News @ M-Media

Tag: Pakistan

  • ပါကစ္စတန်၏ နျူစီမံကိန်းဖခင် အဘ်ဒွလ် ကာဒရ်ခန်း ကွယ်လွန်

    ပါကစ္စတန်၏ နျူစီမံကိန်းဖခင် အဘ်ဒွလ် ကာဒရ်ခန်း ကွယ်လွန်

    အောက်တိုဘာ ၁၀ ၊၂၀၂၁
    M-Media

    -ပါစ္စတန်ကို နျူအင်အားကြီးနိုင်ငံတစ်ခုဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သိပ္ပံပညာရှင် အဘ်ဒွလ် ကာဒရ်ခန်းဟာ အဆုတ်ရောဂါနဲ့ ဒီကနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

    အသက် ၈၅ နှစ်အရွယ် ခန်းရဲ့ နိုင်ငံတော် ဈာပနအခမ်းအနားကို မြို့တော် အစ္စလာမ်မာဘတ်က ဖိုက်ဆယ် ဗလီဝတ်ကျောင်းတော်မှာ နေ့ချင်းကျင်းပမှာ ဖြစ်ပါတယ်။

    ပါကစ္စတန်ဟာ အစ္စလာမ်ကမ္ဘာမှာ ပထမဆုံး နျူပိုင်ဆိုင်တဲ့ နိုင်ငံ၊ ရန်ဖက် အိန္ဒိယရဲ့ စိန်ခေါ်မှုကို အန်တုနိုင်တဲ့နိုင်ငံ ဖြစ်လာမှုမှာ ခန်းက အဓိကကျခဲ့ပြီး နိုင်ငံရဲ့ အမျိုးသား သူရဲကောင်းအဖြစ် မှတ်ယူခံရသူလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် နျူနည်းပညာကို အီရန်၊ မြောက်ကိုရီးယားနဲ့ လစ်ဗျားတို့လို နိုင်ငံတွေကို မျှဝေပေးခဲ့တယ်လို့ အမေရိကန်က စွပ်စွဲခဲ့တဲ့အတွက် ၂၀၀၄ ခုနှစ်မှာ ပါကစ္စတန်အစိုးရက ခန်းကို နေအိမ်အကျယ်ချုပ် ချခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် သွားလာမှုကိုတော့ တင်းတင်းကြပ်ကြပ် ကန့်သတ်ခံခဲ့ရပါတယ်။

    ပါကစ္စတန်သမ္မတ အာရစ်ဖ်အလ်ဗီက အဘ်ဒွလ်ကာဒရ်ခန်း ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲရတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဝန်ကြီးချုပ် အင်မရန်းခန်းက တိုင်းပြည်ကို နျူပိုင်တဲ့နိုင်ငံဖြစ်အောင် ကူညီပေးနိုင်မှုအတွက် တိုင်းပြည်က အဘ်ဒွလ်ကာဒရ်ခန်းကို ချစ်ကြကြောင်း၊ နျူပိုင်ဆိုင်ခဲ့တဲ့အတွက် ပိုကြီးတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ရန်လိုမှုကနေ လုံခြုံခဲ့ကြောင်း၊ ပါကစ္စတန်ပြည်သူတွေအတွက် အဘ်ဒွလ်ကာဒရ်ခန်းက အမျိုးသား အမှတ်သညာတစ်ခုဖြစ်ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: CNN

  • အကြမ်းဖက်နိုင်ငံ၊ ဖက်ဆစ်နိုင်ငံဟု အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် စွပ်စွဲပြောဆို

    အကြမ်းဖက်နိုင်ငံ၊ ဖက်ဆစ်နိုင်ငံဟု အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် စွပ်စွဲပြောဆို

    စက်တင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -တောင်အာရှ ရန်ဘက်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အပြန်အလှန် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

    သောကြာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ နိုင်ငံအတွင်းက မွတ်စလင်တွေကို ‘မျိုးဖြုတ်ဖို့ စီစဉ်နေတယ်’ လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

    ဒါ့အပြင် မိုဒီဦးဆောင်တဲ့ အိန္ဒိယအစိုးရကို ‘ဖက်ဆစ်’ လို့လည်း သမုတ်ခဲ့ပါတယ်။

    “အစ္စလာမ်ကြောက်ရောဂါ ဆိုးဆိုးရွားရွား ဖိစီးနေတဲ့သူက လက်ရှိမှာ အိန္ဒိယကို အုပ်စိုးနေတယ်။ ဖက်ဆစ်အဖွဲ့ RSS-BJP က ဖြန့်ဖြူးပြီး အမုန်းပြည့်နေတဲ့ Hindutva အတွေးအခေါ်ဟာ အိန္ဒိယက သန်းပေါင်း ၂၀၀ သော မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် အကြမ်းဖက်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို မွေးဖွားပေးလိုက်တာပါ ”

    BJP ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီဖြစ်ပြီး၊ RSS ဟာ BJP ရဲ့ အတွေးအခေါ်ပိုင်းကို မွေးဖွားပေးတဲ့ ဟိန္ဒူအစွန်းရောက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

    BJP အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ် ခုနှစ်ကစပြီး အိန္ဒိယမှာ ဟိန္ဒူအစွန်းရောက်တွေ ခေါင်းထောင်ထလာကာ ဒါလစ်ဇာတ်နိမ့်၊ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။

    အိန္ဒိယက တုန့်ပြန်

    စနေနေ့က ကုလအထွေထွေညီလာခံမိန့်ခွန်းမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက အာဖဂန်နစ္စတန်မှာဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအပေါ် ဘယ်နိုင်ငံကမှ အမြတ်ထုတ်လို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

    အာဖဂန်က အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ လူနည်းစုတွေကို ကူညီပေးဖို့ မိုဒီက နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့ပြီး၊ တစ်ချို့နိုင်ငံတွေက ကိုယ့်အကျိုးစီးပွားအတွက် အာဖဂန်နစ္စတန်ကို အမြတ်ထုတ်မယ့်အရေး သတိထားဖို့ လိုအပ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    ဒါဟာ ပါကစ္စတန်ကို ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    အိန္ဒိယရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့က တာဝန်ရှိသူ စနီဟာ ဒူဘီက အလ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို ခိုလှုံခွင့်ပေးခဲ့တာကို ထောက်ပြခဲ့ပြီး ပါကစ္စတန်ဟာ အကြမ်းဖက်တွေကို မွေးထုတ်ပေးတဲ့နိုင်ငံဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲမှာ ဘင်္ဂါလီတွေကို ဘာသာရေး၊ ယာဉ်ကျေးမှု မျိုးတုန်းအောင် လုပ်ဆောင်ခဲ့ကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အာဖဂန်နစ္စတန်တွင် ပြည်တွင်းစစ် ဖြစ်လာနိုင်ဟု ပါကစ္စတန်ဝန်ကြီးချုပ် သတိပေး

    အာဖဂန်နစ္စတန်တွင် ပြည်တွင်းစစ် ဖြစ်လာနိုင်ဟု ပါကစ္စတန်ဝန်ကြီးချုပ် သတိပေး

    စက်တင်ဘာ ၂၂၊ ၂၀၂၁
    M-Media

    -တာလီဘန်အနေနဲ့ အားလုံး ပူးပေါင်းပါဝင်တဲ့ အစိုးရမျိုး မဖွဲ့စည်းနိုင်ဘူးဆိုရင် ပြည်တွင်းစစ်ဖြစ်ကာ ပါကစ္စတန်ကိုပါ ရိုက်ခတ်လာနိုင်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက သတိပေးလိုက်ပါတယ်။

    ဩဂုတ်လ အလယ်ပိုင်းမှာ တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ တာလီဘန်ဟာ အခုလအစောပိုင်းမှာ အစိုးရအဖွဲ့ကို ကြေငြာခဲ့ပေမယ့် နိုင်ငံအတွင်းက လူမျိုးစုတွေ မပါဝင်ပါဘူး။ အခုတစ်ပတ်အစောပိုင်း ဒုဝန်ကြီးတွေ ခန့်အပ်ရာမှာလည်း လူနည်းစုတွေထဲက ၃ ဦးကို ထည့်ထားပေမယ့် ပါဝင်သင့်သလောက် မပါဝင်လာဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

    မနေ့က BBC သတင်းဌာနနဲ့ အင်တာဗျူးမှာ အင်မရန်းခန်းက တာလီဘန်အနေနဲ့ ​အားလုံးပါဝင်တဲ့အစိုးရမျိုး မဖွဲ့စည်းနိုင်ဘူးဆိုရင် ပြည်တွင်းစစ်ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    “အားလုံးပါဝင်တဲ့ အစိုးရမျိုး မဖွဲ့စည်းနိုင်ဘူး၊ မတူညီတဲ့အဖွဲ့အစည်းတွေကလူတွေကို မထည့်ဘူးဆိုရင် တစ်ဖြည်းဖြည်းနဲ့ ပြည်တွင်းစစ်ဖြစ်လာမယ်။ အဲဒီပြည်တွင်းစစ်က ပါကစ္စတန်ကို ထိခိုက်လာပါလိမ့်မယ်”

    အာဖဂန်နစ္စတန်မှာ ပြည်တွင်းစစ်ဖြစ်လာရင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေ၊ ဒုက္ခသည်ပြဿနာတွေ ဖြစ်လာမှာနဲ့ အာဖဂန်မြေကိုအသုံးချပြီး ပါကစ္စတန်အစိုးရကို တိုက်ခိုက်မယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ်လာမှာ စိုးရိမ်တယ်လို့လည်း အင်မရန်းခန်းက ပြောပါတယ်။

    လက်ရှိ တာလီဘန်အစိုးရကို ပြင်ဆင်ဖွဲ့စည်းဖို့ အင်မရန်းခန်းက တိုက်တွန်းဆော်ဩဖူးပြီး တာလီဘန်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မိုဟာမက် မိုဘင်းက အားလုံးပူးပေါင်းပါဝင်တဲ့အစိုးရ ဖွဲ့စည်းရေး တိုက်တွန်းဖို့ ဘယ်သူ့ကိုမှ မိမိတို့အဖွဲ့က အခွင့်အရေး မပေးထားဘူးလို့ တုန့်ပြန်ထားပါတယ်။

    ၁၉၉၆-၂၀၀၁ ခုနှစ်က တာလီဘန်အုပ်စိုးမှုတုန်းကလို အာဖဂန်နစ္စတန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမှာကို နိုင်ငံကာအသိုင်းအ၀ိုင်းက စိုးရိမ်နေပြီး တာလီဘန်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွတ်လာ မူဂျာဟစ်က မိမိတို့ကို နိုင်ငံကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုပြီးနောက်ပိုင်းမှ ဒီစိုးရိမ်မှုတွေအတွက် အဖြေပေးမယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ပါစ္စတန်စစ်တပ်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လျှို့ဝှက်လာရောက်

    စက်တင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -ပါကစ္စတန်စစ်တပ်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ မြန်မာနိုင်ငံကို စက်တင်ဘာ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ လျှို့ဝှက် လာရောက်ခဲ့တယ်လို့ သိရပါတယ်။

    ဒီခရီးစဉ်အတွင်း ထောက်လှမ်းရေးနည်းပညာ၊ စစ်လေယာဉ် ပြုပြင်ထန်းသိမ်းမှုကိစ္စ၊ ရေတပ်လက်နက်ခဲယမ်းကိစ္စတွေအပါအဝင် အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ စစ်ဖက်ရေးရာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတာပါ။

    ပါကစ္စတန်စစ်တပ်နဲ့ မြန်မာစစ်တပ်ဟာ အရင်ကတည်းက နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး ပါကစ္စတန်နဲ့ တရုတ် ပူးပေါင်းထုတ်လုပ်တဲ့ TJF-17 တိုက်လေယာဉ်တွေကို မြန်မာလေတပ်က ဝယ်ယူအသုံးပြုနေတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်ဟာ ၂၀၁၅ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။

    လက်ရှိမှာလည်း စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ ပါကစ္စတန်မှာ မိုင်းရှင်းလင်းရေးသင်တန်း တက်ရောက်နေကြပါတယ်။

    ပါကစ္စတန်စစ်တပ်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အခုလို မြန်မာနိုင်ငံကို လာရောက်မှုဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံရေးနွေးထွးအောင်လုပ်ဖို့ တရုတ်နိုင်ငံရဲ့ စေ့ဆော်မှုကြောင့် ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Zee

  • တရုတ်အစိုးရကို ထောက်ခံကြောင်း ပါကစ္စတန် ထပ်ပြော

    တရုတ်အစိုးရကို ထောက်ခံကြောင်း ပါကစ္စတန် ထပ်ပြော

    ဇူလိုင် ၂၊ ၂၀၂၁
    M-Media

    -တရုတ်အစိုးရရဲ့ လုပ်ရပ်တွေကို ထောက်ခံပြီး တစ်ပါတီ အုပ်စိုးမှုစနစ်ကလည်း ရွေးကောက်ပွဲအခြေပြု ဒီမိုကရေစီစနစ်ထက် ပိုမိုကောင်းမွန်တယ်လို့ ပါကစ္စတန်၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    ​ခန်းဟာ ဥရောပနိုင်ငံ အစိုးရတွေရဲ့ အစ္စလာမ်ကြောက်ရောဂါ ကိုင်တွယ်မှု အားနည်းတာကို ဝေဖန်ထောက်ပြလေ့ရှိပေမယ့် တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစုတွေ ဖိနှိပ် ညှင်းပမ်းခံရတာကို နှုတ်ဆိတ်နေလေ့ရှိပါတယ်။

    ကွန်မြူနစ်ပါတီ နှစ် ၁၀၀ အထိမ်းအမှတ် တရုတ်သတင်းဌာနကို ဖြေကြားတဲ့ အင်တာဗျူးမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ တရုတ်အစိုးရက ငြင်းဆန်တာကို သဘောကျတယ်လို့​ ပြောဆိုခဲ့ပါတယ်။

    “တရုတ်အာဏာပိုင်တွေနဲ့ ဆက်သွယ်မှုတွေအရ ရှင်ကျန်းမှာ ​ဖြစ်နေတာတွေဟာ အနောက်မီဒီယာတွေ၊ အနောက်နိုင်ငံအစိုးရတွေထံက ကြားရတာတွေနဲ့ လုံး၀ တစ်ခြားစီပါပဲ။ ကျွန်တော်တို့ဟာ တရုတ်နဲ့ အလွန်ခိုင်မာတဲ့၊ ယုံကြည်မှုကို အခြေခံတဲ့ ဆက်ဆံရေးရှိတယ်။ ဒါ့ကြောင့် တရုတ်အစိုးရက ပြောတာကို ကျွန်တော်တို့ နှစ်နှစ်ကာကာ လက်ခံပါတယ်။ ရှင်ကျန်းက သူတို့ရဲ့စီမံကိန်တွေအကြောင်း ပြောတာတွေကို ကျွန်တော်တို့ လက်ခံပါတယ်”

    တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်လမ်း စီမံကိန်း (CPEC) ကနေတစ်ဆင့် တရုတ်ဟာ ပါကစ္စတန်မှာ ကန်ဒေါ်လာ ဘီလီယံ ၆၀ လောက် ရင်းနှီးမြှုပ်နှံထားတာပါ။

    ကွန်မြူနစ်ပါတီတစ်ခုတည်းက ထိန်းချုပ်တဲ့ တရုတ်နိုင်ငံရဲ့ တစ်ပါတီအုပ်ချုပ်မှုစနစ်ကို နှစ်သက်တယ်လို့လည်း ခန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “​တရုတ်ကွန်မြူနစ်ပါတီ (CPC) ဟာ ထူးခြားတဲ့ ပုံစံတစ်ခုပါ။ လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်းဆုံးပုံစံဟာ အနောက်တိုင်း ဒီမိုကရေစီစနစ်လို့ အခုအချိန်အထိ ကျွန်တော်တို့ကို ပြောကြတယ်။ CPC က တစ်ခြားနည်းလမ်းတစ်ခုကို ဖော်ဆောင်ပြသွားတာပါ။ လူ့အဖွဲ့အစည်း အကျိုးရှိအောင် ဖန်တီးပြီး အနောက်တိုင်း ဒီမိုကရေစီအားလုံးကို ရိုက်ချိုးသွားတာပါ”

    အပြောင်းအလဲလုပ်ဆောင်ရာမှာ ဒီမိုကရေစီက အကြပ်အတည်းဖြစ်စေပြီး တရုတ်ရဲ့ တစ်ပါတီစနစ်က ပြောင်းလွယ်ပြင်လွယ် ဖြစ်တယ်လို့လည်း ခန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : Aljazeera