News @ M-Media

Tag: Myanmar Military

  • သွေးသောက်ညီနောင် (Godbrother) တော်ချင်သည်ဟု မြန်မာစစ်ခေါင်းဆောင်က ဟွန်ဆန်ကို ပြောခဲ့

    သွေးသောက်ညီနောင် (Godbrother) တော်ချင်သည်ဟု မြန်မာစစ်ခေါင်းဆောင်က ဟွန်ဆန်ကို ပြောခဲ့

    ဇန်နဝါရီ ၁၀၊ ၂၀၂၂
    M-Media

    -မိမိရဲ့ ‘ဂေါ့ဘရားသား’ အဖြစ် ဆောင်ရွက်ပေးဖို့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောခဲ့ကြောင်း ဟွန်ဆန်အစိုးရနဲ့ နီးစပ်တဲ့ Fresh News မီဒီယာက ဖော်ပြပါတယ်။

    ဟွန်ဆန်ရဲ့ မိသားစုတွေ အခမ်းအနား​လုပ်တဲ့အခါမှာ အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံလိုတယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဟွန်ဆန်ကို ပြောကြားခဲ့ပါတယ်။

    ဇန်နဝါရီ ၇-၈ ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အာဏာသိမ်းစစ်ကောင်စီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    မြန်မာစစ်ခေါင်းဆောင်က အခုနှစ်ကုန်အထိ သက်တမ်းထပ်တိုးဖို့ စီစဉ်ထားတဲ့ အပစ်ရပ်ရေးကို ထောက်ခံတယ်ကြောင်း၊ ဒါကို ဆန့်ကျင်သူတွေဟာ စစ်ပွဲကြောင့် သေဆုံး၊ ဒဏ်ရာရမှုတွေကို တွေ့မြင်ချင်ကြသူတွေ ဖြစ်ကြောင်း ခရီးစဉ်က အပြန်မှာ ဟွန်ဆန်က ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံကို သွားရောက်တာဟာ သူ ကမ္ဘောဒီးယားမှာ ကျင့်သုံးခဲ့တဲ့ အနိုင်-အနိုင် မူဝါဒကို မျှဝေဖို့ ဖြစ်ပြီး၊ ဒီမူဝါဒကြောင့် ကမ္ဘောဒီးယားမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အောင်မြင်ခဲ့တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌအဖြစ် အောင်ရွက်မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်ဟာ အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်ပြုသလို ဖြစ်သွားနိုင်တယ်ဆိုပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    Ref: UCA News, Phnompenh Post

  • မြန်မာခရီးစဉ်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဘာတွေပြောခဲ့သလဲ

    မြန်မာခရီးစဉ်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဘာတွေပြောခဲ့သလဲ

    ဇန်နဝါရီ ၈၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်ရေး သက်တမ်းထပ်တိုးဖို့ အပြည့်အ၀ ထောက်ခံပြီး၊ သက်ဆိုင်သူတွေအားလုံး မပူးပေါင်း မပါဝင်ရင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ရမှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားလိုက်ပါတယ်။

    ဟွန်ဆန်ဟာ ၂ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သောကြာနေ့က ရောက်ရှိနေတာဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင်က သူတို့အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ၅ လ ကြာအပစ်ရပ်ရေး ကြေငြာထားကာ နှစ်ကုန်အထိ တိုးမြှင့်ဖို့ စီစဉ်ထားကြောင်း ပြောခဲ့တယ်လို့ ပူးတွဲကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဟွန်ဆန်က စစ်ကောင်စီရဲ့ ဒီအစီအစဥ်ကို အပြည့်အ၀ထောက်ခံပြီး ကမ္ဘောဒီးယားမှာ​ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု ရအောင် လုပ်ဆောင်ခဲ့တယ်လို့ဆိုတဲ့ မူဝါဒကို မြန်မာစစ်ခေါင်းဆောင်ထံ မျှဝေခဲ့ပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်ထားကြောင်း ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောခဲ့သလို၊ အထူးကိုယ်စားလှယ် လာရောက်ရင် တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အခြားသက်ဆိုင်သူတွေနဲ့ ပေးတွေ့မယ်လို့ ​ဗိုလ်ချုပ်မှူးကြီးက ကတိပေးခဲ့ပါတယ်။

    ဟွန်ဆန်ဟာ နှာခေါင်းစည်း၊ PPE ဝတ်စုံတွေ၊ အသက်ရှူစက်တွေအပါအဝင် ကိုဗစ်ကုသရေး လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေကို လှူဒါန်းခဲ့ပြီး မြန်မာစစ်ခေါင်း​ဆောင်ကလည်း ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဏာကို နှစ်ပေါင်း ၃၀ ကျော် ချုပ်ကိုင်ထားသူတစ်ယောက်ဖြစ်ပြီး အတိုက်အခံတွေကိုလည်း ပြင်းပြင်းထန်ထန်နှိပ်ကွပ်မှုကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ခံနေရသူ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ ဟွန်ဆန်ဟာ သားဖြစ်သူကို့ သူ့နေရာဆက်ခံဖို့ စီစဉ်ထားပါတယ်။

  • အာဆီယံဥက္ကဌ ကမ္ဘာဒီးယားဝန်ကြီးချုပ် မြန်မာနိုင်ငံကိုလာ၍ စစ်ကောင်စီနှင့်တွေ့မည်

    အာဆီယံဥက္ကဌ ကမ္ဘာဒီးယားဝန်ကြီးချုပ် မြန်မာနိုင်ငံကိုလာ၍ စစ်ကောင်စီနှင့်တွေ့မည်

    ဇန်နဝါရီ ၅၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်မယ့် ရေခံမြေခံအားလုံး ရှိနေပြီလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်က ပြောကြားလိုက်ပါတယ်။

    ကမ္ဘောဒီးယားဟာ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဝန်ကြီးချုပ် ဟွန်ဆန်လည်း လာမယ့် သောကြာနေ့မှာ မြန်မာနိုင်ငံကို လာရောက်ကာ စစ်ကောင်စီနဲ့တွေ့ဆုံဖို့ ရှိနေပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး ပရက် ဆိုခွန်ကို ဟွန်ဆန်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့အခြေအနေကိုကြည့်ရတာ အားရစရာမရှိဘူးလို့ ဆိုခွန်က စင်ကာပူအခြေစိုက် တတ်သိပညာရှင်များအဖွဲ့ ISEAS-Yusof Ishak Institute နဲ့ တနင်္လာနေ့က ဆွေးနွေးပွဲမှာ ပြောပါတယ်။

    “မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေဟာ ပိုဆိုးလာပြီး စီးပွားရေး၊ ကျန်းမာရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာဆီ ဦးတည်လာပါတယ်။ ပြည်တွင်းစစ်ဖြစ်မယ့် ရေခံမြေခံအားလုံး ရှိနေပြီလို့ ကျွန်တော်တို့ ခံစားရပါတယ်”

    အစိုးရနှစ်ခုရှိနေတာ၊ လက်နက်ကိုင်အဖွဲ့တွေ အများအပြားပေါ်ပေါက်လာတာ၊ CDM လှုပ်ရှားမှုတွေ၊ နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ပျောက်ကြားစစ် တိုက်ခိုက်မှုတွေကိုလည်း ဆိုခွန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ဖိတ်ခေါ်တွေ့ဆုံခဲ့ပြီး သူကိုယ်တိုင်လည်း မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံမယ်လို့ ပြောထားပါတယ်။

    ဒီလိုဆောင်ရွက်မှုတွေဟာ အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အောင် လုပ်ပေးသလိုဖြစ်မယ်ဆိုတဲ့ ပြောကြားမှုတွေကို နိုင်ငံခြားရေးဝန်ကြီး ဆိုခွန်က ငြင်းပါတယ်။

    ကမ္ဘောဒီယားက အထူးအလေးထား လုပ်ဆောင်နေတာဟာ မြန်မာနိုင်ငံကအခြေအနေကို ပိုမိုတိုးတက်စေချင်လို့ဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် ဧပြီလက အာဆီယံခေါင်းဆောင်တွေအကြား ရရှိထားတဲ့ သဘောတူညီချက် ၅ ချက်အတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဝန်ကြီချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံကို သွားရောက်မှုဟာ သက်ဆိုင်သူတွေအားလုံး ပါဝင်ဆွေးနွေးကာ နိုင်ငံရေး ယုံကြည်မှုတစ်ခု ရနိုင်တဲ့ အခြေအနေကောင်းမျိုး ဖန်တီးဖြစ်တယ်လို့လည်း ဆိုခွန်က ဆိုပါတယ်။

    Ref : Japan Times

  • တယ်လီနောက Wave Money လုပ်ငန်းကို ရောင်းချမည်

    တယ်လီနောက Wave Money လုပ်ငန်းကို ရောင်းချမည်

    ဇန်နဝါရီ ၃၊ ၂၀၂၂
    M-Media

    -နော်ဝေအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောဟာ မြန်မာနိုင်ငံက အွန်လိုင်း ငွေလွှဲလုပ်ငန်း Wave Money မှာ ပိုင်ဆိုင်တဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို Yoma Strategic Holdings စီးပွားရေးလုပ်ငန်းစုကို ရောင်းချ တော့မယ်လို့ Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။

    Yoma Strategic Holdings ဟာ စင်ကာပူအခြေစိုက်ဖြစ်ပြီး Wave Money အဓိကရှယ်ယာရှင်လည်း ဖြစ်ပါတယ်။ တယ်လီနောက သူတို့ရဲ့ရှယ်ယာအားလုံးကို ကန်ဒေါ်လာ ၁၀၄ သန်းနဲ့ ရောင်းချမှာပါ။

    မြန်မာခရိုနီ Serge Pun (ခေါ်) ဦးသိမ်းဝေ ပိုင်ဆိုင်တဲ့ Yoma Group ဟာ Wave Money လုပ်ငန်းကို ၇၅ ရာခိုင်နှုန်း ပိုင်ဆိုင်လာမှာဖြစ်ပြီး၊ Yoma Strategic Holdings မှာပါဝင်တဲ့ အခြားပုဂ္ဂလိကလုပ်ငန်းတွေက ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။

    တယ်လီနောက Wave Money ရှယ်ယာကို ရောင်းချမှုက သူတို့ရဲ့ အဓိက ဆက်သွယ်ရေးလုပ်ငန်း Telenor Myanmar ကို ရောင်းချမှုတန်ဖိုးထက် ပိုမိုများပြားနေပါတယ်။ တယ်လီနောမြန်မာကို လက်ဘနွန်အခြေစိုက် M1 ကုမ္ပဏီက ဒေါ်လာ ၁၀၅ သန်းနဲ့ဝယ်ဖို့ သဘောတူခဲ့ပေမယ့် စစ်ကောင်စီက ဟန့်တားမှုတွေ ရှိနေပါတယ်။

    Wave Money ကို ရောင်းချမှုအတွက် တယ်လီနောဖက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ Yoma Strategic ဟာ ၂၀၂၀ ခုနှစ် အလယ်ပိုင်းလောက်ကတည်းက ​Wave Money ကို ဝယ်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်ကန့်သတ်တာ၊ ငွေလွှဲမှု ထိန်းချုပ်တာတွေ လုပ်ဆောင်တာကြောင့် Wave Money သုံးစွဲသူအရေအတွက် လျော့ကျသွားခဲ့ပေမယ့် နိုဝင်ဘာလမှာတော့ ပုံမှန်အနေအထားကို ပြန်ရောက်ခဲ့တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။

    Wave Money လုပ်ငန်း ဥက္ကဌ Melvyn Pun က ဘဏ်လုပ်ငန်းမှာ အခက်အခဲတစ်ချို့ ရင်ဆိုင်နေရပေမယ့် ဒစ်ဂျစ်တယ် ငွေပေးချေမှုလုပ်ငန်းအပေါ် ယုံကြည်မှုအပြည့်ရှိတယ်လို့ မကြာသေးမီကပဲ ပြောကြားခဲ့ပါတယ်။

    Ref: Nikkei Asia

  • ကျည်နယ်ကျော်မလာရေး ထိုင်းက မြန်မာစစ်တပ်ကို တောင်းဆိုထား

    ကျည်နယ်ကျော်မလာရေး ထိုင်းက မြန်မာစစ်တပ်ကို တောင်းဆိုထား

    ဒီဇင်ဘာ ၂၉၊ ၂၀၂၁
    M-Media

    -နယ်စပ်က တိုက်ပွဲတွေမှာ ကျည်ဆံတွေ၊ ဗုံးတွေ နယ်ကျော်မလာရေး ထိန်းသိမ်းဆောင်ရွက်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းထားပြီး၊ မြန်မာနိုင်ငံက ဒုက္ခသည်တွေကိုလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဆက်ပေးသွားမယ်လို့ ထိုင်းစစ်တပ်နဲ့ အစိုးရတို့က ပြောပါတယ်။

    ထိုင်းစစ်တပ်ရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Sirichan Ngathong ဟာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် Narongphan Jitkaewtae ကို နယ်စပ်က ကိစ္စတွေနဲ့ ပတ်သက်ပြီး မနေ့က အစီရင်ခံတင်ပြခဲ့တာ ဖြစ်ပါတယ်။

    စစ်သား၊ နယ်ခြားစောင့်ရဲနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ ကယ်ဆယ်ရေးသမားတွေ၊ ဒေသခံ ရပ်မိရပ်ဖတွေက အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေသလို၊ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်နိုင်ရေး နယ်စပ်မှာ စစ်တပ်တွေ ချထားတယ်လို့ ဗိုလ်မှူးကြီး Sirichan က ပြောပါတယ်။

    စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် Narongphan က နယ်စပ်ကာကွယ်ရေး အစီအစဉ်ကို သက်ဆိုင်သူတွေအားလုံး လိုက်နာဆောင်ရွက်ဖို့နဲ့ ပဋိပက္ခကြောင့် ဒုက္ခရောက်သူတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူတွေကို ထိုင်းစစ်တပ်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့ ဗိုလ်မှူးကြီး Sirichan က ပြောပါတယ်။

    မြန်မာဘက်က အာဏာသိမ်းစစ်ကောင်စီ တပ်တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ မြင့်တက်လာတာကြောင့် နယ်စပ်က ထိုင်းရွာတွေမှာ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ထိုင်းစစ်တပ်က ဆော်ဩထားပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ လေကေးကော်မှာ အခုလ ဒုတိယပတ်လောက်ကစပြီး စစ်ကောင်စီတပ်တွေက တိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်နေတာပါတယ်။ လေကြောင်းတိုက်ခိုက်မှု​တွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကျည်အချို့ ထိုင်းဘက်ကိုကျခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ၊ အဆောက်အအုံ ပျက်ဆီးတာတွေလည်း ရှိခဲ့ပါတယ်။

    မြန်မာဖက်က ထောင်သောင်းချီတဲ့ လူတွေလည်း တိုက်ပွဲကြောင့် ထိုင်းဖက်ကို ထွက်ပြေးခဲ့ကြပါတယ်။

    ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Thanakorn Wangboonkongchana က အကြမ်းဖက်မှု ရပ်တန့်ရေး၊ မြန်မာ့နိုင်ငံရေးက သက်ဆိုင်သူတွေအားလုံး တွေ့ဆုံဆွေးနွေးရေး အပါအဝင် အာဆီယံက ချမှတ်ထားတဲ့ သဘောတူညီချက် ၅ ချက်အတိုင်း မြန်မာအရေးကို ဆောင်ရွက်သွားမယ်လို့ မနေ့က အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ ပြောကြားခဲ့ပါတယ်။

    Ref: Bangkok Post