News @ M-Media
Tag: myanmarmuslim
  • ပါဠိ ပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်မ် (B.A., B.Es.) (၁၈၈၉-၂၂ နိုဝင်ဘာ ၁၉၅၄)
    တက္ကသိုလ်သုံးဝေါဟာရများကို ပထမဆုံး မြန်မာပြန်ဆိုသူများအနက် ပါဝင်ခဲ့သူ
    ၁၉၃၀ ပြည့်နှစ်မတိုင်မီက တက္ကသိုလ်ကျောင်းသားများသည် ပါမောက္ခကို Professor တက္ကသိုလ်ကို့ University ဟု အင်္ဂလိပ်လို ခေါ်ခဲ့ရသည်။ ၁၉၃၀ ပြည့်နှစ်ရောက်သောအခါတွင် ဆရာကြီးသခင်ဘသောင်းက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး တက္ကသိုလ်သုံးဝေါဟာရများကို မြန်မာပြန်ဆိုသည်။ ဆွေးနွေးတိုင်ပင်ပြန်ဆိုသူများတွင် ထိုစဉ်က ပါဋ္ဌိကထိက ဆရာကြီး အဟ်မဒ်ကာစင်မ် ပါဝင်ခဲ့သည်။
    အင်္ဂလိပ်ခေတ်၌ အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံတွင် ပါဋ္ဌိ ပထမပြန်စာမေးပွဲကိစ္စများကို စီစဉ်ဆောင်ရွက်ရန် ပါဋ္ဌိဘာသာ ပညာရေးအဖွဲ့တစ်ခုဖွဲ့ပေးထားသည် ထိုအဖွဲ့၌ အစိုးရခန့်အဖွဲ့ဝင်အဖြစ် ပါမောက္ခအဟ်မဒ်ကာစင်သည် ဦးလူဖေဝင်း၊ ဒေါက်တာသိမ်းမောင်၊ ဝဇီရဗုဒ္ဓိ ဦးဖိုးစိန်၊ ဦးဘရုပ်တို့နှင့်အတူ ပါဝင်ခဲ့သည်။
    ဆရာကြီးအဟ်မဒ်ကာစင်သည် ၁၉၁၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းသည့် မြန်မာနိုင်ငံသုတေသနအသင်းတွင် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အသင်း၏ နာယကမှာ ပြည်ထောင်စုမြန်မာနိုင်ငံ ဝန်ကြီးချုပ် သခင်နုဖြစ်ပြီး ဥက္ကဌမှာ ခန်ဆာဟစ် Aကာစင်B.A ဖြစ်သည်။ ဒုတိယဥက္ကဌမှာ ဆရာကြီး ဦးဖေမောင်တင်နှင့် ဂျီအိပ်ခ်ျ လုစ် တို့ဖြစ်သည်။
    ဆရာကြီးအဟ်မဒ်ကာစင်သည် ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန်ဆိုရန်အတွက် ၁၉၄၈ ခု၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ကုရ်အာန်ဘာသာပြန် စာပေပရိယတ္တိ ကော်မတီတွင် ပါဝင်ခဲ့သည်။ ကုရ်အာန်ဘာသာပြန်ဌာနကို ကြီးကြပ်အုပ်ချုပ်၍ ကော်မတီစတင်ဖွဲ့စည်းသည့် ၁၉၅၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်နေ့မှ ကွယ်လွန်သည့် ၁၉၅၄ ခု နိုဝင်ဘာ ၂၂ ရက်နေ့အထိ ဘာသာပြန်စာမူ တည်းဖြတ်ရေးအဖွဲ့တွင် သဘာပတိအဖြစ် ဆောင်ရွက်ကာ ဘာသာပြန်စာမူကြမ်းများကို တည်းဖြတ်ခဲ့သည်။ ဆရာကြီးသည် အရဗီ၊ ဖာရစီ၊ အူရဒူ၊ ပါဋ္ဌိနှင့် အင်္ဂလိပ်စာပေတို့တွင် ကျွမ်းကျင်သည်။ ကုရ်အာန်ဘာသာပြန်ဆိုမူနှင့် ပတ်သက်၍ အများဆုံး အကြံဥာဏ်ပေးခဲ့သည်။
    ထို့အပြင် မြန်မာနိုင်ငံ အစ္စလာမ်စာပေသမိုင်းတွင် အရဗီဘာသာစကားနှင့်စပ်လျဉ်းသည့် ပထမဆုံးအဘိဓာန်ကြီးဖြစ်သော “ကုရ်အာန်ကျမ်းတော်ကြီး အရဗီ၊ အင်္ဂလိပ်၊ မြန်မာအဘိဓါန်” (၁၉၄၁)ကိုလည်း ကြီးကြပ်စစ်ဆေးပေးခဲ့သည်။ ထိုအဘိဓာန်ကို ဒေါက်တာ ဟာဂျီ အဗ္ဗဒူလ်ဂဖူရ်(ခ)ဦးဘချို၊ မော်လဝီ မုဟမ္ဓဒ် ရဟမတွလ္လာဟ်ဆပ်၊ မော်လဝီ အဗ္ဗဒူရာမန်နဒ်ဝီဆပ်တို့က ဘာသာပြန်ဆိုသည်။ စင်္ကာပူမြို့ အငြိမ်းစား တရားသူကြီး အလ်ဟာဂ်ျဟာဖိဇ် ဂိုလာမ်ဆာရ်ဝါရ(M.A)အင်္ဂလိပ်ဘာသာဖြင့် ပြုစုခဲ့သည့် အရဗီ-အင်္ဂလိပ်အဘိဓါန်ကို အခြေခံပြီး မြန်မာပြန်ဆို ဖြည့်စွက်ပြုစုခြင်းဖြစ်သည်။ ထိုအဘိဓာန်ကို ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ် ပါမောက္ခ ဆရာကြီးခါန်ဆာဟစ်ဘ် အဟ်မဒ် ကာစင်မ်က ကြီးကြပ်စစ်ဆေးသည်ဟု ဖော်ပြထားသည်။
    ဆရာကြီးသည် ၁၉၂၃ ခု နိုဝင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာဌာန ကြီးကြပ်သူအဖြစ်ဆောင်ရွက်ခဲ့သည်။ ပညာရေးလောက၌ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည်။ နောက်ပိုင်းတွင် ပါဋ္ဌိဌာန၌ ပါမောက္ခအဖြစ် အမှုထမ်းခဲ့သည်။ အသက် ၆၅ နှစ်အရွယ် ၁၉၅၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
  • ဒုတိယအကြိမ် ကျောင်းသားသပိတ်ကြီး၏ ခေါင်းဆောင်၊ လွတ်လပ်သော မြန်မာနိုင်ငံတော်၏  ဗိသုကာဖခင်ကြီး တစ်ဦးဖြစ်သူ ဦးရာရှစ်
    ဒုတိယအကြိမ် ကျောင်းသားသပိတ်ကြီး၏ ခေါင်းဆောင်၊ လွတ်လပ်သော မြန်မာနိုင်ငံတော်၏ ဗိသုကာဖခင်ကြီး တစ်ဦးဖြစ်သူ ဦးရာရှစ်
    ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊  ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ ဦးရာရှစ်(လယ်) နှင့် သခင်အောင်ဆန်း(ဘေးကပ်လျက်)။တစ်နိုင်ငံလုံးတွင် ဒုတိယကျောင်သား သပိတ် ပေါပေါက်ရေးအတွက် အဓိကတာဝန်ယူဦးဆောင်ခဲ့သော (ထိုစဉ်က) ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။ 
    “ … ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကြီး၏ ပထမဆုံးဖြစ်သော ညီလာခံကို မန္တလေးမြို့တွင် စတင်ကျင်းပရန် နေ့ရက်များပင် ကန့်သတ်ပြီးခဲ့ပြီ။
    … မန္တလေးမြို့၌ နွေရာသီအတွင်း ပထမဆုံးဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားညီလာခံကျင်းပ ကြလေပြီ။ မစ္စတာရာရှစ်အား ဥက္ကဋ္ဌ၊ ကိုအောင်ဆန်းအား အတွင်းရေးမှူးအဖြစ် ရွေးချယ်ကြ၏။
    “ …မာလိန်မှူး ကိုနု နှင့် ပဲ့ကိုင် ကိုအောင်ဆန်း တို့ ခေါင်းဆောင်သော သပိတ်ကရ၀ိတ်ဖောင် တော်ကြီးသည် မြန်မာပြည်တခွင် ပြဲပြဲစင်အောင် အနှံ့အပြား ရွက်တိုက်ခဲ့၏။ အနယ်နယ်က ကျောင်းသားများပါ သပိတ်မှောက်ကြ၏။ သပိတ်အင်အား တစ်နေ့တခြား တိုးတက်ကြီးမားခဲ့၏။ ရှေးက သပိတ်မျိုးမဟုတ်၊ အကြံသစ်ဥာဏ်သစ် ခြေလှမ်းသစ်များနှင့် တိုက်ပွဲကို ဆင်နွှဲကာ အရေးဆိုလျက်ရှိ၏။ ဤအချင်းအရာများကို ကြည့်ခြင်းအားဖြင့် ကိုနု၊ ကိုရာရှစ်၊ ကိုအောင်ဆန်း၊ ကိုလှဖေ၊ ကိုအုန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ ကိုထွန်းအုန် တို့ ကြံရည်ဖန်ရည် ပေါ်လွင်စေ၏။ အစိုးရစုံထောက်ကိုပင် တုံ့ပြန်စုံထောက်၍ ဘုရားစောင်းတန်းမှ နှင်ထုတ်ခဲ့၏။ တက္ကသိုလ်အာဏာပိုင်တို့၏ အကြံအစည်ကို ညဥ့်တွင်းချင်း သိနိုင်ခဲ့၏။ ကျောင်းသားတို့၏ စိတ်ဓာတ်အမြဲ တက်ကြွစေခဲ့၏ ။” (ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ္တ၊ ရဲဘော်စာအုပ်တိုက်၊ ၁၉၅၁ နိုဝင်ဘာ၊ တည်းဖြတ်သူ သခင်ကိုယ်တော်မှိုင်း၊ စာ ၅၄ )
    “ .. နောက် သည်နှစ်ပြီးတော့ ၁၉၃၅-၃၆ ခုနှစ်မှာ တက္ကသိုလ်သမဂ္ဂအသင်း ရွေးကောက်ပွဲလုပ် ကြသည်။ သည်ရွေးကောက်ပွဲမှာကိုအောင်ဆန်းတို့ ကိုကျော်ငြိမ်းတို့ ကိုသိန်းဖေ တို့ စီမံချက်တိုက်တွန်း ချက်အရ ကျွန်တော်က ဥက္ကဋ္ဌအဖြစ် အရွေးခံတယ်။ ကိုအောင်ဆန်း တို့၊ ကိုကျော်ငြိမ်းတို့၊ ကိုသိန်းဖေ တို့ မစ္စတာ ရာရှစ်တို့က အမှုဆောင်လူကြီးများအဖြစ် ၀င်ပြီး အရွေးခံတယ်။ အားလုံး ကျွန်တော်တို့ လူချည်းပဲရပါတယ်။ ( ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံး၍ ကြေကွဲဝမ်းနည်းကြောင်း အဆို သခင်နု တင်သွင်းခဲ့စဉ်က ပြောစကားမှ စာ ၂၀၂ )
    ဒုတိယအကြိမ်၊ ကျောင်းသားသပိတ်ကြီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပထမအကြိမ် စတင်ဖွဲ့စည်းသည့် ကျောင်းသားသမဂ္ဂတို့နှင့်ပတ်သက်၍ တင်ပြလိုပါသည်။
    ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် ဦးနု-ဥက္ကဋ္ဌ၊ အမ် အေ ရာရှစ် ဒု-ဥက္ကဋ္ဌ၊ ဦးအောင်ဆန်း-အတွင်းရေးမှူး၊ ဦးအုန်း – ငွေထိန်း၊ အမှုဆောင်များအဖြစ် ဦးသီဟန်၊ ဦးထွန်းတင်၊ ဦးဘခက်၊ ဦးထွန်းအုံ၊ ဦးသာလှ တို့ အရွေးချယ်ခံရသောနှစ်ပင်ဖြစ်ပါသည်။
    တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ အိုးဝေမဂ္ဂဇင်းထုတ်ဝေရေးတွင် ဦးအောင်ဆန်း အား တာဝန်ခံ အဖြစ် ပေးအပ်ခံရသည်။ တက်္ကသိုလ်၏ မျက်မှောက်ရှုပ်ထွေးပွေလီမှုများကို လှောင်ပြောင်ထိုးနှက်သည့်  ( Hell Hound of Large ) “ငရဲခွေးကြီး လွတ်နေပြီ ” ဆောင်းပါးရှင်အား ဖော်ထုတ်ပေးရန် ကျောင်းအုပ်ကြီး မစ္စတာ ဒီဂျေ စလော့ဒ် ၏ မေးမြန်းချက်ကို ငြင်းဆိုခဲ့သော ဦးအောင်ဆန်းအား တက္ကသိုလ်မှ ထုတ်ပယ်ပစ်လိုက်သည်။
    အိုးဝေ ဦးညိုမြ ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတိ္တအကျဉ်းချုပ်မှ ကောက်နုတ်ချက်
    (၁၉၃၅)ခုနှစ်တွင် ကိုအောင်ဆန်း က တက္ကသိုလ်သမဂ္ဂအဖွဲ့၌ အယ်ဒီတာလုပ်ရန် ကျွန်တော့်ထံ လာရောက်စည်းရုံး၏။ ကျွန်တော် က အိုင်အေ မအောင်သေး၍ ထိုနှစ်အဖို့ သူပင် အယ်ဒီတာလုပ်ပါ။ ရှေ့နှစ်ခါမှ လုပ်ပါရစေဟု အပေးအယူ မျှတသွား၏။
    ထိုသို့ သူနှင့်ကျွန်တော် ပူးတွဲမိရာမှ သမဂ္ဂ မဂ္ဂဇင်း၌ (ငရဲခွေးကြီး လွတ်ပြေးနေပြီ) ဟူသော ဆောင်းပါးပါရှိကာ မဂ္ဂဇင်းထွက်ပေါ်ချိန်၌ ၁၉၃၆ ခု၊ ရန်ကုန်တက္ကသိုလ်သပိတ် ဖြစ်ပွားရလေသည်။
    ထိုနှစ်က ကျောင်းသားလောကတွင် လှုပ်ရှားမှုများရှိရာ သခင်တို့၏ နိုင်ငံရေးလှုံ့ဆော်မှုများလည်း ရှိ၏။ တက်္ကသိုလ်၌လည်း အလိုတော်ရိကျောင်းသားများနှင့် သမဂ်္ဂအုပ်စုတို့၏ ပဋိပက်္ခများလည်း ရှိ၏။ ကျောင်းတက်ချိန်၌ တက်သူ၊ မတက်သူများ နာမည်ခေါ်ချိန်တွင် အင်္ဂလိပ်လို Present Sir (ရှိပါသည်ခင်ဗျား)ဟု ဆိုရမြဲဖြစ်ရာ ကျောင်းသားတစ်ဦးက (Sir ဆာ)ဟူသော စကားလုံးကို ချန်လှပ်ခဲ့သည်ဆိုကာ ကျောင်းထုတ်၏။ ထို့နောက် ကောလိပ်ကျောင်း၌ ကြေညာချက်များ ကပ်ထားသော သင်ပုန်းမှ စက္ကူကို ဖြုတ်သည်ဆိုသော ကျောင်းသားကိုလည်း ကျောင်းထုတ်ပစ်ပြန်၏။ ကျောင်းလခ ပေးရန် နောက်ကျသူများအတွက် အလိုတော်ရိအုပ်စုဝင်မဟုတ်လျှင် ဒဏ်ရိုက်ခံရ၏။
    ထိုနှစ်က သမဂ္ဂဥက္ကဋ္ဌမှာ ဦးနု ဖြစ်လေသည်။ သူ့ကိုလည်း နိုင်ငံရေးမိန့်ခွန်းများဟောပြောသည် ဆိုကာ ကျောင်းထုတ်ပြန်၏။ အကြောင်းကြောင်းကြောင့် ကျောင်းထုတ်ခံရသူများ များပြားလာရာ ဥက္ကဋ္ဌ ဦးနု ကို ထုတ်ခြင်းဖြင့် ကျောင်းသားသမဂ္ဂကို ဖိနှိပ်လိုကြောင်း ထင်ရှားလာတော့၏။
    သမဂ္ဂဥက္ကဋ္ဌ ကိုနု နှင့် ကိုရာရှစ်
              ဤတွင် သမဂ္ဂအာဘော်ဖြစ်သော အိုးဝေမဂ္ဂဇင်း၌ တာဝန်ခံထုတ်လုပ်သူများမှာ ကိုအောင်ဆန်း နှင့် ကျွန်တော်ဖြစ်နေ၏။ သမဂ္ဂ၏ ပြန်ကြားရေးတာဝန်ကို ထမ်းဆောင်ရသူများဖြစ်၍ သူနှင့် ကျွန်တော် အနေဖြင့် တစ်နည်းတစ်ဖုံ ထိရောက်စွာ တုံ့ပြန်ရန်မှာ ရှောင်လွှဲ၍ မဖြစ်တော့ချေ။ စာပေအရေးအသား၌ ကိုအောင်ဆန်း က ကျွန်တော့်ကို အားကိုသည်ဖြစ်၍ ထို “ ငရဲခွေး ပေးစာ ” ကို ကျွန်တော်ပင်ရေးသား ပါသည်။
    ထိုစာကိုရေးသားရာ၌ မည်သူ့ကိုမျှ မတိုင်ပင်ဘဲ သန်းခေါင်အချိန် ကျွန်တော်၏ သထုံဆောင် အခန်း၌ တံခါးပိတ်ရေးသားခဲ့သည်။ ယခင် မိမိရေးသားသော စာပေကဗျာစသည်တို့ကို ရေးပြီးလျှင် ဟိုဆရာ၊ ဒီဆရာ ပြကာ ဝေဖန်ချက်တောင်းခံလေ့ရှိ၏။ သို့သော် ယခုတစ်ကြိမ်၌ကား မည်သူ့ကိုမျှ မပြချေ။ အန္တရာယ်ရှိသော စာပေဖြစ်၍ နောင်အခါ အမှုအခင်းဖြစ်သော် ဆရာများ၊ သူငယ်ချင်းများကို မထိခိုက်စေလို၍ ဖြစ်သည်။
    ထိုဆောင်းပါးကို အယ်ဒီတာထံပေးစာအသွင်၊ ခပ်တိုတိုပင် အင်္ဂလိပ်ဘာသာဖြင့် ရေးလိုက်သည်။ ထိုခေတ်ကဗျာများမှာ စာမေးပွဲကျရှုံးသူများ၊ သခင်ပေါက်စများ၊ နောင်ရေးအလားအလာကင်းမဲ့သူများ စသည်ဖြင့် အာဏာပိုင်တို့က ပုတ်ခတ်ဝါဒဖြန့်လေ့ရှိသဖြင့် မြန်မာဘာသာနှင့်သာမက အင်္ဂလိပ်လိုလည်း ရေးတတ် ဆဲတတ်ပါသည်ဆိုသောအချက်ကို သိစေရန်ဖြစ်သည်။ အင်္ဂလိပ်ကျောင်းအုပ်ကြီးအနေဖြင့် မြန်မာလိုရေးလျှင် သူတစ်ပါးက ဘာသာပြန်ပေးရာတွင် လိုတိုးပိုလျှော့လုပ်မည်စိုးရိမ်၍လည်း အင်္ဂလိပ်လို ရေးလိုက်ခြင်းဖြစ်၏။
    ထိုစာမှာ ပုဂံကျောက်စာကဲ့သို့ ကျိန်ဆဲစာသဘောမျိုးဖြစ်သည်။ ငရဲပြည်ကို အုပ်စိုးသော ယမမင်း က ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာ “ အ၀ီစိမှ ခွေးနက်ကြီးတစ်ကောင် လွတ်ပြေးကြောင်း နောက်ဆုံး သတင်းအရ တက္ကသိုလ်နယ်မြေသို့ ရောက်ရှိသောင်းကျန်းနေသည်ဟုဆိုကြောင်း၊ ခွေးနက်ကြီး၏ ပုံပန်း သဏ္ဍာန်ကို အများသိနိုင်အောင် ရာဇ၀တ်ကောင် ကြေညာသကဲ့သို့ ဖော်ပြပါရှိ၏။ ထိုခွေးကို တွေ့ရှိက အ၀ီစိသိုက ပြန်လည်ကန်ချလိုက်ပါ ” ဟု တိုက်တွန်းထား၏။
    အိုးဝေမဂ္ဂဇင်း၌ ထိုဆောင်းပါး ပါရှိလာသောအခါ ကျောင်းအုပ်ကြီး ဒေါက်တာဆလော့က ကိုအောင်ဆန်းကို ခေါ်ယူကာ ရေးသူတရားခံ၏ အမည်ကို ဖော်ထုတ်ခိုင်း၏။ ကိုအောင်ဆန်းက အယ်ဒီတာတို့သည် စာရေးသူ၏ အမည်ကို ဖွင့်ပြောရိုးထုံးစံမရှိဟု ပြန်ပြော၏။ ဤတွင် သူ့ကိုလည်း ကျောင်းမှ ထုတ်လိုက်၏။ ဤသို့ဖြင့် (၁၉၃၆)ခုနှစ် တက်္ကသိုလ်သပိတ်ကြီးပေါ်ခဲ့သည်။
    ၁၉၃၅ ခု၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ (၂)နာရီမှစ၍ တက်္ကသိုလ်သမဂ်္ဂကျောင်းဆောင်တွင် ကျောင်းသား(၇၀၀)ကျော် စုဝေးရောက်ရှိနေကြသည်။ “ ကျောင်းသားများ၏ ဆန္ဒက မကျေနပ်၊ နှုတ်မှ ဖွင့်ဟကာ ဒီလို ငုံ့ခံနေလို့ မဖြစ်ဘူး လက်ရဲဇက်ရဲဖြစ်လာသည်။ အလိုတောရိတွေကို အာဏာပိုင်က မျက်နှာသာပေးတယ် ” စသဖြင့် တီးတိုးပြောသူက ပြော ကြမ်းပြင်ထိုင်သူ ထိုင်၊ မတ်တတ်ရပ်သူ ရပ်၊ ဦးနု က သဘာပတိမလုပ်၊ ဦးအောင်ဆန်း နှင့် ပရိသတ်အလည်တွင် ထိုင်နေပါသည်။
    မစ္စတာ ရာရှစ်၏ အခန်းကဏ္ဍကို အိုးဝေဂျာနယ်၊ ၁၅-၂-၁၉၇၁ ဗိုလ်ခင်မောင်ကလေး ရေးသား ခဲ့သော “ တက္ကသိုလ် ခြောက်ချားခဲ့သော နေ့ ” ဆောင်းပါးမှ ဖော်ပြရပါသော် …
    “ ဒုတိယဥက္ကဋ္ဌ ကိုရာရှစ် ( ဘိုင်ရှစ် ) က သဘာဝတိလုပ်၍ ကိုသီဟန်(အတွင်းရေးမှူး)က အတွင်းရေးမှူး လုပ်သည်။
    ကိုရာရှစ် က အစည်းအဝေးခေါ်ရခြင်း၏ အကြောင်းကို အင်္ဂလိပ်စကားနှင့် အကျယ်တ၀င့်ရှင်းပြ သည်။ ကျောင်းသားများ၏ လက်ခုပ်သံသည် တဖျောင်းဖျောင်း။
    ကိုရာရှစ် က ကျောင်းသားများသည် ကိုနု အား ကျောင်းထုတ်လိုက်သည်ကို သိပြီးဖြစ်ကြသည်။ ကိုအောင်ဆန်း ကိုလည်း စာမေးပွဲမလုပ်မီ မတ်လလောက်၌ ကျောင်းထုတ်လိမ့်ဦးမည်ဟု အခိုင်အလုံ သိရှိထားရသည်။ နောက်ထပ်လည်း သမဂ္ဂအမှုဆောင်လူကြီး ၃-၄ ဦးကို ကျောင်းထုတ်လိမ့်မည်ဟု သတင်းကြားရသည်။ ထို့ကြောင့် ကျောင်းသားများသည် ကျွန်တော်တို့ အမှုဆောင်များကဲ့သို့ပင် စာမေးပွဲများကို မဖြေကြရန်တိုက်တွန်းသည်။ သို့သော်လည်း ဤအစည်းအဝေးမှ ဆုံးဖြတ်ချက်ကို လက်ခံမည်ဖြစ်ကြောင်း ပြောသည်။
    ကိုခင်မောင်လေး က ကျောင်းအုပ်ကြီး မစ္စတာစလော့ ၏ ပြုမူချက်များသည် အလွန်ပင် နာကျည်းစရာကောင်းသည်။ ကျွန်တော်တို့သည် လူညံ့တွေမဟုတ်။ သံမဏိများ ဖြစ်ကြသည်။ ကျွန်တော်တို့ သံမဏိစိတ် ရှိကြသည်ဖြစ်ကြောင်းကို ယခုပြကြရမည်ဟု ပြောလိုက်သည်။ သြဘာသံကြီး သည် ဆူညံသွားသည်။
    ကိုစိန်တိုး က ကိုနုနှင့် ကိုအောင်ဆန်းကို ကျောင်းမှထုတ်လိုက်သည့်အတွက် ကျောင်းအုပ်ကြီး မစ္စတာစလော့အား ကျေးဇူးတင်ကြောင်း အဆိုကို တင်သွင်းသည်။
    ကိုဘဟန် က ထောက်ခံလိုက်သည်။
    ကိုလှဖေ (ဗိုလ်လက်ျာ) က ကျောင်းအုပ်ကြီး၏ ပြုမူချက်များသည်ကျောင်းသားများကိုသာမက မြန်မာပြည်ကိုပါ စော်ကားရာကျသည်။ ကျောင်း၌ ဆက်နေ၍ ကျေးဇူးမရှိ သပိတ်မှောက်ကြပါဟု အဆိုတင်သွင်းသည်။
    ကိုအောင်မြင့် က ထောက်ခံလိုက်သည်။
    အစည်းအဝေးသည် ဆူညံနေသည်။ (စထရိုက် စထရိုက် သပိတ်မှောက် သပိတ်မှောက် )ဟု အသံများ ပေါ်လာသည်။
    ကိုကျော်ငြိမ်း (ဒုတိယ၀န်ကြီးချုပ်ဟောင်း) က သူသည် သူ၏ မျှော်လင့်ချက်များကို စွန့်ပစ်လျက် ကျောင်းမှ ထွက်ခွာရန် ဆုံးဖြတ်ပြီးဖြစ်သည်။ သူကဲ့သို့ပင် ကျောင်းသားများသည် ကျောင်းမှ ထွက်ခွာ ကြရန် အဆိုပြုလိုက်သည်။
    ကိုလှဖေက ထောက်ခံသည်။ အစည်းအဝေးသည် ရုတ်ရုတ်သဲသဲဖြစ်သွားပြန်သည်။ သပိတ်မှောက် သပိတ်မှောက် ဟူသော အသံများ ပို၍ညံလာသည်။
    ကိုလှဖေ သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကပင် သမဂ္ဂအလုပ်အမှုဆောင်များအား သူသည် အမှုဆောင်အဖွဲ့ဝင်များနှင့်အတူ စာမေးပွဲကို မဖြေဆိုဘဲ ကိုယ်ချင်းစာသပိတ်မှောက်မည်ဟု ကတိပေး ထားပြီးဖြစ်သည်။
    ကိုသာလှ က သူသည် အလွန်ဆင်းရဲသည်။ သူ့အား သူ၏ ဦးလေး က ကျောင်းထား၍ ကျောင်းနေရပါသည်။ သူသည် ကျောင်းမှ ထောက်ပံ့ကြေးကိုလည်း တောင်းခံနေရသေးသည်။ သူ၏ ဘ၀ရည်မှန်းချက်ကို စွန့်လွှတ်၍ စာမေးပွဲကို သူသပိတ်မှောက်လိုက်ပါပြီဟု မျက်ရည် တရွှဲရွှဲနှင့် ဇာတ်ကြောင်းလှန်သည်။
    သပိတ်မှောက် သပိတ်မှောက်အသံများသည် နားကွဲလုမတတ်။
    ကိုစိုးမြင့် (မိုးညို)က ယနေ့သည် ဒုတိယအမျိုးသားနေ့ဖြစ်သည်ဟု ပြောသည်။
    ကိုနုသည် (ညီအစ်ကိုမောင်နှမတို့ထံ)အစချီ၍ ကျွန်တော့်ကို ကျောင်းထုတ်၍ ယခုကဲ့သို့ ဆူပူကြ သည်မှာ ထန်းသီးကြွေခိုက် ကျီးနားလိုက်တဲ့သဘောလောက်သာဖြစ်တယ်။ ပဲစားတွေ ကုလားတွေလို့ခေါ် ပေမဲ့ ကုလားများသည် ဘီအေဘွဲ့များ အိုင်စီအက်စ်ရာထူးများကို ပြန်အပ်ကြသည်။ စွန့်လွှတ်ကြသည်။ ကျွန်တော်သည် ဘီအေဘွဲ့ကိုသာ ပြန်အပ်နိုင်သဖြင့် ရှက်စရာပင်ကောင်းသေးသည်။ အိနိ္ဒယပြည် ဘုရင်ခံချုပ်ဟောင်း (လော့အာဝင်)က အိနိ္ဒယပြည်သည် ကျွန်သက်ရှည်ရှည်နှင့် နေသွားရန်အတွက် ပညာရေးဌာနသို့ အုပ်ချုပ်ရေးဌာနကဲ့သို့ အုပ်ချုပ်ရမည်။ ပညာသင်ကြားရေးကို စရိတ်ကြီးကြီးထားရမည်ဟု ပြောသွားသည်။ ဒီအချက်ရှိနေသမျှကာလပတ်လုံး သပိတ်မှောက်ဖို့ အဆိုတင်ရမှာပဲ ဟု ကိုနု က ပြောလိုက်သည်။ အစည်းအဝေးသည် အုတ်အုတ်ကျက်ကျက်နှင့် သပိတ်မှောက် သပိတ်မှောက် ဟု အော်သံများသည် ပဲ့တင်ထပ်မျှ ဖြစ်သည်။
    အချို့ကျောင်းသားများသည် နောက်လေးလှေကားမှ ပြန်ကြရန် လုပ်ကြသည်။ နောက်ဖေးပေါက် လှေကား၌ ကိုထွန်းအုန်၊ ကိုဘဆက်နှင့် အမာခံကျောင်းသားအချို့ရှိသည်။ သူတို့က “ ကျွန်တော်တို့ကို နင်းပြီးမှ ဆင်းသွားကြဗျာ ” ဟု ပြော၍ လှေကားထိပ်၌ ထိုင်ချလိုက်ကြသည်။
    ဘတ်စ်ကားတာဝန်ခံ ကိုသိန်းဖေ အား ကိုအုန်း က လက်တို့လိုက်သဖြင့် ကမာရွတ်ဂါတ်တဲအနီး ပြည်လမ်းမပေါ်သို့ တန်းစီ၍ ရပ်ထားသော ဘတ်စ်ကားများသည် သမဂ္ဂအဆောက်အဦးရှေ့သို့ မောင်းလာကြပြီးလျှင် စီတန်း၍ ရပ်ထားကြသည်။
    သဘာပတိ ကိုရာရှစ်က ထ၍ “ သပိတ်မှောက်ရန် တင်သွင်းထားသည့် အဆိုကို ပြန်၍ စဉ်းစားကြရန် ” သုံးကြိမ်ပြောသည်။ ကျွန်တော်သည် ဒေါသတကြီး ထိုင်ရာမှ ရုတ်ခနဲထိုင်လိုက်ပြီးလျှင်   “ ဟေ့ ရာရှစ်၊ မင်းစကားကို ရုပ်သိမ်း၊ မကြားချင်ဘူးကွာ ” ဟု ပြောရင်းက ကျောင်းသားများဘက်သို့ လှည့်၍ “သပိတ်မှောက်အဆိုကို ဘယ်လို သဘောထားပါသလဲ ” ဟု မေးလိုက်သည်။ ကျောင်းသားများ သည် “စထရိုက် စထရိုက်၊ သပိတ်မှောက် သပိတ်မှောက် ” ဟု ပြန်အော်ကြသည်။
    ကိုရာရှစ်က သပိတ်မှောက်ရန်အဆိုကို ပြန်၍ စဉ်းစားကြပါဟု တိုက်တွန်းလိုက်ခြင်းသည် ကျောင်းသားများ၏ စိတ်ကို ဆွပေးလိုက်ခြင်းဖြစ်သည်။ ကျောင်းသားများ၏ စိတ်ဓတ်ကို ပြင်းထန်လာအောင် လှုံ့ဆော်ပေးလိုက်ခြင်း ဖြစ်သည်။ ကျောင်းသားများအား အကဲစမ်းလိုက်ခြင်းဖြစ်သည်။ကျွန်တော်က ထိုအခါက ကိုရာရှစ်၏ ရည်ရွယ်ချက်ကို မရိပ်စားမိ။ ဒေါသတကြီးနှင့်ထ၍ သူ့အား ရင့်ရင့်သီးသီး ပြောလိုက်မိသည်။ သူ၏ စိတ်ဓာတ်စစ်ဆင်ရေးသည် အလွန်ထိရောက်သည်။
    သပိတ်မှောက်ပြီးနောက် ၁၅ ရက်ခန့်ကြာသည့်အခါ၌ ကျွန်တော်သည် ကိုရာရှစ် အား တောင်းပန်စကား ပြောကြားသည်။ ကိုရာရှစ် က “ ပြီးတာပြီးပါတော့၊ ကျွန်တော် ခင်ဗျားကို စိတ်မဆိုးပါဘူး ” ဟု ပြန်ပြောလေသည်။
    အစည်းအဝေးသည် တရုံးရုံးနှင့် တဝေါဝေါဖြစ်နေစဉ် ကျောင်းသားတစ်ယောက်သည် သမဂ္ဂအစည်းအဝေးခန်းမ အရှေ့ဘက် ပြတင်းပေါက်ကို လက်ညှိုးထိုး၍ “ အင်းလျားကျောင်းသူများ လာနေပြီ၊ စနတိုရီယန် (ကျောင်းသားဆေးရုံ) ရှေ့လမ်းမပေါ် ရောက်နေပြီ။ သမဂ္ဂအစည်းအဝေးတက်ဖို့ လာနေကြပြီ ” ဟု အော်ပြောသည်။
    ကျောင်းသူများကား အင်းလျားဆောင်မှ သမဂ္ဂကိုယ်စားလှယ်များ ဖြစ်ကြသည်။ ပဲခူး မခင်မြ (ကထိကပညာရေးတက္ကသိုလ်)၊ ခြင်းကြားမမကြီး (ဦးထွန်းအုန် ၏ ဇနီး)၊ မအမာ (လူထု)၊ မသိန်းကြည် (ပုသိမ်)တို့နှင့်အတူ ကျောင်းသူ(၁၅)ယောက်ခန့်သည် အစည်းအဝေးတက်ရန်လာကြသည်။
    “ မိန်းကလေးတွေတောင်ပါနေရင် ယောက်ျားတွေက ဘာသတိ္တကြောင်နေတာလဲ၊ ထဘီဝတ်ကြဟေ့၊ စထရိုက်၊ စထရိုက်” ဟု အော်ကြရင်းက ကျောင်းသားအချို့သည် ကိုနု အား ပုခုံးနှင့်ထမ်း၍ ချသွားကြသည်။ ကိုရာရှစ် အား ကျောင်းသားအချို့သည် ချိုင်းကြားမှ မပြီး ၀ိုင်း၍ အောက်သို့ ခေါ်သွားကြသည်။ ကိုရာရှစ်သည်အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း အနိုင်နိုင်ပြောကြားလိုက်နိုင်သည်။
    အင်းလျားကျောင်းသူများသည် သမဂ္ဂရှေ့သို့ ရောက်လာကြသည့်အခါ၌ ကျောင်းသားများသည် လက်ခုပ်များတီး၍ ကြိုကြသည်။ အင်းလျားကျောင်းသူများကလည်း သပိတ်မှောက်ကြမည်ဖြစ်ကြောင်း ပြော၍ကားပေါ်သို့ တက်ကြသည်။
    ထိုကျောင်းသူများအတွက် ကားတစ်စီးသက်သက်ပေးခဲ့သည်။ ကားအစီး(၃၀)နှင့် မလောက်၍ ကိုထွန်းအုန် နှင့် ကိုထိန်ဝင်း (တိုးတက်ရေးမဂ္ဂဇင်း)တို့သည် ကမာရွတ်ဂါတ်တဲအနီးမှစောင့်၍ အင်းစိန် ဘတ်စ်ကား(၄)စီးကို ငှားရသည်။ ကားများပေါ်သို့ ကျောင်းသူကျောင်းသားများ တက်ကြပြီးနောက်       “ ဘာစတီ၊ ဘာစတီ၊ စထရိုက်၊ စထရိုက် ” ဟု နားကွဲမတတ်အော်ကြလျက် အဓိပတိရှိ ကျောင်းအုပ် ဆရာကြီးအိမ်သို့ မောင်းသွားကြသည်။ ကျောင်းအုပ်ဆရာကြီးမရှိဟု အော်ပြီးနောက် အနီးရှိ အင်းလျား ကျောင်းဆောင်အထဲသို့ မခင်မြ၊ မမကြီး၊ မအမာ၊ မသိန်းကြည် တို့ ၀င်သွားကြပြီးလျှင် နောက်ထပ် အင်းလျားကျောင်းသူ(၂၀)ခန့် ခေါ်လာခဲ့သည်။
    ကားတန်းကြီးသည် အင်းဝကျောင်းဆောင်ရှေ့လမ်းမှ ထွက်ခဲ့ကြသည်။ ဓာတုဗေဒပေါမောက္ခ မစ္စတာ ပီးကောက် ၏ ဇနီးသည် သူမ၏ အိမ်မြက်ခင်းပေါ်၌ ကျောင်းသား ၄-၅ ဦးတို့နှင့်အတူ လ္ဘက်ရည်သောက်နေသည်။ သပိတ်မှောက်ကျောင်းသားများက ထိုကျောင်းသားများအား သပိတ် မှောက်ကြရန် လှမ်း၍ အော်သည်။
    မစ္စစ်ပီးကောက်က သူမအား သပိတ်မှောက်ကျောင်းသားများက လှောင်ပြောင်သရော်ကြသည်ဟု သတင်းလွှင့်သေးသည်။ သူမနှင့်အတူ လ္ဘက်ရည်သောက်နေကြသော မြန်မာကျောင်းသား ၂၀ ဦးသည် နောက် ၂ ပတ်ခန့်ကြာမှ သပိတ်စခန်းသို့ ရောက်လာကြသည်။ ထိုအချိန်၌ ရန်ကုန်တက္ကသိုလ်ကျောင်း ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီးဖြစ်သည်။
    ကားတန်းရှည်ကြီး တက်္ကသိုလ်ကို တစ်ပတ်လှည့်၍ “ တက္ကသိုလ်၊ တက္ကသိုလ်၊ သပိတ်မှောက်၊ သပိတ်မှောက်” ဟု အော်ဟစ်ရင်း မြို့ထဲဘက်သို့ ထွက်လာခဲ့သည်။
    အချိန်သည်ကား နေ၀င်ဆည်းဆာ၊
    တပေါင်းလဆန်း ၅ ရက် လသည် အနောက်ဘက်၌ နီနီရဲရဲ တိမ်တောက်နေသည့်ကြားမှ ထွက်ပေါ်လျက်။
    တက်္ကသိုလ်နယ်မြေသည်ကား အသံများတိတ်လျက်။
    သပိတ်မှောက်ခေါင်းဆောင်တို့သည် သပိတ်စခန်းတစ်ခုလုံး စာရွက်ကြီးများပေါ်၌ လှုံ့ဆော်သော စာများကိုရေး၍ ကပ်ထားကြသည်။ ထိုအခါက ရေးထားသောစာများတွင်
    “ ယူနီဗာစီတီအက်ဥပဒေ ပျက်စီးပါစေ ”
    “ ဆာရယ်ဂျီနယ် ကရက်ဒေါက် ပြန်သွား ” စသည်တို့ ပါဝင်ပေသည်။
    ထို့အပြင် ကျောင်းသားများ မတက်ရန် လှုံ့ဆော်သည့်ကြော်ငြာစာများကိုလည်း မြို့တွင်းအနှံ့ ကပ်ထားကြ၏။ သပိတ်မှောက်ခေါင်းဆောင်တို့သည် မိမိတို့လုပ်ဆောင်မှုနှင့် ကြိုးပမ်းချက်များကို ပြည်သူတို့ အမှန်အကန်သိရှိရန်နှင့် ရှေ့လုပ်ငန်းများကို အစဉ်သဖြင့် ထုတ်ပြန်ကြေညာနိုင်ရန် ပြန်ကြားရေးဌာနတစ်ခုလည်း ဖွင့်လှစ်ထားသည်။ မြို့မိမြို့ဖ ပြည်သူများကလည်း သပိတ်စခန်းသို့ အသီးသီးလာရောက်အားပေးကြ၏။ ထိုစဉ်က ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်အသီးသီးတို့ကလည်း လာရောက်၍ ကျောင်းသားများကို ကူညီကြသည်။
    ဒေါက်တာမောင်မောင် (နိုင်ငံတော်သမ္မတဟောင်း-ကွယ်လွန်)၏ ရေးသားချက်မှ လုပ်ဖော်ကိုင်ဖက် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ မစ္စတာ ရာရှစ်အပေါ် သဘောထား
    ၁၉၅၆ခုနှစ်ထုတ် Gardian မဂ္ဂဇင်းတွင် ဒေါက်တာမောင်မောင်က ၁၉၃၆ခုနှစ် တက္ကသိုလ်သပိတ်အကြောင်းနှင့် ပတ်သက်ပြီး အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးတစ်စောင် ရေးသားခဲ့သည်ကို အောက်ပါအတိုင်း မြန်မာဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။
    “ … ၁၉၃၆ ခုနှစ် သပိတ်ကြီးသည် မြန်မာနိုင်ငံအမျိုးသားရေးလှုပ်ရှားမှုတွင် ထူးခြားထင်ရှား သော သမိုင်းမှတ်တမ်းတစ်ခုပင် …။ ဦးနု က အဆိုပါသပိတ်ကြီးကို စေ့ဆောင်ခဲ့သူ စိတ်ကူးအကောင် အထည်ဖော်ပေးခဲ့သူ အဓိက ပုဂ်္ဂိုလ်ဆိုငြားအံ့။ အမ်အေရာရှစ် သည် ယင်းကို စုစည်းဖွဲ့စည်းပေးခဲ့သူ ယင်းကို အနက်အဓိပ္ပါယ်ရှိစေခဲ့သူနှင့် အသက်ဝင်လှုပ်ရှားစေခဲ့သူတည်း။
    ကိုနု က လူထုကြီးအား မျက်ဝန်းအား လင်းလက်တောက်ပသွားအောင် ဒေါသူပုန်ထသွားအောင် မျက်ရည်တွေတွေ စီးကျလာအောင် မိန့်ခွန်းချွေလာသူဆိုငြားအံ့။ ကိုရာရှစ်သည် သပိတ်ကြီး၏ နေ့စဉ်ကိစ္စအရပ်ရပ်ကို စုစည်းပေးခဲ့သူဖြစ်၏။ ခံစားမှုကြောင့် ကနဦး ၀ုန်းကနဲ စိတ်ဓာတ်တက်ကြွသွား အပြီးနှင့် သွေးအေးသွားအပြီးဝယ် အားသစ်ထပ်လောင်းပေးခဲ့သူတည်း။ ကျောင်းသားထုကြီးကိုသာမက မြန်မာပြည်သူတို့၏ အမျိုးသားရေးစိတ်ဓာတ်ကို ညှိုးရော်အောင်ပြုခဲ့သည့် အကြမ်းဖက်သက်သက် သင်္ကေတအသွင် တက္ကသိုလ်သပိတ်အား နာမ်နှိမ်မှုကို မိုးကြိုးသွားတမျှ အင်အားနှင့် ဆန့်ကျင်ခဲ့သူ တည်း။ သပိတ်မှောက်သူတို့ ငိုက်မှေးနေသည့် သန်ခေါင်းယံမှာ တက္ကသိုလ်ဥပဒေကို ဖတ်ကြားတင်ပြခဲ့ သူတည်း။
    ထိုဆောင်းပါးတွင်ပင် ဆက်လက်ရေးသားထားခဲ့သည်ကား …
    ဤအတွက် သမိုင်းပညာရှင်တို့အနေနှင့် သပိတ်ကြီး၏ တန်ဖိုးကို မိမိတို့ဆန္ဒရှိရာနှင့်အညီ သတ် မှတ်၍ရ၏။ လှုပ်ရှားမှုကြီးဟုပဲဆိုဆို လှုပ်ရှားမှုလေးဟုပင်သတ်မှတ်သတ်မှတ် ယင်းလှုပ်ရှားမှု၏ အစဟု ပြောပြော အဆုံးဟုထင်ထင် အမျိုးသားရေးလှုပ်ရှားမှုသမုဒ်ပြင်ထင်က လှိုင်းတစ်ခုရယ်သို့ဆိုဆို မိမိတို့ သန်ရာ သန်ရာဆို၍ရ၏။ အစဉ်တဆက် အမြော်အမြင်ရှိရှိရော အကြိတ်အနယ်ရော ငြင်းခုံကြ၍ရ၏။ သို့တိုင် သူတို့တတွေ တညီတညွတ်တည်းဆိုနိုင်သည့် အချက်ကတော့ “ ကိုရာရှစ် သည် သပိတ်ကြီး၏ အသက်ဝိညာဉ်ဆိုသည့် အချက်ပင်ဖြစ်သတည်း။ ”
    သပိတ်အပြီးမှာ အမ်အေရာရှစ်၏ ဂုဏ်သတင်းက ပို၍ကျော်စောသွားခဲ့၏။ သစ္စာရှိရှိ မိတ်ကောင်းဆွေကောင်းများ ရှိသွားခဲ့ရ၏။
    ထို့ကြောင့်ပင် ဦးနု ၏ ကိုယ်ရေးမှတ်တမ်းတွင် “ … ကျွန်ုပ်သည် မြန်မာနိုင်ငံကို ချစ်သူကို ချစ်၏။ ရိုးသားဖြောင့်မတ်သူကို ချစ်၏ … ကျွန်ုပ်က အသင်(အမ်အေရာရှစ်)ကို ချစ်၏။ လေးစား၏။ အသင့်နောက်ကို လိုက်၏ ” ဟု လည်းကောင်း လူမျိုးရေးအစွဲကြီးသူ ဦးကျော်ငြိမ်းက ကျတော့ သပိတ်စခန်းများသည် ကုလားနှင့် ဗမာတို့ကို စုစည်းသွားစေရာဖြစ်၏ဟုလည်းကောင်း
    ( ဗိုလ်ချုပ် ) အောင်ဆန်းက ကျတော့ …
    M.A. San မှ M.A.Rashid သို့ဟူ၍ အစချီရေးသားရာမှာ ကျွန်ုပ်တို့နှစ်ဦး နာမည်အစချင်းတူ၏။ တခြားတူတာတွေလည်း ရှိသေး၏။ အသင်အသိပင်။ တက္ကသိုလ်သမဂ္ဂအလုပ်အမှုဆောင်အဖွဲ့တွင် အတူတွဲပြီး နှစ်ဦးသားတူတွဲ လှုပ်ရှားကြ၏။ သေသည့်ထိတိုင် လက်တွဲမပျက် ရှိကြမည့်သူများပင်။”
    From M.A. San
    To M.A. Rashid
    but
    No M.A. after our names
    This is one point of resemblance
    between us – but many others too
    which you know of course.We
    two have been together on the Union E.C
    and perhaps will have to do so till our death.”
    ဟုလည်းကောင်း ဆိုခဲ့ကြခြင်းဖြစ်သည်။
    ဦးရာရှစ် ထံ စာရေးသားတိုင်း ဗိုလ်ချုပ်အောင်ဆန်း က  ချစ်ခင်ရပါသော (ဘိုင်ကြီး) နောင်တော်ကြီး “ ရှစ် ” (My Dear Bhai Shid) ဆိုပြီး အစချီရေးသားလေ့ရှိမြဲဟူ၏။ ဘိုလိန်းလမ်းရှိ အမ်အေရာရှစ် အိမ်သို့ လာရောက်လည်ပတ်ပြီး ဗြိတိသျှနယ်ချဲ့အုပ်ချုပ်ရေးကို ဆန့်ကျင်ရေးကိစ္စရပ်တို့ကို ဆွေးနွေးလေ့ရှိခဲ့၏။
    ဒုတိယကမ္ဘာစစ် ဖြစ်သည်တွင် မိဘများက အိန္ဒိယသို့ ထွက်ပြေးခဲ့ရာ ဂျပန်ခေတ်တစ်လျှောက်လုံး အိနိ္ဒယနိုင်ငံ၌ ရှိနေစဉ် သခင်သိန်းဖေ ( စာရေးဆရာ တက်ဘုန်းကြီး သိန်းဖေမြင့် ) နှင့် အခြားမြေအောက်နိုင်ငံရေးသမားများအား မိမိအိမ်၌ အခမဲ့တည်းခိုနေထိုင်စားသောက်စေ၍ ဂျပန်ကို ပြန်လည်တော်လှန်မည့် မဟာမိတ်အင်္ဂလိပ်တို့နှင့် ဆက်သွယ်ရန် ကူညီပေးခဲ့သည်။
    ဗိုလ်ချုပ်တို့ မဟာမိတ်တို့နှင့်ပူးပေါင်းကာ ဂျပန်ကိုမောင်းထုတ်နိုင်ပြီးသည့်နောက် အင်္ဂလိပ်ထံမှ မြန်မာ့လွတ်လပ်ရေးအရယူရန် ပြင်ဆင်နေချိန်တွင် ဗိုလ်ချုပ်ကိုယ်တိုင်က အိနိ္ဒယလွတ်လပ်ရေး ကြိုးပမ်းခဲ့သူ ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သူနှင့် ပထမဆုံး ၀န်ကြီးချုပ် ဖြစ်ခဲ့သူ မစ္စတာ ဂျဝါဟလာလ်နေရူး ထံ ဦးရာရှစ် ကို တွေ့အောင်ရှာပြီး မြန်မာနိုင်ငံကို ပြန်လွှတ်ပေးဖို့ စာရေးသားပန်ကြားခဲ့၏။
    ဦးရာရှစ် ပြန်ရောက်လာပြီဟု သတင်းရခဲ့သည့်အတွက် ၁၉၄၇ ခုနှစ် နှစ်ဦးပိုင်းက ဘုရင်ခံ ကောင်စီ အစည်းအဝေးတစ်ခုကိုပင် ဗိုလ်ချုပ်က ရွှေ့ဆိုင်းပစ်ခဲ့၏။ သူ၏ အတွင်းဝန်ရုံးတွင် အမ်အေရာရှစ် နှင့်တွေ့ဆုံရန် ဖြစ်၏။
    ဂျပန်ခေတ်တစ်လျောက် မိဘများနှင့်အတူ အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော ဦးရာရှစ်အား ဂျပန်ကိုမောင်းထုတ်နိုင်ပြီးသည့်နောက် အင်္ဂလိပ်ထံမှ မြန်မာ့လွတ်လပ်ရေးအရယူရန် ပြင်ဆင်နေချိန်တွင်ဗိုလ်ချုပ်အောင်ဆန်းက အိန္ဒိယနိုင်ငံခေါင်းဆောင် ဂျဝါဟလာလ်နေရူးထံမှတစ်ဆင့် ဆက်သွယ်စေကာ တိုင်းပြည်တည်ထောင်ရေးအတွက် မရမကပြန်လည်ခေါ်ယူခဲ့သည်။
    ဦးရာရှစ်သည် ၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ဥက္ကကြီးဖြစ်ခဲ့သည်။ ရန်ကုန်တက်္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂတို့၏ ဥက္ကဋ္ဌအဖြစ် တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ထမ်းရွက်ခဲ့သူဖြစ်၏။ ၁၉၃၆ ခုနှစ်၊ သပိတ်ကြီးအပြီးမှာ တက်္ကသိုလ်ကောင်စီကို အုပ်ချုပ်ခဲ့သော ပထမဆုံးသော ကျောင်းသားများ ကိုယ်စားလှယ်လည်းဖြစ်ခဲ့၏။ ဗမာနိုင်ငံလွတ်လပ်ရေးရပြီးချိန်အထိတိုင် နှစ်များစွာ ဤတာဝန်ကို ထမ်းရွက်သွားခဲ့သည်။ မန်္တလေးတက္ကသိုလ်၏ ပထမဆုံးသော ကောင်စဲလာလည်း ဖြစ်ခဲ့၏။
    ကျွန်ုပ် တစ်ခါက သိခဲ့ဖူးသော ဦးအောင်ဆန်း၊ ဒဂုန်တာရာ၊ ၁၈-၁-၁၉၄၇ ဂျာနယ်ကျော်၊ အတွဲ(၁)၊ အမှတ်(၃)တွင် ဗိုလ်ချုပ်အောင်ဆန်း က မစ္စတာ ရာရှစ် အပေါ် ဘယ်လောက်အထိ လေးစား တန်ဖိုးထားခဲ့ပုံကို ဤသို့တွေ့ရ၏။
    “ … နှစ်ကိုကား အသေအချာမမှတ်မိတော့။ သပိတ်မှောက်နှစ်လည် အထိမ်းအမှတ်ပွဲတစ်ခု တက္ကသိုလ်သမဂ္ဂတွင် ကျင်းပ၏။ ပရိသတ်ထဲမှထ၍ ဝေဖန်စကားများ ထပြောကြ၏။ သို့ပြောကြသည့် အထဲတွင် စစ်ကိုင်းကျောင်းဆောင်မှ ကုလားကျောင်းသားတစ်ဦးက ဥက္ကဋ္ဌဟောင်း မစ္စတာ ရာရှစ်ကို ဝေဖန်ရာ၌ အတော်ထိခိုက်သာ အပြစ်တွေကို ထုတ်ဖော်ပြော၏။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင်သည် မခိုင်သည်ကိုကား မမှတ်မိတော့။ ကိုအောင်ဆန်း သည် မစ္စတာ ရာရှစ် အတွက် ဒေါပွကာ၊ ထိုကုလားကို ကြိမ်းမောင်း၍ ရဲရင်ထွက် စသောအသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့တိုး၍ သွား၏။ ဘေးက ကျောင်းသားများက ၀ိုင်းဆွဲထားရ၏။ သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက်ရှိသည်။ ”
    ဦးရာရှစ်သည် ရန်ကုန်မြို့ ရန်ဒေးရီးယားကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ရာ တစ်နိုင်ငံလုံး ပထမရခဲ့သူဖြစ်၏။
    ဤသို့ပင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ရာမှာလည်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ပထမအဆင့်ရရှိခဲ့၏။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ရေးဆွဲပေးခဲ့၏။
    ဦးရာရှစ်သည် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသည့်အမှုတွင် ကျောင်းသားများဘက်က အမှုလိုက် ပေးခဲ့သော ၀တ်လုံတော်ရကြီးဖြစ်၏။ ဖဆပလအဖွဲ့ကြီးတွင် ထိပ်တန်း ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ခဲ့၏။ မြန်မာနိုင်ငံ၏ ၀န်ကြီးချုပ် ဦးနု အစိုးရအဖွဲ့တွင် အလုပ်သမားဝန်ကြီးဌာနမှ ၀န်ကြီးတာဝန်ယူခဲ့၏။ ကျန်ဌာနများတွင် လူအဆင့်ဆင့်ပြောင်းလဲခဲ့သော်လည်း ဤဌာနမှ သူက ရေရှည်တာဝန်ယူသွားခဲ့ရသည်။ ၁၉၆၁ ခုနှစ် ဂျီနီဗာနိုင်ငံတကာ အလုပ်သမားကွန်ဖရင့်တွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ဗမာနိုင်ငံကုန်သွယ်ရေးသမဂ္ဂ၏ ဖခင်ကြီးအဖြစ်နှင့်ပါ ဂုဏ်သတင်းကြီးခဲ့သူဖြစ်၏။
    ဖဆပလ အဖွဲ့၌ ပါဝင်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီဝင်၊ အလုပ်သမား ဥပဒေပြုကော်မတီတွင် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်သူ့ လွှတ်တော် တွင်၎င်း၊ လူမျိုးစု လွှတ်တော်တွင်လည်းကောင်း အမတ်အဖြစ် ပါလီမန်ဒီမိုကရေစီခေတ်တွင် အဆက်မပြတ် ရွေးချယ် တင်မြှောက်ခြင်းခံရသည်။ နိုင်ငံတော်အစိုးရအဖွဲ့များတွင် ပြည်သူ့အိုးအိမ်၊ဆောက်လုပ်ရေးနှင့် အလုပ်သမားဌာနဝန်ကြီး(၁၉၅၂)၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် အလုပ်သမားဝန်ကြီး (၁၉၅၄)၊ သတ္တုတွင်းဌာနဝန်ကြီး (၁၉၅၆ – ၅၈)၊ အမျိုးသားစီမံကိန်းဝန်ကြီးနှင့် စက်မှု၊သတ္တုနှင့်အလုပ်သမားဝန်ကြီး (၁၉၆၀) စသည့်တာဝန်များ ထမ်းရွက်ခဲ့သည်။ အလုပ်သမားနှင့် စပ်ဆိုင်သော ဘုတ်အဖွဲ့ အသီးသီး၊ စုံစမ်းရေး ကော်မတီ အမျိုးမျိုးတွင် သဘာပတိ အဖြစ်လည်းကောင်း၊ ပြည်ထောင်စုအလုပ်သမားအဖွဲ့၊ လူမှုဖူလုံရေးအဖွဲ့၊ အမျိုးသားအိုးအိမ်အဖွဲ့၊ လူမှုဝန်ထမ်းအဖွဲ့နှင့် အမျိုးသားလူငယ်ကောင်စီ များတွင်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြည်ပသို့ သွားရောက်သော ကိုယ်စားလှယ်အဖွဲ့အမျိုးမျိုးတွင် ခေါင်းဆောင်အဖြစ် ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်ဖြင့်လည်းကောင်း လိုက်ပါခဲ့ဖူးသည်။ ၁၉၅၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ သရဖူဆု ချီးမြှင့်ခြင်းခံရသည်။ ၁၉၆၀ ခုနှစ်တွင် ဗမာ့ စက်မှုလက်မှုကောင်စီ သဘာပတိ အဖြစ်လည်းကောင်း၊ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီ တွင်လည်းကောင်း တာဝန် ထမ်းရွက်ခဲ့သည်။ ဖဆပလနှစ်ခြမ်းမကွဲခင် ၁၉၅၈ ခုနှစ်တွင် သူသည် TUCB (Trade Union Council of Burma – ဗမာ့ကုန်သွယ်ရေးသမဂ္ဂကောင်စီ ) တွင် ဒုဥက္ကဌ ဖြစ်ခဲ့သေးသည်။ အိန္ဒိယသွေးပါသူဦးရာရှစ်အား နေရာပေးမှုအပေါ် သြဇာအကြီးဆုံး အသိုင်းအ၀ိုင်းကအပြင်းအထန်ဖိအားပေးလင့် ကစား သူ၏မဆုတ်မနစ် ခေါင်းဆောင်မှုကြောင့် အရာမကျခဲ့ပေ။ ဦးနုက (အတိုက်အခံများနှင့်ရန်ရှင်းသွားအောင်) သူ့နာမည်အား ဦးရန်ရှင်းဟု ပြောင်းရန်တိုက်တွန်းခဲ့ရာ အမာခံမွတ်စလင်မ်ဖြစ်သူ ဦးရာရှစ်က လက်မခံပဲပယ်ချခဲ့ပြီး သူ့နာမည်ရှေ့တွင် “ဦး”ကိုသာတပ်ခဲ့သည်။ ဦးရာရှစ်၏အစ်ကိုဖြစ်သူ ဒေါက်တာအမ်၊အေ၊ရအူးဖ်မှာ အိန္ဒိယနိုင်ငံခြားရေးဌာနတွင် သံအမတ်တစ်ဦး ဖြစ်ခဲ့သည်။ ငါးဆယ်ပြည့်နှစ်စောစောပိုင်းကာလများတုံးက ဗမာနိုင်ငံတွင် သူ့နိုင်ငံကို ကိုယ်စားပြုပြီးတာဝန် ထမ်းဆောင်သွားခဲ့သည်။
    ဦးနု ဦးဆောင်သည့် ဖဆပလ အစိုးရတိုင်းပြည်အုပ်ချုပ်စဉ်ကာလတွင် တစ်တိုင်း ပြည်လုံး ရောင်စုံသူပုန်များနှင့် တိုင်းရင်းသားခွဲထွက်ရေးသူပုန်များ ထကြွနေချိန်ဖြစ်သဖြင့် အစိုးရ၏ အာဏာစက်နယ်ပယ်ကျဉ်းမြောင်းနေချိန် “ရန်ကုန်အစိုးရ” ဟူ၍ပင် သမုတ်ခံနေရစဉ် ကာလအချိန် ဖြစ်သည်။ အစိုးရအနေဖြင့် တစ်တိုင်းပြည်လုံးရှိ သူပုန်အနေအထားကို စိုးရိမ်နေရချိန်၊ တပ်မတော် တွင်း၌လည်း လက်နက်အင်အားနည်းပါးသဖြင့် ဒုက္ခကြုံလျက်ရှိစဉ်တွင် ဦးရာရှစ်က အိန္ဒိယ၀န်ကြီးချုပ်နေရူးထံ လျှို့ဝှက်ဆက်သွယ်ပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးအတွက် တစ်တပ်တစ်အား ကူညီခဲ့ရဖူးသည်။ ဘာသာရေးကိုအသုံးချတတ်သော ဦးနုသည် အိနိ္ဒယနိုင်ငံမှ ဗုဒ္ဓစွယ်တော်နှင့်ဗောဓိပင် ပင့်ဆောင်သည်ဟု အကြောင်းပြကာ အိနိ္ဒယမှ သဘောင်္များ ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်စေပြီး အတိုက်အခံနိုင်ငံရေးသမားများ၊ သူပုန်များမသိစေဘဲ အိနိ္ဒယမှ တပ်ရင်းသုံးခုစာမျှစစ်လက်နက်များ ပြည်တွင်းအစိုးရထံသို့ လျှို့ဝှက်တင်သွင်းခဲ့ရဖူးပါသည်။ သခင်အောင်ကြီးသည် ဤလျှို့ဝှက်စစ်ဆင်ရေး၏ အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ခဲ့ရပြီး နောက်တစ်ခေတ်တွင် ပြန်လည် ရေးသားဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။
    ဦးရာရှစ်သည် သရက်မြို့ လက်ထောက်ဆရာဝန်ကြီး ဒေါက်တာ Captain N.A. Khan ၏သမီး ဒေါ်ဖာတီမာ ခေါ် ဒေါ်သောင်းမေနှင့် နှစ်ဦးသဘောတူ မေတ္တာမျှကာ လက်ထပ်ခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်ဖာတီမာ ခေါ် ဒေါ်သောင်းမေသည် ပါရမီဖြည့်ဖက်ကောင်းဖြစ်ပြီးလူမှုဖွံ့ဖြိုးရေး အစီအစဉ်များတွင် တက်ကြွစွာ ဦးဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ရန်ကုန်ဆေးရုံကြီးနှင့် အခြားဆေးရုံများ၏ ဦးဆောင်ညွှန်ကြားသူ ဘုတ်အဖွဲ့ဝင်၊မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်ဖြစ်ပြီး သွေးလှူဒါန်းခြင်းများ မြန်မာနိုင်ငံတွင် တွင်ကျယ်အောင်မြင်စေရန် ဦးဆောင် ဆော်သြခဲ့သူလည်း ဖြစ်သည်။၁၉၅၀ကျော်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပထမဆုံး သွေးလှူဘဏ်ပေါ်ပေါက်စေရေး ဦးဆောင်ဦးရွက် ပြုခဲ့သည်။ထိုစဉ်က မြန်မာနိုင်ငံ အမျိုးသမီးရေးရာကောင်စီ၏ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူစဉ်တွင် ရန်ကုန်မြို့တွင် မိခင်နှင့်ကလေး စောင့်ရှေက်ရေးဆေးခန်း ၃ခုကို ဦးစီးထောက်ပံ့ပေးခဲ့သည်။ မွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးခန်း(ဘားလမ်း)နှင့်ဇိနသ်အစ္စလာမ် မွတ်စလင်မ် ယောက်ျားလေးများ ဂေဟာတို့ကိုလည်း ဦးဆောင်ခဲ့သည်။
    လွတ်လပ်သော မြန်မာနိုင်ငံတော်၏ ဗိသုကာဖခင်ကြီးတစ်ဦးဖြစ်သူ ဦးရာရှစ်သည် ၁၉၇၈ ခုနှစ် တွင် သားဖြစ်သူ ဦးဘီလာလ်ရာရှစ်ရှိရာ ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့သို့သွာရောက်လည်ပတ်စဉ်တွင် ဆီးကျိတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ ထိုမြို့တွင်ပင် မြှုပ်နှံခဲ့၏။
    နိုင်ငံတော်ဝန်ကြီးချူပ် ဦးနု နှင့် ၀န်ကြီးဦးရာရှစ်
    မိမိဖခင် ဗိုလ်ချုပ်အောင်ဆန်း ယုံကြည်အားထားရာမိတ်ဆွေကြီးဦးရာရှစ်အိမ်သို့ ဒေါ်အောင်ဆန်းစုကြည် ငယ်ရွယ်စဉ် ၁၉၅၀ခုနှစ်ကျော်က လာရောက် လည်ပတ်စဉ်က၊ ဒေါ်အောင်ဆန်းစုကြည်၏ နောက်တွင် ဦးရာရှစ်၊ ဘေးတွင် ဦးရာရှစ်၏ဇနီး ဒေါ်ဖာတီမာရာရှစ်၊ ဦးရာရှစ်၏ ညာဖက်တွင် အဆိုတော် ဦးအံ့ကြီး၊ ဦးရာရှစ်၏နောက်ဖက်တွင် ဦးအံ့ကြီး၏ ဇနီးတို့အား အတူတွေ့ရစဉ်။
    Mr. Tommy Ezdani (ကလောမြို့NLD ကိုယ်စားလှယ်၊ ၀န်ကြီး ဦးရာရှစ်၏တူ) ကဒေါ်အောင်ဆန်းစုကြည်အား စင်မြင့်ထက်မှ ကြိုဆို မိတ်ဆက်ပေးစဉ် (၁၉၉၀ ခုနှစ်)
    မှတ်ချက်။        ။ဆရာ ၀ါးခယ်မ မောင်မင်းနိုင်ရေးသားပြုစုသည့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းဝင် မွတ်စလင်များ စာအုပ်မှ အဓိက ကူးယူဖော်ပြပါသည်။ ဦးရာရှစ်၏သားဖြစ်သူ ဦးဘီလာလ်ရာရှစ်(Bilal Raschid)၏ U M. A. RASCHID  : A FOUNDING FATHER OF INDEPENDENT BURMA နှင့် အခြားစာအုပ်စာတမ်းများ၊ မှတ်တမ်းများအားလည်း ကိုးကားဖြည့်စွက်ထားပါသည်။
    ကျော်မိုးအောင်
  • ရခိုင်မှ မွတ်(စ်)လင်ကျောင်းသား ၃ဦး မတရားဖမ်းဆီး ထောင်ချခံရ
    ရခိုင်ပြည်နယ်မှ အသက် ၂၀ အရွယ် မွတ်(စ်)လင် ကျောင်းသား သုံးဦးအား မြောက်ဦးမြို့တွင် ဒေသ အာဏာပိုင်များက မတရား ဖမ်းဆီး ထောင်ချလိုက်ကြောင်း (MLOB) မြန်မာနိုင်ငံ မွတ်(စ်)လင် လွတ်မြောက်ရေး အဖွဲ့က ပြောသည်။
    အဆိုပါ လူငယ်များမှာ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်မှ ဖြစ်ကြပြီး အဆိုပါအဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးကျော်လှမှ ကျောင်းသားသုံးဦး ဖမ်းဆီးခံရပုံနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောသည်။
    “အဲဒီ ကျောင်းသားလေး ၃ဦးဟာ ၂၀၁၀ခုနှစ်က ကျောက်တော်မြို့ကို သွားပြီးတော့ ဘာသာရေး ပညာရပ် သွားသင်ပါတယ်။ နောက် ဒီနှစ် ဇွန်လမှာ သူတို့ ကျောင်းပိတ်တဲ့အတွက် ကိုယ့်နေရပ်ကို ကိုယ်ပြန်လာ ကြပါတယ်။ ပြန်လာတဲ့အခါ မြို့ဟောင်း(မြောက်ဦး) သင်္ဘောဆိပ်မှာ သူတို့ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ပြစ်မှုတစုံတရာမရှိပဲနဲ့ ဒီလ (နိုဝင်္ဘာလ) ၄ရက်နေ့က သူတို့ကို မြောက်ဦးတရားရုံးက ထောင်ဒဏ် ၂နှစ်ခွဲစီ ချမှတ်လိုက်ပါတယ်။ ဒါကတော့ အုပ်ချုပ်သူ လူတန်းစားတွေက ဘာသာရေး လူမျိုးရေး နှိပ်ကွက်တာဖြစ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”
    ၎င်းပြင် ဦးကျော်လှမှ သူတို့အား စစ်ဆေးမေးမြန်းခဲ့ပုံများကိုလည်း ယခုလိုပြောသည်။
    “ဖမ်းဆီးတဲ့ အချိန်မှာလည်း အာဏာပိုင်တွေက “မင်းတို့ ဘယ်ကလဲ” လို့မေးပါတယ်။ သူတို့ ကလည်း မြောက်ဦးနဲ့ မင်းပြားက ဖြစ်တဲ့အကြောင်း ပြောတဲ့အခါ “မင်းတို့ ကျောက်တော်ကို ဘာသွားလုပ်တာလဲ။ တမြို့နယ်ကနေ တမြို့နယ်ကို မသွားရဘူးဆိုတာကို မသိဘူးလား” ဆိုပြီးတော့ ပြောပါတယ်။ ဒီတော့ မင်းတို့က မြောက်ဦးနဲ့ မင်းပြားကဖြစ်တယ်။ ကျောက်တော်ဆိုတာက သီးခြား မြို့နယ်တခု။ အဲဒါကြောင့် မင်းတို့မှာ အပြစ်ရှိတယ်ဆိုပြီးတော့ ဖမ်းပါတယ်။ တမြို့နယ်က တမြို့နယ်ကို မသွားရဘူးဆိုတာကတော့ ကျေညာထားတာလည်း မရှိပါဘူး။ ဥပဒေမှာလည်း မရှိပါဘူး။” ဟု သူကဆက်ပြောသည်။
    ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်များတွင် ရှိသော မွတ်(စ်)လင်များ အကြောင်း နှင့်ပတ်သက်ပြီး သူက ယခုကဲ့သို့ ဆက်ပြောသည်။
    “ကျနော်တို့ ဒီ မြို့ဟောင်း(မြောက်ဦး)၊ မင်းပြား၊ ကျောက်တော်ဘက်တို့မှာ ရှိတဲ့ မွတ်(စ်)လင် ဘာသာဝင် တွေဟာ ဟိုးအရင် ရခိုင်ပြည်ကို ဗမာဘုရင် မသိမ်းခင်ကတည်းက ရခိုင် ဘုရင်တွေ လက်ထက်ကတည်းက ရှိခဲ့တဲ့ မွတ်(စ်)လင်တွေပါ။ ရခိုင်သမိုင်းမှာ ကြည့်လို့ရှိရင် လေးမြို့ချောင်း အနောက်ဖက်မှာ ရှိတဲ့ မွတ်(စ်)လင် တွေဟာ အရင်တုန်းက ရခိုင် ဘုရင်လက်အောက်ခံ တပ်တွေမှာ စစ်သည်တော်၊ လေးသည်တော်တွေ ဖြစ်ကြပါတယ်။ အဲဒီတုန်းက ရခိုင်ပြည်ကို ရန်သူတွေ လာလို့ရှိရင် ခုခံတိုက်ထုတ်ဖို့အတွက် ချပေးထားတဲ့ ရွာတွေဖြစ်ပါတယ်။ ရွာတွေလည်း များများစားစား မဟုတ်သလို လူဦးရေလည်း အနည်းစုသာ ရှိပါတယ်။ ဗမာဘုရင် ရခိုင်ပြည်ကို မသိမ်းခင် ဒီလူမျိုးစုတွေကို “ပသီ” ဆိုပြီးတော့ ခေါ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲဒီတော့ ဒီလူတွေဟာ ရခိုင်ပြည်မှာနေထိုင်တဲ့ မွတ်(စ်)လင်တွေ ဖြစ်ပါတယ်။” ဟု ဦးကျော်လှက ပြောသည်။
    မြန်မာအစိုးရအနေဖြင့်လည်း တရားဥပဒေကို လေးစားလိုက်နာမည်ဆိုလျှင် ယခုကဲ့သို့သော ဖြစ်ရပ်များ ဖြစ်လာမည် မဟုတ်ကြောင်း ဦးကျော်လှ မှပြောသည်။
    အဆိုပါ ကျောင်းသား ၃ဦးမှာ အဆိုပါ ဖမ်းဆီးထောင်ချခံရသူ လူငယ်များမှာ မူဟာမတ်ဟာလိဒ် အသက်၂၂နှစ် (အဘ) ဦးအီးဗရာဟိန်း မြောက်ဦးမြို့နယ်၊ အာလောင်ဂီရ် အသက် ၁၈နှစ် (အဘ) မူဟာမတ်နာဆီရ် မြောက်ဦးမြို့နယ် ၊ နူရ်ဆောဖီ အသက် ၁၈နှစ် (အဘ) အဒူဆားလင်းမ် မင်းပြားမြို့နယ် တို့ဖြစ်ကြသည်။ မြောက်ဦးမြို့နယ်မှ ၂ဦးနှင့် မင်းပြားမြို့နယ်မှ ၁ဦးတို့ဖြစ်ကြပြီး ယခုအခါသူတို့ထဲမှ တဦးမှာ စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ် ၂နှစ်ခွဲ ကျခံနေရပြီး ကျန်နှစ်ဦးမှာ ရန်ကုန် အကျဉ်းထောင်တွင် ထောင်ဒဏ် ၂နှစ်ခွဲ ကျခံနေရကြောင်း သူက ပြောသည်။
    (source နိရဉ္စရာ)
  • ဆော်ဒီနိုင်ငံသို့ ဟဂ်ျ ဗီဇာရရှိ ခက်ခဲရှိသူများစုပေါင်း၍ ၂၈ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြမည်
    အောက်တိုဘာ ၂၁၊ ရန်ကုန်မြို့။
    မြန်မာနိုင်ငံမှ ဆော်ဒီနိုင်ငံသို့ ဟခ်ျဘုရားဖူးသွား ဗီဇာရရှိ ခက်ခဲရှိသူများစုပေါင်း၍ နိုင်ငံတော်သမ္မတ ၊ ဆော်ဒီသံရုံး နှင့် သာသနာရေးဝန်ကြီးဌာန သို့ အဆိုပါအခက်အခဲကို ဖြေရှင်းပေးရန် စာပေးပို့ခဲ့ပြီး အောက်တိုဘာလ ၂၇ ရက်နေ့အထိ မည်သို့သော ဖြေရှင်းမှုမျိုးမှ မလုပ်ဆောင်ပေးပါက ၂၈ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြမည်ဖြစ်ကြောင်း ဗီဇာရရှိရန် စောင့်ဆိုင်းနေသူများထံမှသိရသည်။
    “စာစီတာ မနေ့က မပြီးလို့ ဒီနေ့ အကုန်စာစီ သဘောတူပြီးဒီနေ့ နိုင်ငံတော် သမ္မတ ဆီရယ် သာသနာရေးဝန်ကြီးဆီရယ် ဆော်ဒီသံရုံးဆီကို စာပေးပို့ထားတယ် အမြန်ဆုံးဖြေရှင်းပေးဖို့ပေါ့ ကျွန်တော်တို့ကလည်း စောင့်ကြည့်အုံးမယ် တကယ်လို့ လာမယ့်အပတ် ဗုဒ္ဒဟူး ၂၇ ရက်နေ့ မှာမှ မဖြေရှင်းပေးဘူးဆိုရင် ဆော်ဒီသံရုံးရှေ့မှာ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြမှာ” ဟု ဟခ်ျဘုရားဖူးသွားရန် ဗီဇာစောင့်ဆိုင်းနေသူ တစ်ဦးက ပြောသည်။
    နိုင်ငံတော်သမ္မတ၊ အစ္စလမ်ဘာသာရေးရာအဖွဲ့အစည်း ငါးဖွဲ့ နှင့်ဆော်ဒီသံရုံးမှဝန်ကြီးများမှ တွေ့ဆုံ၍ ညှိနှိုင်းဆောင်ရွက်ပေးလိုကြောင်း နှင့် ဗီဇာရရှိရန် ၇၀၀၀ ကျော်ခန့် စောင့်ဆိုင်းနေသူများလည်း ရှိကြောင်းသိရသည်။
    “ နိုင်ငံတော် သမ္မတကြီးရယ် အစ္စလမ်ဘာသာရေးအဖွဲ့အစည်းက ငါးဖွဲ့ရှိတယ် သူတို့တွေရယ် ဆော်ဒီသံရုံးက ၀န်ကြီးတွေရယ် တွေ့ဆုံပြီး ဖြေရှင်းပေးစေလိုပါတယ် အရင်နေ့တွေက တစ်ထောင်ကျော်ရှိတာ အခု ဆော်ဒီသံရုံးရှေ့မှာ ဗီဇာစောင့်နေသူတွေက ခုနှစ်ထောင်လောက်ရှိနေပြီ “ဟု ဟာရီ ဦးစိန်မြင့် ကပြောသည်။
    နိုင်ငံတော်သမ္မတအနေဖြင့်လည်း ဘာသာရေးရာကိစ္စကို ဖြေရှင်းပေးစေလိုကြောင်း ၊ ဒီမိုကရေစီစနစ်ကို ကူးပြောင်းပေးနေကြောင်းကိုယုံကြည်လိုသောကြောင့် ဆော်ဒီနိုင်ငံဟခ်ျဘုရားဖူးသွားနိုင်ရန် ဗီဇာရရှိရေးတွင် အဆင်ပြေလိုကြောင်း သိရသည်။
    “ မြေနီကုန်းရဲစခန်းမှာလည်း ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြဖို့ စာတင်ထားတယ် လွှတ်တော်မှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်တို့ဘာတို့ ဥပဒေအတည်ပြုဖို့ လုပ်နေတယ်လည်းကြားတယ် လွှတ်တော်ကိုဘဲ အားကိုးနေလို့ မရဘူးလေ အခုက လာမယ့် နိုဝင်ဘာ ၃ရက်နေ့ဆို ဆော်ဒီနိုင်ငံက လေယာဉ်ဆိုက်ခွင့် ရက်နားတော့မှာ ဖြေရှင်းမပေးခဲ့ရင်တော့ ဒါဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မဟုတ်ဘူး ၊ ယုံကြည်ချက်လည်းမရှိတော့ဘူး ယုံကြည်ချင်တယ် အစိုးရသစ်လက်ထက်မှာပေါ့”ဟု ဗီဇာရရှိရန် ဆော်ဒီသံရုံးရှေ့တွင် လာရောက်စောင့်ဆိုင်းသူ တစ်ဦးက ပြောသည်။
    ဗီဇာ အခက်အခဲကြောင့် ဆော်ဒီသံရုံးရှေ့တွင် ၇၀၀၀ ဦးရေခန့်ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များမှ ဖြေရှင်းဆောင်ရွက်ပေးခြင်းကို အောက်တိုဘာ ၂၇ရက်နေ့စောင့်ကြည့်မည်ဖြစ်ပြီး ဆောင်ရွက်ပေးခြင်းမရှိပါက ၂၈ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသွားမည်ဖြစ်ကြောင်းသိရသည်။
  • ဒိုးပတ်ဆရာကြီး စိန်ဒေါ်လာ (ခ) ဦးအပ္ပဒွလ္လာ
    အတိတ်ခေတ်မှ နေ့တစ်နေ့၊ အချိန်တစ်ချိန်၊ ခုနှစ်အားဖြင့် ၁၃၀၀ (၁၉၃၉-ခု) ဒေသက ကသာခရိုင် ကောလင်းမြို့၊ ရာသီက “သားပျိုးငယ်စုံ၊ မြရဂုံသီလာနယ်က၊ နှစ်သွယ်ရေတံခွန်နှင့် စိုးပန်းလဲ့မောင်၊ မုဝတ်ကယ်သင်းလှိုင်သည်၊ စုံဂနိုင်မြိုင်ယံမြင့်ငယ်မှာ၊ နွေလင့်ရွက်ညောင်း … “ဆိုတဲ့ မြ၀တီမင်းကြီးဦးစ သဖြန်ဖွဲ့ဆိုခဲ့တဲ့ တပေါင်း …. ။ လတပေါင်းဆိုတော့ အမြို့မြို့အနယ်နယ်တို့မှာ ဘုရားပွဲတော်များကျင်းပကြသည့်လ။ ဒီတပေါင်း လဆန်းပိုင်းမှာပဲ ကောလင်းမြို့ရဲ့ “ကိုးတောင်ပြည့်”စေတီတော် ကျင်းပတော့မယ့်ရက်ပိုင်းအလို စာရေးသူ အသက်က (၁၇) (၁၈)နှစ်ရွယ် အလယ်တန်းကျောင်းသားဘ၀။
    “ကိုးတောင်ပြည့် ဘုရားပွဲတော်မှာ စိန်ဒေါ်လာ ဒိုးပတ်ဝိုင်းပါမယ်တဲ့” တစ်ယောက်မှတစ်ယောက် ဆင့်ပွားလာတဲ့သတင်းကို စာရေးသူကြားရတော့ စိတ်ရွှင်လန်းမှုကို ရစေခဲ့တယ်။ ဒိုးဆရာ စိန်ဒေါ်လာလို့ အခေါ်များ ကျော်ကြားနေတဲ့ ဦးအပ္ပဒွလ္လာဟာ စာရေးသူ၏ဇာတိ၊ မန္တလေးမြို့ စကြာနွယ်စဉ်ရပ် အရပ်သားချင်းတူကြတာမို့တစ်ကြောင်း အဖဘက်မှ ဆွေမျိုးတော်စပ်နေတာကတစ်ကြောင်း အစ္စလာမ် သာသနာ ယုံကြည်ကိုးကွယ်သူ ပသီနယ်ဖွားတစ်ဦးက မြန်မာ့အနုပညာတစ်ရပ်ဖြစ်တဲ့ ဒိုးပတ်တီး ကျော်မော်ဖြစ်တာကတစ်ကြောင်းတို့ကြောင့် စိတ်၏ရွှင်လန်းမှု ဖြစ်ခဲ့ရပုံကို ဒီကနေ့ထိ တွေးမိမြင်ယောင်မိလျက်ပါ။
    ဒိုးပတ်ဝိုင်းဆိုတဲ့အနုပညာ
    မြန်မာလူမျိုးတို့ဟာ အလှူအတန်းကြီးကြသူများပါ။ လစဉ် လှူကြတန်းကြတဲ့ ပွဲလမ်းသဘင်များရှိကြတယ်။ လှူကြတန်းကြတဲ့ ပွဲတွေမှာလည်း ဒိုးပတ်ဝိုင်းပါကြတယ်။ အတိတ်ခေတ် စာရေးသူ ကျောင်းသားအရွယ်က  ကောက်စိုက်ရာမှာလည်း ဒိုးပတ်ဝိုင်းကြတယ်။ ဒိုးတီးပြီး ကောက်စိုက်ကြတာဟာ  တွင်ကျယ်မှုရှိတယ်။ ဒိုးပတ်ဝိုင်းမပါတဲ့ ကောက်စိုက်အဖွဲ့နဲ့ ဒိုးပတ်ဝိုင်းပါတဲ့ ကောက်စိုက်အဖွဲ့ယှဉ်စိုက်။ ဒိုးပတ်ဝိုင်းပါတဲ့အဖွဲ့က သာခဲ့တာအမှန်ပါ။ ခုခေတ်မှာတော့ ကောက်စိုက်ပွဲတွေမှာ ဒိုးဝိုင်းဟ မပါသလောက်ဖြစ်သွားပါပြီ။ လယ်ကသင်းပေါ်က ကက်ဆက်ကို အသံချဲ့စက်တပ်ပြီး အားပေးကြတဲ့ အဆင့်ရောက်နေပါပြီ။
    အတိတ်ဆီက ဒိုးဝိုင်းတွေ ခေတ်စားခဲ့ကြတယ်။ ၀ိုင်းတစ်ဝိုင်းမှာ လူအင်အားသိပ်လိုလှတာမဟုတ်ပါဘူး။ ဒိုးတီသမားတစ်ယောက်၊ အက၊  ဒါမှမဟုတ် နှစ်ယောက်၊ တချို့ဝိုင်းက နှဲတစ်ယောက်ထည့်ကြပါမှ ငါးယောက်ဆို ဒိုးဝိုင်းဖြစ်တော့တာပါ။ ဒီထက် ပိုချင်လို့ရှိရင်လည်း ၀ါးလက်ခုတ်သမား နှစ်ယောက်၊ သုံးယောက်ထည့်လို့ရပါတယ်။
    ကောလင်းရောက်လာတဲ့ စိန်ဒေါ်လာ
    ဘုရားပွဲစမယ့်ရက်က နီးလာလို့ စိန်ဒေါ်လာနဲ့အဖွဲ့ဟာ ကောလင်းရောက်ရှိလာကြပါတယ်။ သူတို့နဲ့အတူ လင်းကွင်းသမားတစ်ယောက်၊ နှဲသမားတစ်ယောက်၊ အဆို-အကတစ်ယောက် ပေါင်းမှ စိန်ဒေါ်လာပါ လေးယောက်သာ ပါခဲ့တယ်။ စိန်ဒေါ်လာ နာမည်ကြီးခေတ်စားနေချိန် မန္တလေးမှာ အကျော်အမော် ဒိုးဝိုင်းတွေကတော့ မိကျောင်းတံတား အနောက်ဘက်က ဘယ်ကျော် ကိုထွန်းမြတ်၊ အောင်ပင်လယ်က ဦးထွန်းသာာ၊ ဇီးအုပ်ရွာက ဦးရုံ၊ တံခွတိုင်က ဦးစံရ၊ မတ္တရာက ဦးဘရန်တို့ ဦးဆောင်ကြတဲ့ ဒိုးဝိုင်းတွေဟာလည်း နာမည်ကြီးဝိုင်းတေါပါ။ စိန်ဒေါ်လာ (ခ) အပ္ပဒွလ္လာဟာလည်း ဖော်ပြပါ ဒိုးသမားတွေနဲ့ ခေတ်ပြိုင်ပါ။ မန္တလေးမှာလည်း နာမည်ကြီးဝိုင်း တစ်ဝိုင်းဖြစ်လေတော့ နယ်တွေပါခြေဆန့်လာရတာကြောင့် ကောလင်းမြို့က တန်ခိုးကြီး “ကိုးတောင်ပြကည့်”ဘုရားပွဲကိုပင် ရောက်လာကြတာပါ။
    စိန်ဒေါ်လာနဲ့အဖွဲ့ ကောလင်းကိုရောက်ကြတယ်ဆိုရင်ပဲ ပွဲတော်ဖြစ်မြောက်ရေးကော်မတီက နားဖို့နေဖို့ နေရာချထားပေးကြလို့ ခဏနားကြ၊ ရပ်ဆွေရပ်မျိုးတို့အိမ်များကို တွေ့ဆုံ နှုတ်ဆက်ကြတယ်။
    နယ်ခံဆွေမျိုးတွေကလည်း စကြာနွယ်စဉ်ရပ် မန္တလေးက ရေကြည်ရာ မြက်နုရာ လာနေကြသူများ၊ မင်းတုန်းမင်းတရားကြီး မန္တလေးမြို့တည်ပြီး သီးသီးသန့်သန့် ဘုရင့်အမြောက်တပ် အမှုထမ်းများ စကြာအမြောက်တပ်ဗိုလ်မင်းဟာရှင်ရဲ့ အနွယ်များဖြစ်ပြီး စိန်ဒေါ်လာကလည်း ဗိုလ်မင်းဟာရှင်ရဲ့ အနွယ်၊ စာရေးသူကိုယ်တိုင်လဲ ဒီအနွယ်ဝင်ဆိုတော့ ပျော်ခဲ့ ဂုဏ်လည်းယူခဲ့မိတယ်။
    ဦးဒေါ်လာနဲ့ ပါတဲ့အဖွဲ့ဟာ ကံကောက်ရွာက လင်းကွင်းသမားကြီးဦးဘဂျမ်း၊ တံခွန်တိုင်က ဦးတုန်ပေါ့၊ ဆီဆုံကုန်းက ဆိုင်းမင်းသား ဦးဘခိုင်တို့လည်း ပါခဲ့ကြတယ်။
    ဦးအပ္ပဒွလ္လာတစ်ဦးတည်း နာမည်က သုံးမျိုး။ ဒါကိုတော့ နည်းနည်းရှင်းချင်ပါတယ်။ စနေမင်း၊ မင်းတုန်းမင်း၊ သီပေါမင်း သုံးဆက် မင်းမှုထမ်းခဲ့တဲ့ အမြောက်တပ်သားကြီး ဦးဒူရာမန်း၊ အမိဒေါ်ဖီတို့က သားတစ်ဦး သမီးတစ်ဦးမွေးခဲ့တယ်။ မိဘနှစ်ဦးက ပသီမျိုးနွယ် အစ္စလာမ်သာသနာအရ အပ္ပဒွလ္လာလို့ အမည်ပေးခဲ့ကြတယ်။ ဒိုးတီးသမားဖြစ်လာတော့ မြန်မာလူမျိုးတို့က နာမည်အခေါ်ရခက်လို့ ကိုဒေါ်လာလို့ ခေါ်ခဲ့ကြတယ်။ စစ်မဖြစ်ခင်က ဝေလမင်းသား မြန်မာပြည်ရောက်လာပြီး မန္တလေးကိုလာတော့ ကြိုကြတဲ့အဖွဲ့ထဲမှာ ဦးဒေါ်လာရဲ့ ဒိုးဝင်းလည်းပါဝင်ခဲ့ရတယ်။ ဝေလမင်းသားကို ကြိုကြတဲ့အခါ ဦးဒေါ်လာရဲ့ ဒိုးထူးချွန်တာတွေ့ရလို့ ရွှေတံဆိပ် ချီးမြှင့်ခံရတယ်။ အဲဒီနောက်တော့ စိန်ဒေါ်လာဖြစ်လာတော့တယ်။ ဒိုးတီးကလည်းကောင်းပြန်၊ ဝေလမင်းသားကလည်း ရွှေတံဆိပ်ချီးမြှင့်ပြန်တော့ နာမည်ပိုကြီးလာတာပေါ့။ ဘယ်အထိ ဖြစ်ခဲ့ရသလဲဆိုရင် တောရွာတွေက ကြက်တိုက်ပွဲတွေမှာ အခွပ်ကောင်းတဲ့ကြက်ဖကို စိန်ဒေါ်လာကွ … တီးပေး … မလျော့နဲ့ … တီးပေးလို့ ရွာတွေထိ စိန်ဒေါ်လာ ခေတ်စားခဲ့တယ်လို့ သိရတယ်။
    ဒိုးတီးနဲ့စိန်ဒေါ်လာ
    ကောလင်းကို ရောက်ကြပြီး နောက်တစ်နေ့ ဘုရားပွဲက စပါတယ်။ စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းဟာ လူတော်တော်စည်တဲ့ဝိုင်းပါ။ စိန်ဒေါ်လာ ဒိုးတီးကောင်းတဲ့အကြောင်းအရာတွေကတော့ လူက ထွားထွားကြိုင်းကြိုင်း၊ အားကကောင်းကောင်း၊ မောင်းကသန်သန်၊ လက်ချောင်းများကလည်းရှည်၊ ဒါကြောင့် သူ့ဒိုးတီးကွက်ဟာ စိတ်တဲ့အပြင် တီးချက်ကလဲပြင်းတယ်။ လက်နဲ့သက်သက်တီးတာမဟုတ်ပဲ ခြေဖ၀ါးတို့ကိုပါသုံးပြီး ဒိုးတီးတယ်။ ဒိုးမှာတပ်ထားတဲ့ ကြိုးကို ကတ္တီပါစွပ်ပြီးချုပ်ထားတယ်။ ကြယ်ပွင့်လေးတွေလဲစီပြီးတပ်ထားသေးတယ်။ ဒိုးကိုတီးရင်း လည်ပင်းမှာလွယ်ပြီး မင်းသား ပုလဲပုတီးလှည့်သလို ဒိုးကို အားနဲ့လှည့်လိုက်၊ နောက်ရောက်လာတဲ့ဒိုးကို ခြင်းလုါံ် စလွယ်ခတ်တီးဟန်နဲ့ ခြေဖ၀ါးနဲ့တီးပြီး ရှေ့ကိုပြန်ရောက်စေတယ်။ ဒိုးကို လည်ပင်းမှာဆွဲထားပြီး ဘယ်ဖ၀ါး ညာဖ၀ါးနဲ့လဲတီးတယ်။ ဒိုးကို ခြေရောလက်ပါတီးနေပေမယ့် ဟန်ချက်မပျက်စေရဘူး။
    ကျားကိုက်ကျွမ်းထိုးဆိုတာလဲ တီးလိုက်သေးတယ်။ ကျားကိုက်ကျွမ်းထိုး တီးတော့မယ်ဆိုရင် တိုက်ပုံအင်္ကျီချွတ် ပုဆိုးခါးတောင်းကျိုက်၊ ဒိုးတပ်ကြိုးကို ပါးစပ်နဲ့ကိုက်ပြီး မယ်ဥကျားချီပုံ၊ ဘယ်ယိမ်းညာယိမ်းလုပ်၊ ဒေါမာန်တွေထဟန်ပြု၊ ကျားဟန်ပါပါနဲ့ ဒိုးတီးချက်မပျက်စေဘဲ ရှေ့ကျွမ်းထိုးနောက်ကျွမ်းထိုး အမျိုးမျိုးတီးတယ်။ ဒါတွေဟာ စာရေးသူကိုယ်တိုင် ၁၇-နှစ်၊ ၁၈-နှစ်သားအရွယ်က တွေ့ခဲ့ရတာပါ။ စာဖတ်သူအနေနဲ့တော့ မျက်မြင် ကိုယ်တွေ့လောက် ခံစားရမှု အပြည့်မရှိနိုင်ပါဘူး။ အလေးအနက်ထားပြီး တွေးကြည့်ရင်တော့ ဒိုးလဲတီး၊ လှုပ်ရှားမှုမျိုးစုံကလည်းအဆက်မပြတ်လုပ်နေမယ့် ဟန်ပန်မူရာ စိတ်ဝင်စားစရာတွေ တရေးရေးမြင်လာလိမ့်မယ်လို့ ထင်ပါတယ်။
    စိန်ဒေါ်လာရဲ့ ဒိုးတီးကွက်ကို မြူးကြွစေဖို့ အပို့သမားကတော့ ကံကောက်ရွာက လင်းကွင်းဆရာကြီး ဦးဘဂျမ်းပါ။ ဦးဘဂျမ်းလင်းကွင်းတီးပုံကလည်း ပညာပါလှပါတယ်။ လင်းကွင်း ၂-ချပ် ရိုးရိုးတီးတာမျိုးမဟုတ်ဘူး။ လင်းကွင်းမှာတပ်ထားတဲ့ကြိုးဟာ တစ်ခုကို ခြောက်ပေလောက်ရှည်မယ်ထင်တယ်။ ကြိုးကို ကတီပါစွပ်ထားသေးတယ်။ လင်းကွင်းကြိုးမှာလဲ ငွေကြယ်လေးတွေစီလို့ပါ။ ကြိုးအဖျားမှာတော့ အဖွားတစ်ပေခန့်လောက်ရှိမယ့် ပန်းပွားတပ်ထားသေးတယ်။ လင်းကွင်းကြိုးကို ဝေ့ကာဝိုက်ကာ သိုင်းကွက်နင်းဟန်ကပြီး တီးပုံက စိန်ဒေါ်လာရဲ့ ဒိုးတီးကွက်နဲ့ စီးကိုက်လှတယ်။
    ကသာခရိုင် ကောလင်းမြို့ ကိုးတောင်ပြည့်ဘုရားပွဲက ၇-ရက် စိန်ဒေါ်လာတို့က တစ်ခြားမြို့မှာ ပွဲဆက်မလို့ ၃-ရက်ပဲ တီးကြတယ်။ ဒါတွေကတော့ စိန်ဒေါ်လာရဲ့ ဘ၀ဖြစ်စဉ် ကိုယ်တွေ့သိသမျှကလေးပါ။
    စိန်ဒေါ်လာဟာ စကြနွယ်စဉ် အမြောက်တပ်သားတို့မှ ဆက်နွယ်ခဲ့သူ သူကိုယ်တိုင် စကြာနွယ်စဉ်ဖွားဇာတိ။ ယနေ့တိုင် သူ့ဆွေမျိုးရင်းခြားများ စကြာနွယ်စဉ်ရပ်ကွက်တွင် ရှိလျက်ပါ။ ဗမာဘုရင်များလက်ထက် ပသီလူမျိုးလို့ သတ်မှတ်ခံကြရတဲ့ အစ္စလာမ်သာသနာဝင် မိဘနှစ်ပါးမှဆင်းသက်လာသူ၊ စကြာနွယ်စဉ်ရပ်မွေး စကြာနွယ်စဉ်ရပ်ကြီးခဲ့သူ၊ ဒိုးတီးကိုလဲ စကြာနွယ်စဉ်မှာပဲ တတ်မြောက်ခဲ့သူ။
    နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ ဗောဓိကုန်း၊ ပုဏ္ဏားအမျိုးသားများ စုဝေးနေထိုင်တဲ့ရပ်ကွက် ပုဏ္ဏားအမျိုးသားတို့ရဲ့ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုပွဲတွေမှာ စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းမပါရင်မပြီးဘူး။ မင်္ဂလာအခမ်းအနားတွေမှာ သတို့သမီးဘက်က စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းပါရမယ်လို့ တောင်းဆိုတာ ရှိခဲ့ဘူးတယ်လို့သိရတယ်။
    စိန်ဒေါ်လာရဲ့ ဒိုးတီးကောင်းတဲ့ခေတ်ကို ရွာသားစိန်ဗေဒါကြီးကလည်း မီလိုက်တယ်လို့ဆိုတယ်။ “မင်းလိုလူတော့ ငါမတွေ့ဖူးသေးဘူး။ တို့က နှစ်ဘက်ပိတ်ကို မတီးတတ်ဘူး။ မင်းက ပသီဖြစ်ပေမယ့် ဒိုးကိုဆိုင်းဝိုင်းလောက်ကောင်းအောင်တီးနိုင်တာ တော်ပေတာပေါ့”လို့ ချီးကျူးသတဲ့။ (၁၉၇၁-ခု နိုဝင်ဘာလ ကြီးပွားရေးပုံနှိပ်တိုက် လက်ဆည်ကန်၊ မန္တလေး။ မှတ်ပုံတင်အမှတ် မြဲ-၀၀၄၅၇ မှာ ရိုက်နှိပ်ပြီး လူထုဦးလှမှတ်ပုံတင်အမှတ် မြဲ-၀၉၉၆ က တာဝန်ခံထုတ်ခဲ့တဲ့ စာပေလုပ်သား အင်အားသစ် အထက်ဗမာပြည် စာရေးဆရာများအသင်း စာအုပ်၊ စာမျက်နှာ (၁၅၀-၁၅၁)ကို ကြည့်ပါ။
    မြို့ရောတောပါ စိန်ဒေါ်လာ
    စိန်ဒေါ်လာ အရပ်တကာ မြို့တကာလှည့်ပြီး ဒိုးတီးတယ်ဆိုတော့ ရွှေမြို့တော်က မသုံးကြလို့လား … တွေးစရာပေါ့။ ဒီလိုလဲမဟုတ်ပါဘး။ မြို့မှာ နာမည်ကြီးလာတော့ နယ်တွေက လာငှားကြတာမို့ မြို့မှာလဲ ဒိုးဝိုင်းတွေဟာ တီးကြရတာ မအားကြရပါဘူး။ နှစ်စဉ် တပို့တွဲလပြည့်နေ့တိုင်း ရှင်မာလဲ ဘုရားပွဲလည်းရှိတယ်။ ဒီဘုရားပွဲတော်ချိန်မှာ ရှမ်းကုန်းမြေမြင့်ကြီးပေါ်က ရှမ်းမျိုးနွယ်စုများဖြစ်ကြတဲ့ လူမျိုးစုတို့ဟာ ဘုရားဖူးဆင်းကြတယ်။ ထမနဲပွဲကပ်လှူတဲ့နေ့မှာ တောင်ပေါ်တိုင်းရင်းသား လူမျိုးစုတွေဟ အတီးအမှုတ် အကအခုန်တို့နဲ့ သွားကြတယ်။ ဒီပွဲမျိုးဟာလဲ စိန်ဒေါ်လာရဲ့ ၀ိုင်းပါစမြဲပါ။
    အစ္စလာမ်သာသနာသက်ဝင်ယုံကြည်တဲ့ ပသီအမျိုးသားကြီးဖြစ်သော်လည်း စိန်ဒေါ်လာ ဒိုးတီးပိုင်ပုံ တီးကွက် ပြောင်မြောက်မှုတို့ကြောင့် အထက်ဗမာပြည်မှာ နာမည်ကျော်ခဲ့တယ်။ တန်ခိုးကြီးဘုရားပွဲတို့မှာ ကောက်စိုက်ပြိုင်ပွဲတို့မှာ နာမည်ကြီးဒိုးဝိုင်း(၅)ခုရှိတဲ့အထဲ စိန်ဒေါ်လာဝိုင်းပါရစမြဲပါ။
    စိန်ဒေါ်လာမှီခဲ့သူများနဲ့ကိုယ်တွေ့သိခဲ့တာတို့ကို တင်ပြတာပါ။ ဆရာတော် ဦးဥတ္တမ မန္တလေးကြွလာတော့ ဘုရားကြီး ၄၅-တာမှာ အငြိမ့်ပွဲ ဒိုးတီးပွဲတွေနဲ့ ကြိုဆိုခဲ့တယ်ဆိုပဲ။ စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းနဲ့ အငြိမ့်စင်ကနီးနေတော့ အငြိမ့်ပွဲကြည့်တဲ့လူနည်းပြီး စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းမှာသာ ပွဲကြည့်များလို့ အငြိမ့်ပွဲပျက်ခဲ့ရတယ်လို့ အဆိုရှိခဲ့ပါတယ်။
    ဒိုးနဲ့ဇာတ်လမ်း
    ဒိုးပတ်တီးကြတယ်၊ အလှူပွဲ၊ မင်္ဂလာပွဲ၊ ကထိန်ပွဲတို့မှာ ဒိုးပတ်ဝိုင်းဆိုတာ ဒီနေ့ထိလည်းပါကြစမြဲပါ။ ဒိုးပတ်ဝိုင်းပါတော့ ပိုပြီးစည်တယ်။ ပိုပြီးမြူကြွတယ်။ ဒါပေမယ့် ခုခေတ် ဒိုးပတ်ဝိုင်းတွေရဲ့ တီးကြ မှုတ်ကြတာတွေဟာ ခေတ်ပေါ်သီချင်းတို့သာများကြတာ တွေ့ရမှာပါ။ စိန်ဒေါ်လာတို့က နမည်ကြီးဝိုင်းတွေဟာ ဒိုးတီးပညာ တက်လာတာနဲ့တစ်ပါတည်း ရုပ်သေးကြိုးဆွဲပညာကိုပါ တက်လာကြရတယ်လို့ဆိုတယ်။
    မိုးရာသီကောက်စိုက်ချိန်တို့မှာ လယ်စိုက်သူများ အလုပ်တွင်ကျယ်စေဖို့ ဒိုးဝိုင်းဟာ မန္တလေးမြို့ရဲ့ အရှေ့ဘက်ဆုံးအောင်ပင်လယ်ကွင်းမှာ မပါလို့ မဖြစ်ပါဘူး။
    စိန်ဒေါ်လာတို့ ဒိုးဝိုင်းပါရတဲ့ ကောက်စိုက်ပွဲမှာ တီးရတော့မယ်ဆိုရင် နံနက်(၅)နာရီမှ ကောက်စိုက်ကြမည့် လယ်သူမများနဲ့ ဒိုးအဖွဲ့ပါ လယ်ကွက်ထဲ ရောက်ကြရတယ်။ စတာနဲ့တစ်ပြိုင်တည်း (၃၇)မင်း ပင့်ဖိတ်သည်မှအစ အပျိုတော်(၁၂)ခန်းကို ကုန်အောင်တီးရတာ နေ့ဝက်ကျိုးတဲ့အထိဆိုပဲ။ နေ့ဝက်နားချိန်ပြီးလို့ အလုပ်ပြန်စတယ်ဆိုရင်ပဲ အလုပ်စကြဖို့ ကာလပေါ် တစ်ပုဒ်နှစ်ပုဒ်တီးရတယ်။ ပြီးတာနဲ့ ဇာတ်ပန္နက်ရိုက်တီးရတယ်။ များသောအားဖြင့် စိန်ဒေါ်လာရဲ့ဝိုင်းက မေဓါဝီနဲ့ ပဒကငသဇာတ်ခင်းတယ်ဆိုပဲ။ ၀န်ထွက်ခန်းဆိုတယ်တီးတယ်ရောက်တော့ ပြိုင်ထွက်နှစ်ပါးသွားအက ပြီးတော့ နေ့လည်မုန့်စးနားပြီးတာနဲ့ ပန္နက်ချီထားတဲ့ ဇာတ်လမ်းကိုဆက်ရတယ်။ ဒီလိုနဲ့ နေ့လည်းကုန် ကောက်စိုက်ကွင်းလဲပြီး ဇာတ်လမ်းလဲသိမ်းကြတယ်။ ဒိုးတီးဝိုင်းသမားတိုင်း ရုပ်သေးပညာတတ်ထားကြရတယ်။ ဒိုးသမားတို့တီးကြ ဆိုကြတာတွေဟာ အရုပ်သာမပါတာ ရုပ်သေးကဟန်၊ ရုပ်သေးဆိုဟန်စတဲ့ ရုပ်သေးပညာတတ်ကြရတယ်။ မတတ်ကြရင်တော့ ဒိုးသမားကောင်းမဖြစ်နိုင်ပါဘူး။ စိန်ဒေါ်လာဟာ ဒီပညာတွေ ဘက်စုံတတ်ခဲ့တယ်လို့ သမစဉ်အရ သိရတယ်။ ဒိုးတစ်လုံး လင်းကွင်းတစ်စုံ၊ နှဲတစ်လက်နဲ့ ဆိုင်းဝိုင်းကြီးတစ်ဝိုင်းရဲ့ တီးကွက်တာဝန်တို့ကို ထမ်းဆောင်ရတာ လွယ်လှတယ်လို့မထင်ပါ။ လေခင်းတီးတယ်၊ ငိုချင်းတီးတယ်၊ တောလေပြေ၊ ထီးလေပြေ၊ နန်းလေပြေတို့ကိုလည်း တီးသေးတယ်။
    ဒိုးပညာနဲ့ စိန်ဒေါ်လာ
    စိန်ဒေါ်လာမှာ ထူးခြားတာတစ်ခုရှိပါသေးတယ်။ ဒိုးတီးတော့မယ်ဆိုရင် ပတ်စာကပ် အသံညှိတာတို့ကို အလုပ်တစ်ခုအနေနဲ့ မလုပ်ပါဘူး။ ပတ်စာ စာလုံးကို ဒိုးပေါ်တင်ပြီး လက်မနဲ့ သုံးကြိမ်သာရစ်လိုက်ရင် ပတ်စကပ်ပြီးဖြစ်သွားတယ်။ သူလိုချင်တဲ့ (၅)ပေါက်သံ၊ (၆)ပေါက်သံ၊ (၇)ပေါက်သံ အားလုံး အဆင်သင့်ဖြစ်သွားတယ်ဆိုပဲ။ ဘုန်းတော်ရောင်ဘွဲ့တီးနေရာက ကြိုးတီးကြိုးက၊ ရေခင်းပြောင်းတီး၊ အဲဒီက ဗုံတောက်သံအထိတီးရင် ပတ်စာကို လက်မနဲ့ထိုးခါ ပြန်ကပ်အသံညှို့လုပ်တာတွေဟာ အတီးမပျက်စေရဘူးလို့ ဆိုတယ်။
    အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူ ပသီအမျိုးသားကြီး စိန်ဒေါ်လာ (ခ) အပ္ပဒွလ္လာဆိုတဲ့ဒိုးသမားကြီးဟာ ဒိုးမှာဘက်စုံတော်ခဲ့သူ မြန်မာ့အနုပညာရှင်ကြီးတစ်ဦးဖြစ်ခဲ့ဖူးကြောင်း သမိုင်းဇာတ်လမ်းတစ်ပုဒ်ဟာ သူမရှိတော့တဲ့နောက် ပျောက်ကွယ်သွားရတော့မယ့်အချိန်မှာ ၁၉၇၀-ခုနှစ် အထက်ဗမာပြည် စာရေးဆရာကြီးများ ကြီးမှူးကျင်းပတဲ့ စာတမ်းဖတ်ပွဲမှာ လူထုဒေါ်အမာဖတ်ကြားတဲ့ “ဗမာသံတွေပျောက်ကုန်ပြီ”ဆိုတဲ့ ခေါင်းစဉ်ပါ စာတမ်းမှာ စိန်ဒေါ်လာ (ခ) အပ္ပဒွလ္လာရဲ့အကြောင်း တစ်စိတ်တစ်ပိုင်းပါခဲ့လို့ ဂျပန်ခေတ်အတွင်း ဇာတ်သိမ်းသွားရှာတဲ့ ဇာတ်လမ်းတစ်ပုဒ်ပြန်ပေါ်လာခဲ့ရပါတယ်။ စာာတမ်းအဖြစ်မှ စာပေလုပ်သား အင်အားသစ်အနေနဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာများအသင်းက စာအုပ်အဖြစ်ထုတ်ဝေခဲ့လို့ ၁၉၇၁-ခုနှစ် နိုဝင်ဘာလမှာ ပုံနှိပ်အက္ခရာအဖြစ်နဲ့ စာတမ်းတစ်စောင်အဖြစ် ပေါ်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ (၁၇)နှစ်တာကာလအတွင်း အဆက်ပြတ်သွားပြန်တဲ့ ဇာတ်လမ်းကို ဒီဆောင်းပါးငယ်က ထပ်ပြီးကွင်းဆက်ပေးတဲ့သဘောပါ။
    စိန်ဒေါ်လာ (ခ) ဦးအပ္ပဒွလ္လာဆိုတဲ့ အနုပညာရှင်ကြီးကတော့ ဂျပန်ခေတ် စစ်ပြေးရင်း မန္တလေးလေယာဉ်ကွင်းရဲ့တောင်ဘက် (၄-၅)မိုင်အကွာမှာရှိတဲ့ ဇောင်းကလော ပုဏ္ဏားကုန်းဆိုတဲ့ ရွာကလေးမှာ စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ အလ္လာဟ်အရှင်မြတ်အမိန့်တော်ကျရောက်လာလို့ တဒင်္ဂမှသည် ထာဝရသို့ ကူးပြောင်းသွားရရှာပါတယ်။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံသွားစဉ် ဇနီး ဒေါ်ဖွားခင်နဲ့ သားသမီး(၄)ယောက်ကျန်ခဲ့ပါတယ်။ ဆွေးရင်းမျိုးချာအဆက်အနွယ်များကတော့ မန္တလေးမြို့၊ စကြာနွယ်စဉ် ရပ်ကွက်ကြီးအတွင်းမှာ ဒီကနေ့အထိ ရှိကြပါသေးတယ်။
    ဒီဆောင်းပါးကို ပြုစုရာမှာ ကိုယ်တွေ့များနဲ့ စိန်ဒေါ်လာ (ခ) ဦးအပ္ပဒွလ္လာရဲ့အကြောင်းအရာများကို ရနိုင်သမျှ စုဆောင်းလေ့လာထားတဲ့ မြန်မာခြင်းလုံးသမိုင်းပြုစုသူ စာပေဗိမ္မာန်စာမူဆု ၁၉၈၁-ခုနှစ်၊ ပထမဆု ရရှိသည့် ခြင်းဦးဘသိန်း(ပီကင်းပြန်)ထံမှလည်းကောင်း၊ ၁၉၇၁-ခုနှစ် မန္တလေးမြို့ ကြီးပွားရေးစာအုပ်တိုက်ထုတ်၊ စာပေလုပ်သား အင်အားသစ် အထက်မြန်မာနိုင်ငံ စာရေးဆရာများအသင်းထုတ်စာအုပ်မှ လူထုဒေါ်အမာ၏ ‘ဗမာ့သံတွေ ပျောက်ကုန်ပြီ’စာတမ်းကိုလည်းကောင်း ကိုးကားရေးသားခြင်း ဖြစ်ပါတယ်။
    ရှေးခေတ်အနုပညာရှင်ကြီးများသမိုင်း တည်မြဲပါစေ။
    ပသီကိုကိုလေး
    * ဗမာဟူသောနေရာတွင် မြန်မာဟု ပြင်ဆင်ဖတ်ရှုပါရန် *
    =============================================================
    ၁၉၉၁-ခု၊ ဒီဇင်ဘာလထုတ်၊ မိုးသောက်ကြယ်မဂ္ဂဇင်း၊ စာမျက်နှာ(၇၉-၈၁၊ ၁၁၅)မှ ကူးယူပါသည်။