှိသူတွေ လာရောက်ဖို့ အဆင်မပြေတဲ့အတွက် ရွှေ့ဆိုင်းလိုက်တာလို့ ဖော်ပြပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံအမတ်အဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အဆိုပြုထားတဲ့ ပရက်ဆိုခွန်ကို အတည်ပြုမှာပါ။

    ပရက်ဆိုခွန်ဟာ ဟွန်ဆန်တပည့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။

    အာဆီယံအရေး ကျွမ်းကျင်သူတွေက ဟွန်ဆန်ရဲ့ ဇန်နဝါရီပထမပတ် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ မတွေ့ခဲ့တာ၊ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတက်ဖို့ ဖိတ်ခဲ့တာတွေကို တစ်ခြားအာဆီယံခေါင်းဆောင်တွေက မနှစ်မြို့တဲ့အတွက် အစည်းအဝေးပျက်တာလို့ သုံးသပ်ပါတယ်။

    မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့နှစ် ဧပြီလက ရခဲ့တဲ့ သဘောတူညီချက် ၅ ချက်ကို မလိုက်နာဘူးဆိုရင် အာဆီယံအစည်းအဝေးတွေမှာ အာဏာသိမ်းစစ်ကောင်စီ တာဝန်ရှိသူတွေကို မဖိတ်ကြားရေးဆိုတဲ့ မူကို အာဆီယံက ဆုပ်ကိုင်ထားတာ ဖြစ်ပါတယ်။

    အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်က အာဆီယံအရေးကျွမ်းကျင်သူ ဆိုဖယ်လ်အာရ်က လာဖို့အခက်အခဲရှိတယ်ဆိုပြီး အဖွဲ့ဝင်နိုင်ငံတွေက ပြောတာဟာ ယဉ်ယဉ်ကျေးကျေး ဆင်ခြေတစ်ခု ပေးလိုက်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

    ဩတေးလျအမျိုးသားတက္ကသိုလ် အာရှ-ပစိဖိတ်ဆိုင်ရာ ကောလိပ်က ကျွမ်းကျင်သူ မာစတန်ကလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမှုကြောင့် ခေါင်းဆောင်တွေ သဘောထားကွဲလွဲကာ အစည်းအဝေးရပ်ဆိုင်းရတဲ့အထိ ဖြစ်တာလို့ ပြောကြားခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ်က ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေး အနည်းဆုံး ၃ ခုမှာ အာဆီယံက စစ်ကောင်စီ ကိုယ်စားလှယ်တွေကို မဖိတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်တစ်ဦးကိုသာ တက်ဖို့ ဖိတ်ခဲ့ပါတယ်။ စစ်ကောင်စီက စေလွှတ်ခြင်း မရှိပါဘူး။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ဟာ အာဏာသိမ်းစစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်နေတာဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က စစ်ကောင်စီနဲ့ ဆက်ဆံမှုတွေ ရှိနေပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ကောင်စီခေါင်းဆောင်တွေနဲ့တွေ့တာ၊ အစည်းအဝေး ဖိတ်ကြားတာတွေကို ထောက်ခံတယ်လို့ တရုတ်က ပြောထားပါတယ်။

    Ref: RFA

  • ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် အမေရိကန်တောင်းဆို

    ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် အမေရိကန်တောင်းဆို

    ဇန်နဝါရီ ၁၁၊ ၂၀၂၂
    M-Media

    -နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ချမှုဟာ တရားဥပဒေစိုးမိုးရေးကို စော်ကားလိုက်တာဖြစ်ပြီး သူမနဲ့ မတရားသဖြင့် ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။

    စစ်ကောင်စီတရားရုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ မနေ့က ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့တာပါ။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီလက်အောက်မှာ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရပြီး အခြားအမှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ နဒ်ပရိုက်စ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချမှုဟာ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးမှုကို အတုအယောင် ကျင့်သုံးတာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ဒီမိုကရေစီခေါင်းဆောင်တွေအပါအဝင် မတရားသဖြင့် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “စစ်ကောင်စီဟာ တရားရေးကိုအသုံးချပြီး နိုင်ငံရေးအတိုက်အခံတွေကို တိုက်ခိုက်နေတာပါ။ ပြည်သူလူထုအပေါ် ဆက်လက်အကြမ်းဖက်နေတာကိုကြည့်ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်ရောက်ဖို့ လိုပြီဆိုတာ မီးမောင်းထိုးပြနေတာပါပဲ”

    မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်လက်အောက်မှာ တစ်ရက်တောင် မနေချင်တာကို တွေ့ရပြီး မိမိတို့အနေနဲ့ ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့လည်း နက်ပရိုက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး ၉ ထောင်နီးပါးလောက် အဖမ်းခံခဲ့ရပါတယ်။

    Ref: Reuters