News @ M-Media

Tag: Pakistan

  • ကက်ရှ်မီးယားဒေသကို လွတ်လပ်ရေးပေးမည်ဟု အင်မရန်းခန်း ကတိပြု

    ကက်ရှ်မီးယားဒေသကို လွတ်လပ်ရေးပေးမည်ဟု အင်မရန်းခန်း ကတိပြု

    ဖေဖော်ဝါရီ ၅၊ ၂၀၂၁
    M-Media

    -ကက်ရှ်မီးယားဒေသ ပါကစ္စတန်နဲ့ပေါင်းမယ်ဆိုရင် သီးခြားလွတ်လပ်တဲ့ဒေသ ဖြစ်ခွင့်ပေးမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    ၁၉၄၇ ခုနှစ် ဗြိတိန်ထံကနေ လွတ်လပ်ရေးရပြီးကတည်းက ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုအတွက် ပါကစ္စတန်နဲ့ အိန္ဒိယတို့ အခြေအတင်ဖြစ်ခဲ့ကြပြီး ၂ ကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ပါတယ်။

    လက်ရှိမှာ ကက်ရှ်မီးယားဒေသတစ်ဝက်ကို အိန္ဒိယက ထိန်းချုပ်ထားပြီး ကျန်တစ်ဝက်ကို ပါကစ္စတန်က ထိန်းချုပ်ထားပါတယ်။ ၁၉၄၈ ခုနှစ် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မှာ ကက်ရှ်မီးယားပြည်သူတွေအနေနဲ့ ဘယ်နိုင်ငံ ပေါင်းချင်လဲဆိုတာ လူထုဆန္ဒခံယူရမယ်လို့ ဖော်ပြထားပေမယ့် လွတ်လပ်တဲ့ဒေသအဖြစ် နေဖို့တော့ မပါဝင်ပါဘူး။

    ဒီကနေ့ ကက်ရှ်မီးယားညီညွတ်ရေး ချီတက်ဆန္ဒပြပွဲမှာ အင်မရန်းခန်းက ကက်ရှ်မီးယားပြည်သူတွေကို ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ခင်ဗျားတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်တဲ့အခါ ပါကစ္စတန်ကို ရွေးချယ်ခဲ့မယ်ဆိုရင် လွတ်လပ်တဲ့ဒေသအဖြစ်နေချင်သလား၊ ပါကစ္စတန်ရဲ့အစိတ်အပိုင်းဖြစ်ချင်လားဆိုတာ ဆုံးဖြတ်ဖို့ ကက်ရှ်မီးယားပြည်သူတွေကို ပါကစ္စတန်က အခွင့်အရေးပေးမယ်လို့ ပြောချင်ပါတယ်”

    ​ကုလရဲ့ ပြည်သူဆန္ဒခံယူဖို့ ဆုံးဖြတ်ချက်ကို အိန္ဒိယက လက်မခံဘဲ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ဒေသကို ပြန်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

    အိန္ဒိယဟာ သူတို့ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသကို အရင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ ဒီအုပ်ချုပ်ခွင့်ကို ရုပ်သိမ်းပြီး ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကက်ရှ်မီးယားပြည်သူတွေက ဒီကိစ္စကို ကန့်ကွက်ခဲ့ကြပါတယ်။

    အိန္ဒိယအနေနဲ့ ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြန်ပေးရင် အငြင်းပွားမှုအတွက် ဆွေးနွေးညှိနှိုင်းဖို့ ပြင်ဆင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • Shaheen III ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ပါကစ္စတန်ထုတ်ပြန်

    Shaheen III ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ပါကစ္စတန်ထုတ်ပြန်

    ဇန်နဝါရီ ၂၂၊ ၂၀၂၁
    M-Media

    -ပြည်တွင်းဖြစ် Shaheen III တာလတ်ပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု အောင်မြင်ခဲ့တယ်လို့ ပါကစ္စတန်က ဗုဒ္ဓဟူးနေ့မှာ ကြေငြာလိုက်ပါတယ်။

    စမ်းသပ်မှုကို အာရေဗျပင်လယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒုံးကျည်ရဲ့ဒီဇိုင်း၊ ဒုံးကျည်ပစ်စနစ်ရဲ့ နည်းပညာဆိုင်ရာ တိကျမှုတွေကို သေချာအောင် စမ်းသပ်တာဖြစ်တယ်လို့ ပါကစ္စတန်စစ်တပ် ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အခုစမ်းသပ်ခဲတဲ့ Shaheen III ဒုံးကျည်ဟာ နျူထိပ်ဖူးတပ်ဆင်နိုင်လားဆိုတာ ပါကစ္စတန်က မပြောခဲ့ပါဘူး။

    Shaheen ဒုံးကျည် ပါကစ္စတန်ပိုင်ဆိုင်ထားတဲ့ ဒုံးကျည်စနစ်တွေထဲမှာ အဝေးဆုံးအထိပစ်ခတ်နိုင်တဲ့ စနစ်တစ်ခုဖြစ်ပြီး အိန္ဒိယပိုင်နက်တွေထဲအထိ ထိုးဖောက်ရောက်နိုင်ဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဒုံးကျည်တွေမှာ နျူထိပ်ဖူး တပ်ဆင်နိုင်စွမ်းရှိတယ်လို့ အရင်က ပြောကြားဖူးပါတယ်။

    ကမ္ဘာပေါ်က နျူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ ၈ နိုင်ငံထဲမှာ ပါကစ္စတန်လည်း ပါဝင်ပါတယ်။

    ဒုံးကျည်စမ်းသပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့တဲ့ စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး နဒင်း ဇာကီ မန့်ဂျ်က ဒေသတွင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ပါကစ္စတန်ရဲ့ မူဝါဒကို ထပ်လောင်းအတည်ပြုခဲ့ပြီး စစ်အင်အားဟာ အချုပ်အခြာအာဏာ ကျူးကျော်မှုကို တားဆီးဟန့်တားဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေ၊ သိပ္ပံပညာရှင်တွေကို သမ္မတ အာရစ်ဖ် အလ်ဗီနဲ့ ဝန်ကြီးချုပ် အင်မရန်းခန်းတို့က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

    Ref: Reuters

  • မိုဒီ၏ စစ်သွေးကြွအယူအဆကို တားဆီးရန် ပါကစ္စတန်က ကမ္ဘာကို တိုက်တွန်း

    မိုဒီ၏ စစ်သွေးကြွအယူအဆကို တားဆီးရန် ပါကစ္စတန်က ကမ္ဘာကို တိုက်တွန်း

    ဇန်နဝါရီ ၁၉၊ ၂၀၂၁
    M-Media

    အိန္ဒိယဝန်ကြီးချုပ် မိုဒီ

    -မဲနိုင်ဖို့အတွက် မိမိတို့ကို ကျူးကျော်တိုက်ခိုက်တဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ စစ်သွေးကြအစီအမံကို ဟန့်တားဖို့ ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်းခန်းက နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

    အိန္ဒိယက နာမည်ကျော် ရုပ်သံအစီအစဉ်တင်ဆက်သူ ဟိန္ဒူလက်ယာစွန်းရောက် အာရ်နဘ် ဂိုဆွာမီနဲ့ ရုပ်သံအဆင့်သတ်မှတ်ရေး ကုမ္ပဏီ BARC အကြီးအကဲ ပါရ်သို ဒက်စ်ဂွပ်တာတို့ရဲ့ WhatsApp က အပြန်အလှန်ပြောကြားမှုတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အင်မရန်းခန်းရဲ့ ဒီဝေဖန်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ဂိုဆွာမီဟာ ဂွပ်တာနဲ့ပေါင်းပြီး ရုပ်သံအဆင့်သတ်မှတ်ချက်ကို အမြတ်ထုတ်တယ်ဆိုတဲ့ စွဲချက်အတွက် မွမ်ဘိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ဘာလာကော့မြို့ကို အိန္ဒိယအစိုးရက လေကြောင်းကနေ ကျူးကျော်တိုက်ခိုက်ဖို့ စီစဉ်နေတာကို မီဒီယာသမား ဂိုဆွာမီက ၃ ရက်အရင်ကတည်းက ကြိုတင်သိရှိခဲ့ပြီး ဂွပ်တာကို WhatsApp ကနေ အသိပေးခဲ့ပါတယ်။

    ဧပြီလမှာပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရည်ရွယ်ကာ အိန္ဒိယအစိုးရဟာ ပါကစ္စတန်ကို လကြောင်းကနေတိုက်ခိုက်ဖို့ စီစဉ်ထားပြီး ကက်ရှ်မီးယားပြဿနာအတွက် ကြီးကြီးမားမားအခြေအနေတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဂိုဆွာမီက ဆိုပါတယ်။

    မနေ့က Twitter စာမျက်နှာမှာရေးသားတဲ့ အင်မရခန်းရဲ့ ပို့စ်တွေထဲမှာ အိန္ဒိယအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

    ဖက်ဆစ်အိန္ဒိယအစိုးရဟာ ဘာလာကော့တ်တိုက်ခိုက်မှုကို အသုံးချပြီး ပြည်တွင်းရွေးကောက်ပွဲမှာ မဲရအောင် လုပ်ခဲ့ကြောင်း၊ မီဒီယာနဲ့ အိန္ဒိယအစိုးရပေါင်းကာ ကလိမ်စေ့ငြင်းဆင်ခဲ့ကြောင်း၊ ဒေသတွင်း မတည်မငြိမ်ဖြစ်မယ်ဆိုတာကို ထည့်မတွက်ဘဲ ရွ​ေးကောက်ပွဲအနိုင်ရလိုတဲ့ အန္တရာယ်ရှိတဲ့ စစ်သွေးကြွဝါဒ ရှိနေကြောင်း ​အင်မရန်းခန်းက ပြောကြားခဲ့ပါတယ်။

    အိန္ဒိယကတော့ ဖေဖော်ဝါရီလအစောပိုင်းက သူတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ ပူလ်ဝါမာမြို့မှာ စစ်သား ၄၀ သေဆုံးခဲ့တဲ့ ဗုံးခွဲမှုကို လက်စားချေတဲ့အနေနဲ့ ဘာလာကော့က သူပုန်လေ့ကျင့်ရေးစခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပူလ်ဝါမာ တိုက်ခိုက်မှုလုပ်တဲ့ သူပုန်တွေကို ပါကစ္စတန်က ထောက်ပံ့ပေးထားတယ်လို့လည်း အိန္ဒိယက စွပ်စွဲခဲ့ပြီး ပါကစ္စတန်က ဒါကို ငြင်းပါတယ်။

    ဘာလာကော့ကို တိုက်ခိုက်ပြီး နောက်တစ်နေ့မှာ လေပိုင်နက်ထဲဝင်လာတဲ့ အိန္ဒိယတိုက်လေယာဉ်ကို ပါကစ္စတန်က ပစ်ချခဲ့ပြီး လေယာဉ်မှူးကို ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် ဧပြီလ အိန္ဒိယရဲ့ အထွေထွေရေးကောက်ပွဲမှာ ဘာလာကော့တိုက်ခိုက်မှုက အထောက်အကူဖြစ်စေခဲ့ပြီး အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ ၂၀၁၄ ခု ရွေးကောက်ပွဲကထက် ပိုပြီး မဲရကာ နိုင်ခဲ့ပါတယ်။

    BJP ပြောရေးဆိုခွင့်ရှိသူ ဆယဒ် ဇာဖာရ် အစ္စလာမ်က အင်မရန်းခန်းရဲ့ စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး ပါကစ္စတန်သာလျှင် အကြမ်းဖက်တွေ ထုတ်ပေးနေတဲ့ စက်ရုံဖြစ်ကြောင်း၊ ဘာလာကော့ လေကြောင်တိုက်ခိုက်မှုကို ရွေး​ကောက်ပွဲအသာရအောင် မိမိတို့ အသုံးမပြုခဲ့ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ၂၀၀၈ မွမ်ဘိုင်းအကြမ်းဖက်မှု စီစဉ်သူတစ်ဦးကို ပါကစ္စတန်က ထောင်ချ

    ၂၀၀၈ မွမ်ဘိုင်းအကြမ်းဖက်မှု စီစဉ်သူတစ်ဦးကို ပါကစ္စတန်က ထောင်ချ

    ဇန်နဝါရီ ၉၊ ၂၀၂၁
    M-Media

    -၂၀၀၈ ခုနှဝစ် မွန်ဘိုင်းအကြမ်းဖက်မှုကို နောက်ကွယ်က ကြိုးကိုင်သူလို့ အိန္ဒိယနဲ့ အမေရိကန်တို့က စွပ်စွဲထားသူတစ်ဦးကို ပါကစ္စတန်က အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုနဲ့ ​ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။

    ဇာကီအွရ်ရဟ်မန် လက်ခ်ဗီဆိုသူဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ လက်ခ်ရှာအီတိုင်ဘာ (LeT) က အကြီးတန်း တာဝန်ရှိသူတစ်ဦးပါ။

    လူပေါင်း ၁၆၀ လောက်သေဆုံးခဲ့တဲ့ မွန်ဘိုင်းဟိုတယ် အကြမ်းဖက်တိုက်ခိုက်မှုကို LeT အဖွဲ့က လုပ်ဆောင်တာဖြစ်ပြီး လက်ခ်ဗီကို တရားစွဲဖို့အတွက် အိန္ဒိယက ပါကစ္စတန်ကို အရင်ကတည်းက တိုက်တွန်းခဲ့တာပါ။

    ၂၀၀၈ ခုနှစ်မှာ လက်ခ်ဗီကို ပါကစ္စတန်က ဖမ်းဆီးခဲ့ပေမယ့် တရားစွဲဖို့ လုံလောက်တဲ့ သက်သေအထောက်အထား မရှိတဲ့အတွက် နောက်ပိုင်းမှာ အာခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းဖက်ဝါဒအပေါ် ငွေကြေးထောက်ပံ့မှုနဲ့ မနေ့က ပြန်လည်ဖမ်းဆီးကာ ဒီကနေ့မှာ ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ ရူပီးတစ်သိန်း ချမှတ်ခဲ့ပါတယ်။

    အမေရိကန်က ပါကစ္စတန်ရဲ့ ဆောင်ရွက်မှုကို ကြိုဆိုခဲ့ပြီ မွမ်ဘိုင်းအကြမ်းဖက်မှုအတွက်ပါ လက်ခ်ဗီကို တရားစွဲဖို့ တိုက်တွန်းခဲ့ပါတယ်။

    ကုလလုံခြုံရေးရေးကောင်စီ ပိတ်ဆို့အရေးယူရေး ကော်မတီက လက်ခ်ဗီဟာ ချေချင်းညာ၊ ဘော့စနီးယား ဟာဇီဂိုဗီနာ၊ အီရတ်နဲ့ အာဖဂန်နစ္စတန်တို့အပါအဝင် နိုင်ငံတော်တော်များများက တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

    မွမ်ဘိုင်းတိုက်ခိုက်မှုကို ကြိုးကိုင်စီစဉ်ခဲ့သူတွေထဲမှာ ပါဝင်တယ်လို့ အိန္ဒိယက ပြောကြားထားတဲ့ ဟာဖစ်ဇ် ဆအီးဒ်ကို ပါကစ္စတန်တရားရုံးက အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှုနဲ့ ပြီးခဲ့တဲ့နှစ်မှာ ထောင်ချခဲ့ပါတယ်။

    စအီးဒ်ကတော့ မွမ်ဘိုင်းတိုက်ခိုက်မှုမှာ မပါဝင်ခဲ့ဘူးလို့ ငြင်းဆိုပါတယ်။

    Ref: Reuters

  • လူအုပ်ကဖျက်ဆီးခဲ့သည့် ဟိန္ဒူဘုရားကျောင်း ပြန်ဆောက်ရန် ပါကစ္စတန်အစိုးရက ရန်ပုံငွေပေးမည်

    လူအုပ်ကဖျက်ဆီးခဲ့သည့် ဟိန္ဒူဘုရားကျောင်း ပြန်ဆောက်ရန် ပါကစ္စတန်အစိုးရက ရန်ပုံငွေပေးမည်

    ဇန်နဝါရီ ၂၊ ၂၀၂၀
    M-Media

    -အခုတစ်ပတ်အစောပိုင်းက မွတ်စလင်လူအုပ်ရဲ့ ဖျက်ဆီးမှုကို ခံလိုက်ရတဲ့ ဟိန္ဒူဘုရားကျောင်း ပြန်လည်တည်ဆောက်ရေး ပါကစ္စတန်အစိုးရက ရန်ပုံငွေထောက်ပံ့ပေးမယ်လို့ သိရပါတယ်။

    နိုင်ငံအနောက်မြောက်ပိုင်း ခိုင်ဘာ ပက်သွန်ခွါပြည်နယ် ကာရက်မြို့မှာ ဗုဒ္ဓဟူးနေ့က Shri Paramhans Ji Maharaj Samadhi ဘုရားကျောင်းကို ဒေသတွင်းက မွတ်စလင်ဘာသာရေးခေါင်းဆောင်တစ်ချို့နဲ့ အမျိုးသားဘာသာစောင့်ရှောက်ရေးဟစ်ကြွေးတဲ့ နိုင်ငံရေးပါတီတစ်ခုက ပါတီဝင်တွေ ဦးဆောင်တဲ့ လူအုပ်က ဖျက်ဆီးခဲ့တာပါ။

    ဘေးနားကအိမ်ကိုဝယ်ယူပြီး ဘုရားကျောင်းတိုးချဲ့​ဆောက်လုပ်ဖို့ စီစဉ်မှုကို ဒေသခံတွေက မကျေနပ်ရာကနေ ဒီလို တိုက်ခိုက်ဖျက်ဆီးမှု ဖြစ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပါကစ္စတန် သာသနာရေးဝန်ကြီးနဲ့ ဝန်ကြီးချုပ်က ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေအပါအ၀င် တိုက်ခိုက်မှုနဲ့ဆက်စပ်ပြီး အနည်းဆုံး လူ ၅၀ လောက်ကို ဖမ်းဆီးထားပါတယ်။

    အမေရိကန်ရဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်တဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံနည်းတူ ပါကစ္စတန်လည်း ပါဝင်ပါတယ်။

    ဖျက်ဆီးခံလိုက်ရတဲ့ ဘုရားကျောင်း ပြန်လည်ဆောက်လုပ်ရေးအတွက် ရန်ပုံငွေ ထောက်ပံ့သွားမယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

    “တိုက်ခိုက်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေအတွက် ကျွန်တော်တို့ ၀မ်းနည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဘုရားကျောင်းနဲ့ ဘေးနားကအိမ်ကို ပြန်ဆောက်ဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က အမိန့်ပေးခဲ့ပါတယ်” လို့ ခိုင်ဘာ ပက်သွန်ခွါပြည်နယ် ပြန်ကြားရေးဝန်ကြီး ကမ်မရန် ဘန်ဂက်ရှ်က ပြောကြားခဲ့ပါတယ်။

    ကာရက်မြို့က ဟိန္ဒူအသိုင်းအဝိုင်းဟာ ဘုရားကျောင်းဆောက်လုပ်ရေးလုပ်ငန်းကို မကြာခင် ပြန်စမှာဖြစ်ပြီး အစိုးရက ဘုရားကျောင်းလုံခြုံရေးကို တာဝန်ယူသွားမယ်လို့လည်း ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီဟိန္ဒူဘုရားကျောင်းကို ဖျက်ဆီးဖို့ အဓိကလှုံ့ဆော်သူဟာ ကာရက်မြို့က မွတ်စလင်ဘာသာရေးခေါင်းဆောင် မွလ္လာ ရှရီးဖ်ဖြစ်ပြီး ရဲတပ်ဖွဲ့က သူ့ကို ဖမ်းထားပါတယ်။ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးပါတီ ဂျာမီအသ် အိုလမာ-အီ-အစ္စလာမ် (JUI-F) ရဲ့ ခေါင်းဆောင် မွလ္လာ မရီဇာ အကီန်းကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။

    ဘုရားကျောင်း ဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး အသေးစိတ်အစီရင်ခံစာ တင်သွင်းဖို့အတွက် ပါကစ္စတန်တရားရုံးချုပ်က အုပ်ချုပ်ရေးအာဏာပိုင်တွေကို အမိန့်ပေးထားပါတယ်။

    Ref: Aljazeera