News @ M-Media

Tag: Myanmar Military

  • ဖရူဆိုတွင် ဝန်ထမ်းနှစ်ဦး မီးရှို့သတ်ခံခဲ့ရသည်ဟု Save The Children အဖွဲ့ ထုတ်ပြန်

    ဖရူဆိုတွင် ဝန်ထမ်းနှစ်ဦး မီးရှို့သတ်ခံခဲ့ရသည်ဟု Save The Children အဖွဲ့ ထုတ်ပြန်

    ဒီဇင်ဘာ ၂၉၊ ၂၀၂၁
    M-Media

    -ပျောက်ဆုံးနေတဲ့ ဝန်ထမ်းနှစ်ဦးဟာ ကရင်နီပြည်နယ်(ကယားပြည်နယ်) ဖရူဆိုမြို့က လူပေါင်း ၃၀ ကျော် အသတ်ခံရမှုမှာ ပါဝင်သွားတယ်လို့ ယူကေအခြေစိုက် ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ Save The Children က အတည်ပြုထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံမှာ Save The Children အတွက် အလုပ်လုပ်ပေးနေတဲ့ဝန်ထမ်း ၉၀၀ လောက် ရှိနေတာပါ။ ဒီဇင်ဘာ ၂၄ ရက်နေ့က ​အကူအညီပေးရေးလုပ်ငန်းတွေအပြီး အိမ်ပြန်သွားတဲ့ ဝန်ထမ်း ၂ ဦး ဖရူဆိုမြို့မှာ ပျောက်ဆုံးသွားပြီး သူတို့စီးလာတဲ့ကား မီးရှို့ခံလိုက်ရတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ အဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    မနေ့က ထုတ်ပြန်ချက်မှာတော့ ဝန်ထမ်းနှစ်ဦးဟာ စစ်တပ်ရဲ့ မီးရှို့သတ်ဖြတ်မှုကို ခံလိုက်ရတယ်လို့ ဖော်ပြထားပါတယ်။

    “နိုင်ငံအရှေ့ပိုင်း ကာယားပြည်နယ်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့က မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုအတွင်း အသတ်ခံလိုက်ရတဲ့ အမျိုးသမီး၊ ကလေး၊ လူကြီး အနည်းဆုံး ၃၅ ယောက်မှာ Save The Children ဝန်ထမ်းနှစ်ဦး ပါဝင်တယ်ဆိုတာ သိရှိခဲ့ရတဲ့အတွက် အလွန် ဝမ်းနည်း​မိပါတယ်”

    ဝန်ထမ်းနှစ်ဦးဟာ အနီးအနားကရွာမှာ အကူအညီပေးပြီး အိမ်အပြန်မှာ တိုက်ပွဲကြား ပိတ်မိခဲ့ပြီး စစ်တပ်က ကားပေါ်ကလူတွေကို ဆွဲထုတ်ကာ တစ်ချို့ဖမ်းပြီး တစ်ချို့ကို သတ်ဖြတ်မီးရှို့ခဲ့တာဖြစ်ကြောင်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    မိသားစုလုံခြုံရေးကို စိုးရိမ်တဲ့အတွက် သေဆုံးသွားသူတွေရဲ့အမည်ကို Save The Children က မထုတ်ပြန်ပါဘူး။

    ဒီဇင်ဘာ ၂၄ ရက်နေ့ ဖရူဆိုက တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသွားတဲ့ ဒေသခံ အနည်းဆုံး ၃၀ ကျော်လောက် မီးရှို့သတ်ဖြတ်ခံထားရတာကို ဒီဇင်ဘာ ၂၅ ရက်နေ့မှာ တွေ့ရှိခဲ့ပါတယ်။

    မျက်မြင်သက်သေတွေနဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့​တွေက စစ်တပ်ဟာ ထွက်ပြေးသွားသူတွေရဲ့ကားကို တားဆီးကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    Save The Children အဖွဲ့အကြီးအကဲ အင်ဂါ အက်စ်ဟင်က အပြစ်မဲ့အရပ်သားတွေ ဒီလို အစုလိုက်အ​ပြုံလိုက် သတ်ဖြတ်ခံရမှုဟာ စက်ဆုပ်စရာကောင်းပြီး ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တို့က မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်တာ၊ အခြားအရေးယူတာမျိုးတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: RFA

  • ဖရူဆိုက အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကို ကုလ ရှုတ်ချ

    ဖရူဆိုက အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကို ကုလ ရှုတ်ချ

    ဒီဇင်ဘာ ၂၇၊ ၂၀၂၁
    M-Media

    -ကယားပြည်နယ် ဖရူဆိုမြို့က လူ ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံရမှုအတွက် အလွန်အမင်းတုန်လှုပ်ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲတစ်ဦးက ပြောကြားလိုက်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့လည်း စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

    ဒီဇင်ဘာ ၂၄ ရက်​နေ့ ဖရူဆိုမြို့က တိုက်ပွဲတွေကြောင့် ကားတွေနဲ့ ထွက်ပြေးခဲ့တဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၃၅ ယောက်လောက် မီးရှို့သတ်ဖြတ်ခံထားရတာကို ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းမှာ တွေ့ခဲ့ရတာပါ။

    ပြည်တွင်းမီဒီယာတွေက ဒီစစ်ရှောင်တွေကို စစ်တပ်က တားဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာလို့ ဒေသခံ တော်လှန်ရေးသမားတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ဖော်ပြပါတယ်။ ဒီလူတွေလွတ်မြောက်ဖို့ စစ်တပ်နဲ့ သွားရောက်ညှိနှိုင်းတဲ့ ကရင်နီနယ်ခြားစောင့်နဲ့ ဒေသခံ PDF စုစုပေါင်း ၄ ယောက်လည်း အသတ်ခံလိုက်ရပါတယ်။

    ဒီအဖြစ်အပျက်တွင်း သူတို့ဝန်ထမ်း ၂ ဦး ပျောက်ဆုံးပြီး အဲဒီနှစ်ယောက်စီးသွားတဲ့ကား မီးရှို့ခံလိုက်ရတယ်လို့ Save The Children က သတင်းထုတ်ပြန်ပါတယ်။

    ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ တတိယအကြီးအကဲ မာတင် ဂရစ်ဖစ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ နိုင်ငံတစ်ဝှမ်း အပြစ်မဲ့တဲ့သူတွေအပေါ် ရက်ရက်စက်စက် တိုက်ခိုက်မှုအားလုံးကို ရှုတ်ချကြောင်း၊ ဒါဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    စစ်ကောင်စီအာဏာပိုင်တွေအနေနဲ့ ဒီကိစ္စကို ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း ဂရစ်ဖစ်က တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံက အမေရိကန်သံရုံးကလည်း ဖရူဆိုက လူ ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံရမှုကို ရှုတ်ချကြောင်း မနေ့က ထုတ်ပြန်ခဲ့ပြီး မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှု ကျူးလွန်နေသူတွေကို အရေးယူနိုင်ရေး ဆက်လက် ဖိအားပေး လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ဖရူဆို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွင်း Save The Children ဝန်ထမ်းနှစ်ဦး ပျောက်ဆုံး

    ဖရူဆို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွင်း Save The Children ဝန်ထမ်းနှစ်ဦး ပျောက်ဆုံး

    ဒီဇင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -ကယားပြည်နယ် ဖရူဆိုမြို့မှာ လူ ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံလိုက်ရတဲ့ နေ့မှာပဲ မိမိတို့ဝန်ထမ်းနှစ်ဦး ပျောက်ဆုံးသွားတယ်လို့ ကုလရဲ့ က​လေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ Save The Children က ထုတ်ပြန်ပါတယ်။

    ဖရူဆိုမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ အရပ်သားကား အနည်းဆုံး ၃ စီးလောက် စစ်ကောင်စီတပ်နဲ့တိုးကာ လူ ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်းမီဒီယာတွေက စနေနေ့မှာ ဖော်ပြခဲ့ကြပါတယ်။

    Save The Children က သူတို့ဝန်ထမ်းနှစ်ဦးဟာ ဖရူဆိုက တိုက်ပွဲမှာ ပိတ်မိခဲ့ပြီးတဲ့နောက် ပျောက်ဆုံးနေတယ်လို့ စနေနေ့မှာ ထုတ်ပြန်ပါတယ်။ ပျောက်ဆုံးသူတွေရဲ့ကား တိုက်ခိုက်မီးရှို့ခံလိုက်ရတာကိုလည်း Save The Children က အတည်ပြုပါတယ်။

    ​ပျောက်ဆုံးနေသူနှစ်​ယောက်ဟာ ဖရူဆိုဒေသအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ပြီးတဲ့နောက် အိမ်ပြန်သွားကြတာပါ။ ဒီအဖြစ်အပျက်ကြောင့် အကူအညီပေးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ Save The Children က ပြောပါတယ်။

    “အပြစ်မဲ့အရပ်သားတွေနဲ့ ကျွန်မတို့ဝန်ထမ်းတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုအတွက် တော်​တော်လေး တုန်လှုပ်ရပါတယ်။ ကျွန်မတို့ ဝန်ထမ်းတွေဟာ မြန်မာနိုင်ငံတစ်ဝှမ်းက လိုအပ်နေတဲ့ သန်းနဲ့ချီတဲ့က​လေးငယ်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးနေကြတာပါ” လို့ Save The Children အကြီးအကဲ အင်ဂါ အက်ရှ်ဟင်က ပြောပါတယ်။

    Ref: VOA

  • မြန်မာနယ်စပ်အနီးရှိ စာသင်ကျောင်းများတွင် ထိုင်းအာဏာပိုင်များ ကယ်ဆယ်ရေးသင်တန်းပေးနေ

    မြန်မာနယ်စပ်အနီးရှိ စာသင်ကျောင်းများတွင် ထိုင်းအာဏာပိုင်များ ကယ်ဆယ်ရေးသင်တန်းပေးနေ

    ဒီဇင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -မြန်မာစစ်တပ်က နယ်စပ်မှာ လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်လာတာကြောင့် ထိုင်းဘက်က စာသင်ကျောင်းတွေမှာ ကလေးတွေကို အရေးပေါ် ကယ်ဆယ်ရေးသင်တန်းတွေ ပေးနေပါတယ်။

    မယ်ဟွန်ဆွန်ပြည်နယ် မယ်ဆာရီယန်ခရိုင်က ကျောင်းတွေမှာ ကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို အမှတ် ၃၆ နယ်ခြားစောင့်တပ်က မ​နေ့ကစတင်ပြီး ကယ်ဆယ်ရေးသင်တန်းတွေပေးကာ အစမ်းလေ့ကျင့်မှုတွေ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ ​ထိုင်းနယ်စပ်က လေကေးကော်ဒေသမှာ စစ်တပ်က ပြီးခဲ့တဲ့တစ်ပတ်ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်နေတာပါ။ လက်နက်ကြီးတွေနဲ့ ပစ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေပြီး ကျည်တွေ ထိုင်းဖက်ခြမ်းကိုကျတဲ့ သတင်းတွေလည်း တက်လာပါတယ်။

    မနက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုမှာ ထိုင်းဖက်ခြမ်းက ​လူနေအိမ်တစ်လုံးပေါ် ကျသွားခဲ့ပြီး ထိုင်းရဲနဲ့ စစ်တပ်တို့က လာရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

    “နယ်ခြားစောင့်တပ်ဖွဲ့ဟာ ကျောင်းမှာ ဗုံးခိုနေရာတွေ ဆောက်ပေးခဲ့ပြီး ဒီနေ့မှာတော့ ဒီနေရာကို လျင်လျင်မြန်မြန်နဲ့ အန္တရာယ်ကင်းကင်း ဘယ်လိုသွားရလဲဆိုတာကို သင်ပေးတာပါ။ ဗုံးခိုနေရာက ၈ မီတာရှည်ပြီး၊ ၅ မီတာကျယ်ကာ ၁.၅ မီတာမြင့်ပါတယ်။ အဲဒီအထဲမှာ ကျောင်းသားနဲ့ ဆရာအားလုံး ၃ ရက် စားလို့ရမယ့် အစားအစာတွေလည်း သိမ်းထားပါတယ်” လို နယ်ခြားစောင့်အဖွဲ့ တာဝန်ရှိသူ ဗိုလ်မှူးကြီး Somphop Jaiboon က ပြောပါတယ်။

    မြန်မာတိုက်ပွဲကြောင့် အန္တရာယ်ရှိနိုင်တဲ့ရွာတွေက ရွာသားတွေကိုလည်း နယ်ခြားစောင့်တပ်ဖွဲ့က ဘေးအန္တရာယ်ကင်းရေး အရေးပေါ်သင်တန်းတွေ ပေးနေတယ်လို့ ဗိုလ်မှူးကြီးက ဆိုပါတယ်။

    Ref: Nationthailand

  • အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံသည့် ကာဒီနယ်ကို ခရစ်ယာန်အသိုင်းအ၀ိုင်းက ဝေဖန်

    အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံသည့် ကာဒီနယ်ကို ခရစ်ယာန်အသိုင်းအ၀ိုင်းက ဝေဖန်

    ဒီဇင်ဘာ ၂၄၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ ခရစ်ယာန်ကက်သလစ်ရဟန်းမင်း ကာဒီနယ် ချားလ်စ် မောင်ဘိုကို မြန်မာနိုင်ငံ ခရစ်ယာန်အသိုင်းအ၀ိုင်းက ဝေဖန်နေကြပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီဇင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ စိန့်အန်ထော်နီဘုရားကျောင်းကို လာရောက်ပြီး ကာဒီနယ်မောင်ဘိုနဲ့ ခရစ္စမတ်အကြိုတွေ့ဆုံကာ ကိတ်မုန့်ခွဲခဲ့ကြတာ ဖြစ်ပါတယ်။

    ခရစ်ယာန်ဘာသာဝင်အများစုရှိတဲ့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီတပ်တွေက တိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်နေတဲ့အချိန်မှာ ဒီတွေ့ဆုံမှု ပေါ်ပေါက်လာတာပါ။

    စစ်ခေါင်းဆောင်က တိုင်းပြည်အေးချမ်းရေး စစ်တပ်၊ အစိုးရဌာနတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ ပူပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းခဲ့သလို၊ ကာဒီနယ်ဘိုက မြန်မာနိုင်ငံအေးချမ်းရေး၊ စစ်မှန်တဲ့ ဆွေးနွေးရင်ကြားစေ့ရေး ဖြစ်လာဖို့ ဆုတောင်းခဲ့ပါတယ်။

    ကာဒီနယ်ဘိုနဲ့ စစ်ခေါင်းဆောင်တို့ အတူကိတ်မုန့်လှီးနေတဲ့ပုံ အွန်လိုင်းမှာ ပြန့်နှံ့သွားပြီးတဲ့နောက် မြန်မာနိုင်ငံ ခရစ်ယာန်အသိုင်းအ၀ိုင်းက ကာဒီနယ်ကို ထောက်ပြဝေဖန်မှု​တွေ ပြုလုပ်ခဲ့ပါတယ်။

    မြန်မာ့အရေး တက်ကြွလှုပ်ရှားနေတဲ့ ခရစ်ယာန်ကက်သလစ်အဖွဲ့ Independent Catholics for Justice in Myanmar က ဒီတွေ့ဆုံမှုကို ရှုတ်ချခဲ့ပြီး မြန်မာစစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကို ခံစားနေရတဲ့ ပြည်သူလူထု၊ စစ်တပ်က ခရစ်ယာန်ဘုရားကျောင်းတွကို ဗုံးခွဲဖျက်ဆီးနေမှုကို လစ်လျူရှုတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    “ဒီတွေ့ဆုံမှုဟာ နိုင်ငံအတွင်းမှာရှိတဲ့ ခရစ်ယာန်ကက်သလစ် လူ့အဖွဲ့အစည်းကို ကိုယ်စားမပြုသလို၊ ကက်သလစ်ဘာသာဝင်အားလုံးရဲ့ ဆန္ဒနဲ့လည်း ဆန့်ကျင်နေပါတယ်”

    မြန်မာနိုင်ငံအတွင်းက ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်ဘာသာဝင်တွေကလည်း ဆိုရှယ်မီဒီယာမှာ ဝေဖန်ထောက်ပြမှုတွေ လုပ်ခဲ့ပါတယ်။

    “မြန်မာနိုင်ငံတစ်ဝှမ်းမှာ ကက်သလစ်ဘာသာဝင်တွေ အများအပြား အသတ်ခံနေရတယ်။ ကာဒီနယ်ကတော့ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေရဲ့ ခံစားရမှုကို လစ်လျူရှုပြီး လူသတ်ကောင်နဲ့ ပေါင်းဖက်နေပါတယ်” လို့ ကက်လသစ် ဘာသာဝင်တစ်ယောက်က ရေးပါတယ်။

    အခြား ကက်လစ်တစ်ယောက်ကလည်း “လေးစားသမှုမရှိတဲ့လုပ်ရပ်ပါ။ ကာဒီနယ်ဟာ မြန်မာနိုင်ငံက ကက်သလစ်အသိုင်းအ၀ိုင်းကို ကိုယ်စားမပြုပါဘူး။ ရှက်စရာကောင်းပါတယ်” လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    သာသနာ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီတွေ့ဆုံမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကက်လသစ်ဘုန်းတော်ကြီးတစ်ပါးက ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။

    “ဒီတွေ့ဆုံမှုကြောင့် ဝမ်းနည်းစရာကောင်းတဲ့ ခရစ္စမတ် ဖြစ်သွားပါပြီ။ စစ်ခေါင်းဆောင်ဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဘာသာရေးကို အသုံးချနေတာပါ”

    မြန်မာနိုင်ငံက ခရစ်ယာန်ကက်သလစ်အသိုင်းအ၀ိုင်းဟာ ကာဒီနယ်ဘိုတစ်ယောက်ကိုသာ မှီခိုနေတာမဟုတ်ဘဲ၊ ကက်သလစ်လူ့အဖွဲ့အစည်းတစ်ခုလုံးကိုလည်း ကိုယ်စားမပြုဘူးလို့ ဘုန်းတော်ကြီးက ထည့်သွင်းရေးသားခဲ့ပါတယ်။

    Ref: UCA News