News @ M-Media

Tag: Myanmar Military

  • ထောင် ၁၁ နှစ်ချထားသည့် အမေရိကန်ဂျာနယ်လစ်ကို စစ်ကောင်စီ ပြန်လွှတ်ပေး

    ထောင် ၁၁ နှစ်ချထားသည့် အမေရိကန်ဂျာနယ်လစ်ကို စစ်ကောင်စီ ပြန်လွှတ်ပေး

    နိုဝင်ဘာ ၁၅၊ ၂၀၂၁
    M-Media

    ဘီလ် ရစ်ချက်ဆန်နှင့် တွေ့ရသည့် ဖန်စတာ (ဝဲ)

    -ပြီးခဲ့တဲ့တစ်ပတ်က ထောင်ဒဏ် ၁၁ နှစ်ချခဲ့တဲ့ အမေရိကန်ဂျာနယ်လစ် ဒန်နီဖန်စတာကို ​စစ်ကောင်စီက ဒီကနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

    အင်းစိန်ထောင်ရှိရာ ရန်ကုန်ကနေ နေပြည်တော်ကိုပို့ပြီး နယ်နှင်ဒဏ်ပေးလိုက်တာလို့ စစ်ကောင်စီ ရင်းမြစ်တစ်ခုက AFP သတင်းဌာနကို ပြောပါတယ်။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ဖန်စတာလွတ်မြောက်တဲ့ သတင်းကို အတည်ပြုပါတယ်။

    နေပြည်တော်လေဆိပ်က ရင်းမြစ်တစ်ခုက ဖန်စတာ ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပေမယ့် ခရီးစဉ်အသေးစိတ်ကို မပြောခဲ့ပါဘူး။

    မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန်သံအမတ်ဟောင်း ဘီလ် ရစ်ချက်ဆန်က ဖန်စတာဟာ သူ့လက်ထဲရောက်လာပြီး ကာတာကနေတစ်ဆင့် အမေရိကန်ကို ပြန်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရစ်ချန်ဆန်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို အခုလ အစောပိုင်းကစတင်ပြီး ရောက်ရှိနေတာ ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပြီး ကိုဗစ်တိုက်ဖျက်ရေး အပါအဝင် အကူအညီပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း၊ နိုင်ငံရေးကို လုံး၀မပြောခဲ့ကြောင်း ရစ်ချက်ဆန်က သတင်းထုတ်ပြန်ထားပါတယ်။

    မြောက်ကိုရီးယားလို အမေရိကန်နဲ့ ရန်ဘက်နိုင်ငံတွေမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေ လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ ရစ်ချက်ဆန်က နာမည်ကျော်ပြီး မြန်မာနိုင်ငံခရီးစဉ် မတိုင်ခင်က ဖန်စတာ လွတ်မြောက်ရေး စစ်ကောင်စီနဲ့ ညှိနှိုင်းမှာလားဆိုတာကို ရစ်ချက်ဆန်ရဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်မပေးခဲ့ပါဘူး။

    Frontier Myanmar ဂျာနယ်လစ် ဖန်စတာကို စစ်ကောင်စီက မေလက ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ချုပ်ထားကာ တရားစွဲဆိုခဲ့တာပါ။

    ပြီးခဲ့တဲ့တစ်ပတ်မှာတော့ ဖန်စတာဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ ထောင်ဒဏ် ၁၁ နှစ်ချမှတ် ခံခဲ့ရပါတယ်။ ဖန်စတာဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဆက်လက်တရားရင်ဆိုင်ရဖွယ် ရှိနေတဲ့အချိန် အခုလို လွတ်မြောက်လာတာ ဖြစ်ပါတယ်။

    Ref: AFP

  • စစ်ကောင်စီက မီဒီယာအပေါ် ဖိနှိပ်မှုကို ကုလ လူ့အခွင့်အရေးအကြီးအကဲ ဝေဖန်

    စစ်ကောင်စီက မီဒီယာအပေါ် ဖိနှိပ်မှုကို ကုလ လူ့အခွင့်အရေးအကြီးအကဲ ဝေဖန်

    နိုဝင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    -အမေရိကန် ဂျာနယ်လစ်ကို နှစ်ရှည်ထောင်ဒဏ်ချလိုက်တာဟာ စစ်ကောင်စီက မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ဖိနှိပ်နေမှုရဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှယ် ဘာချလက်က ပြောပါတယ်။

    Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာ အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာကို စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင်အသင်းအဖွဲ့ ဆက်သွယ်မှုဥပဒေတွေနဲ့ မနေ့က ထောင်ဒဏ် ၁၁ နှစ် ချလိုက်ပါတယ်။ ဖန်စတာဟာ အကြမ်းဖက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထပ်မံ တရားရင်ဆိုင်ရအုံးမှာပါ။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ မီဒီယာလွတ်လပ်ခွင့်ကို အကြီးအကျယ် ချိုးဖောက်ခဲ့ပြီး လွတ်လပ်တဲ့ သတင်းဌာနတွေကို ပိတ်သိမ်းတာ၊ ရာနဲ့ချီတဲ့ မီဒီယာသမားတွေ၊ သတင်းထောက်တွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်နေပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဘာချလက်က ဖက်ဆီးထားတဲ့ ဂျာနယ်လစ်တွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ မနေ့က တောင်းဆိုခဲ့ပါတယ်။

    “ဖေ​ဖော်ဝါရီ ၁ ရက်နေ့ကတည်းက စတင်ပြီး ဂျာနယ်လစ်တွေ တိုက်ခိုက်ခံရတယ်။ မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်အာဏာရှင် တွန်းလှန်မှုတွေ ဖော်ထုတ်တင်ပြဖို့ ဂျာနယ်လစ်တွေရဲ့ ကြိုးပမ်းမှုကို စစ်ခေါင်းဆောင်တွေဟာ ပေါ်ပေါ်ထင်ထင်ပဲ ဖိနှိပ်လာပါတယ်။ အရင် စစ်အာဏာရှင်တွေလက်ထက်က မြင်ခဲ့ရတဲ့ သတင်းထိန်းချုပ်မှု၊ ဆင်ဆာဖြတ်မှုနဲ့ ဝါဒဖြန့်မှု ပုံစံကိုအလျင်အမြန်ပဲ ပြန်ရောက်သွားပါတယ်”

    စစ်ကောင်စီက အခုအချိန်အထိ ဖမ်းဆီးထားတဲ့ ဂျာနယ်လစ်ပေါင်း ၄၇ ဦးရှိပြီး၊ ၂၀ က ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံထားရပါတယ်။

    ဖန်စတာကို တံခါးပိတ် ကြားနာစစ်ဆေးတာမျိုးဟာ မျှတတဲ့ တရားစီရင်မှု မဟုတ်သလို၊ မီဒီယာဖိနှိပ်မှုကြောင့် လွတ်လပ်ပြီး တိကျတဲ့ သတင်းအချက်အလက်ပေါ် မှီခိုနေရတဲ့ လူ့အဖွဲ့အစည်းမှာ မလုံခြုံမှု တိုးလာစေတယ်လို့လည်း ဘာချလက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဂျာနယ်လစ်တွေကို ဖိနှိပ်ညှင်းပမ်းတာ၊ အင်တာနက်ပိတ်တာ၊ လွတ်လပ်စွာ အွန်လိုင်းသုံးစွဲမှုနဲ့ အချက်အလက်ရယူနိုင်မှုကို ကန့်သတ်တာတွေကြောင့် အသက်ရှင်သန်ဖို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူတွေ ရရှိဖို့ ခက်ခဲလာပါတယ် ”

    Ref: Reuters

  • အမေရိကန် ဂျာနယ်လစ်ကို စစ်ကောင်စီက ထောင် ၁၁ နှစ်ချ

    အမေရိကန် ဂျာနယ်လစ်ကို စစ်ကောင်စီက ထောင် ၁၁ နှစ်ချ

    ​နိုဝင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -အမေရိကန်နိုင်ငံသား ဂျာနယ်လစ် ဒန်နီဖန်စတာကို စစ်ကောင်စီက ဒီကနေ့မှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ပါတယ်။

    လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု၊ တရားမဝင်အဖွဲ့အစည်းနဲ့ဆက်သွယ်မှု၊ စစ်တပ်ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကို အားပေးထောက်ခံမှု စတဲ့စွဲချက်တွေမှာ အပြစ်ရှိကြောင်း တွေ့ရတယ်လို့ဆိုကာ ထောင်ဒဏ်ချမှတ်လိုက်တာပါ။

    အဲဒီစွဲချက်တွေဟာ သူဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် ပထမဆုံးတင်ခံရတဲ့ စွဲချက်တွေဖြစ်ပါတယ်။ ဖန်စတာဟာ အခုတစ်ပတ်အစောပိုင်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မတွေနဲ့လည်း ထပ်မံတရားစွဲဆိုခံထားရပါတယ်။ ပြစ်ဒဏ် ကြီးကြီးမားမား ပေးနိုင်တဲ့ ဒီပုဒ်မတွေအတွက် နိုဝင်ဘာ ၁၆ ရက်နေ့မှာ စတင်ကြားနာဖို့ ရှိနေပါတယ်။

    အသက် ၃၇ နှစ်အရွယ် ဖန်စတာဟာ Frontier Myanmar သတင်းဌာနရဲ့ အဲဒီတာတစ်ဦးဖြစ်ပြီး မေလအတွင်း ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

    အခုထောင်ဒဏ်ချမှတ်လိုက်တဲ့ စွဲချက်တစ်ချို့ဟာ စစ်ကောင်စီက ပိတ်သိမ်းထားတဲ့ Myanmar Now မီဒီယာနဲ့ ဆက်စပ်တဲ့အမှုတွေဖြစ်ပါတယ်။ ဒါပေမယ့် ဖန်စတာဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လကတည်းက Myanmar Now ကနေ နှုတ်ထွက်ပြီး Frontier Myanmar မှာ အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: CNN

  • မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေငြာချက်ထုတ်

    မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေငြာချက်ထုတ်

    နိုဝင်ဘာ ၁၁၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်ဆိုင်းပြီး ပြည်သူတွေရဲ့ သဘောဆန္ဒအတိုင်း အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။

    အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးရဲ့ သဘောတူညီချက်နဲ့ မနေ့က ဒီကြေငြာချက်ကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

    ချင်းပြည်နယ်အနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့နေတဲ့အချိန် ဒီကြေငြာချက် ထွက်ပေါ်လာတာပါ။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပြီး လူ့အခွင့်အရေးချိုးဖောက်မှု​တွေ အများအပြားဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

    ပြီးခဲ့တဲ့လ ချင်းပြည်နယ်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ လူနေရပ်ကွက်တွေကို ပစ်တာကြောင့် ထန်တလန်မြို့မှာ အိမ်တွေနဲ့ ဘုရားကျောင်းတွေ မီးလောင်ပျက်ဆီးခဲ့ပါတယ်။

    လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ လတ်တလော မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ထပ်ဖြစ်နေတာနဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်မိတယ်လို့ ဖော်ပြထားပြီး ဒီလိုအကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ပြည်သူတွေ ဘေးအန္တရာယ်ကင်းအောင် ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

    “ဖေဖော်ဝါရီ ၁ ရက်နေ့ အရေးပေါ်အခြေအနေ ကြေငြာပြီးနောက်ပိုင်း မြန်မာနိုင်ငံက အဖြစ်အပျက်တွေအတွက် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း အဖွဲ့ဝင်နိုင်ငံတွေက ထပ်လောင်းပြောကြားခဲ့ပြီး၊ စစ်တပ်အနေနဲ့ အဆုံးစွန်ဆုံး ထိန်းချုပ်ကိုင်တွယ်ဖို့ တိုက်တွန်းလိုက်ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဆွေးနွေးညှိနှိုင်းမှုတွေကနေ အဖြေရှာဖို့လည်း လုံခြုံရေးကောင်စီက ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။

    “မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒနဲ့ အကျိူးစီးပွားကို ရှေ့ရှုပြီး စေ့စပ်ဆွေးနွေး၊ ညှိနှိုင်းအဖြေရှာဖို့ အဖွဲ့ဝင်နိုင်ငံတွေက တိုက်တွန်းဆော်ဩလိုက်ပါတယ်”

    မတည်ငြိမ်မှုတွေကြောင့် အတိဒုက္ခရောက်နေကြတဲ့ သူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့၊ အကူအညီပေးရေးအဖွဲ့တွေနဲ့ ကျန်းမာရေးလုပ်သားတွေ ဘေးအန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးဖို့လည်း လုံခြုံရေးကောင်စီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • စစ်ခေါင်းဆောင်နှင့်တွေ့ခဲ့သည့် မြန်မာပြည်ရောက် အမေရိကန်သံတမန်ဟောင်း ဘာတွေဖွင့်ဟသလဲ

    စစ်ခေါင်းဆောင်နှင့်တွေ့ခဲ့သည့် မြန်မာပြည်ရောက် အမေရိကန်သံတမန်ဟောင်း ဘာတွေဖွင့်ဟသလဲ

    နိုဝင်ဘာ ၉၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအရ သွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ အပြုသဘောဆောင်ခဲ့ပြီး ​ဝေဖန်မှုတွေကိုလည်း လက်ခံတယ်လို့ အမေရိကန် သံတမန်​ဟောင်း ဘီလ်ရစ်ချက်ဆန်က ပြောကြားလိုက်ပါတယ်။

    ရစ်ချက်ဆန်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ထင်ပေါ်ကျော်ကြားသူတစ်ဦးပါ။

    ပြီးခဲ့တဲ့တစ်ပတ်က ခရီးစဉ်မှာ ကိုဗစ်ကာကွယ်ဆေးကိစ္စ၊ ​အခြားဆေးဝါး ထောက်ပံ့ရေးကိစ္စနဲ့ ပြည်သူ့ကျန်းမာရေး လိုအပ်ချက်တွေကို ဆွေးနွေးခဲ့တယ်လို့ AP သတင်းဌာနနဲ့ မနေ့က အင်တာဗျူးမှာ ရစ်ချက်ဆန်က ပြောပါတယ်။

    “ဒီတိုင်းပြည်အတွက် ကျွန်တော် တော်​တော်လေး လုပ်ပေးခဲ့တယ်။ အဲဒီ့အတွက် သူတို့က ဖိတ်တာပါ။ ကာကွယ်ဆေးကိစ္စ ပြောချင်တယ်လို့ နိုင်ငံခြားရေးဝန်ကကြီးဌာနက စာပို့ပြီး ကျွန်တော့်ကို ဖိတ်လိုက်တာပါ။ ဒီတိုင်းပြည်ကို ကျွန်တော် ဂရုစိုက်တယ်။ အပြောင်းအလဲ လုပ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်။ နည်းနည်းဖြစ်ဖြစ်ပေါ့ဗျာ”

    ရစ်ချက်ဆန်ဟာ လွှတ်တော်အမတ်ဘ၀ကတည်းက မြန်မာနိုင်ငံနဲ့ အဆက်အသွယ်ရှိတာပါ။ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၉၉၄ ခုနှစ်မှာ တွေ့ဆုံခဲ့ဖူးပါတယ်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှုကိစ္စကို ဖြေရှင်းရာမှာ အကြံပေးဖို့ NLD အစိုးရက အကြံပေးအဖွဲ့ထဲမှာ ရစ်ချက်ဆန်ကို ထည့်ခဲ့ပေမယ့် ဒီအဖွဲ့ဟာ စစ်တပ်ကို ကာကွယ်ပေးမယ့်အဖွဲ့ ဖြစ်တယ်လို့ဆိုတာ ရစ်ချက်ဆန်တစ်ယောက် အဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါတယ်။

    မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ရစ်ချစ်ဆန်ဟာ ဝေဖန်မှုတော်တော်များများကို ခံခဲ့ရပါတယ်။ သူ့ခရီးစဉ်ဟာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုရာရောက်နေတယ်လို့ ဝေဖန်သံတွေထွက်ခဲ့ပြီး ရစ်ချက်ဆန်ကတော့ ဒီလိုမထင်ဘူးလို့ ဆိုပါတယ်။

    “အသိအမှတ်ပြုမှုဆိုတာ ပြည်သူတွေ၊ အစိုးရတွေကနေ ပေးရတာပါ။ ကျွန်တော်က ဘာကောင်မှမဟုတ်ပါဘူး။ သာမန်လူတစ်ယောက်၊ မြန်မာနိုင်ငံကိုစိတ်ပူတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်ပါ။ ကြောက်မက်ဖွယ် အကြမ်းဖက်မှု၊ ထိခိုက်နာကျင်မှုဖြစ်နေချိန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေချိန်၊ ကာကွယ်ဆေးလိုအပ်နေချိန်မှာ ကျွန်တော် ဖိတ်ကြားခြင်းခံခဲ့ရတယ်။ ကျွန်တော် တစ်ခုခု လုပ်နိုင်တယ်လို့ ခံစားရတယ်။ လုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်”

    သူ့ခရီးစဉ်ကို တစ်ချို့က အလွဲသုံးစားလုပ်ဖို့ ကြိုးစားတာမျိုးရှိကြောင်း၊ သူတည်ထောင်ထားတဲ့ အကူအညီပေးရေးအဖွဲ့ Richardson Center for Global Engagement က ဝန်ထမ်းတစ်ဦး လွတ်လာတာ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ၊ ကာကွယ်ဆေးတွေ ထပ်ပေးနိုင်တာ၊ ကြက်ခြေနီအဖွဲ့က အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးမှု ပြန်လုပ်ဖို့ ပြောနိုင်တာ စတာတွေအတွက် ကျေနပ်မိကြောင်းလည်း ရစ်ချက်ဆန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စစ်ကောင်စီအကြီးအကဲနှင့်တွေ့

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မိနစ် ၉၀ ကျော်ကြာ တွေ့ဆုံ​ဆွေးနွေးရာမှာ နိုင်ငံရေးအကြောင်း မပြောခဲ့ဘူးလို့ ရစ်ချက်ဆန်က ပြောပါတယ်။

    “ကျွန်တော်တို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီပေးခွင့်ရဖို့အကြောင်း၊ ကာကွယ်ဆေးအကြောင်းပဲ ပြောတယ်။ ကျွန်တော်က ပြောတယ်။ သူနားထောင်ပြီး ပြန်ပြောတယ်။ ကျွန်တော့် အစီအစဉ်တွေကို သူ သဘောကျတဲ့ ပုံစံမျိုးပါပဲ”

    ဆွေးနွေးခဲ့တဲ့ကိစ္စတွေထဲမှာ အကျဉ်းထောင်တွေကို ကြက်ခြေနီအဖွဲ့က ပြန်လည်စစ်ဆေးဖို့ ကိစ္စ၊ ကုလအဖွဲ့အစည်းတွေနဲ့ အန်ဂျီအိုတွေ မြန်မာနိုင်ငံထဲ အကူအညီပေးဖို့ ဝင်ရောက်ခွင့် တောင်းတဲ့အခါ ကြာနေတာကို ဖြေရှင်းပေးဖို့၊ ကာကွယ်ဆေး မြန်မြန်ဆန်ဆန်နဲ့ အညီအမျှ ပေးနိုင်ရေး နည်းလမ်းတွေ ပါဝင်တယ်လို့ ရစ်ချက်ဆန်က ဆိုပါတယ်။

    မြန်မာခရီးစဉ်မှာ ရစ်ချက်ဆန်ဟာ စစ်ကောင်စီ တာဝန်ရှိသူ​တွေ၊ အမေရိကန်သံအမတ်အပါဝင် နိုင်ငံခြား သံတမန်တွေ၊ ကုလနဲ့ အခြား နိုင်ငံတကာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    တစ်ချို့ကိစ္စတွေ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ ကာကွယ်ဆေးဖြန့်ဖြူးရေးကိစ္စ စတာတွေမှာ တိုးတက်မှုရှိလာတာကို တွေ့ရပြီး သူ့ရဲ့ခရီးစဉ်က တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်တယ်လို့ ယူဆကြောင်း ရစ်ချက်ဆန့်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : AP