News @ M-Media

Tag: Philippine

  • ရဲများကို စတေးမှုဖြင့် ဖိလစ်ပိုင်သမ္မတဟောင်း တရားစွဲဆိုခံရ

    ရဲများကို စတေးမှုဖြင့် ဖိလစ်ပိုင်သမ္မတဟောင်း တရားစွဲဆိုခံရ

    M-Media
    နိုဝင်ဘာ ၁၁၊ ၂၀၁၇

    – ၂၀၁၅ ခုနှစ်တွင် ကွန်မန်ဒို ၄၄ ဦးသေဆုံးစေခဲ့သည့် ရဲတပ်ဖွဲ့စီနင်းမှုတစ်ခုနှင့်ပတ်သက်၍ သမ္မတဟောင်း ဘီနစ်ဂ်နို အကွီနိုအား ဖိလစ်ပိုင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနက ရာဇ၀တ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

    သမ္မတဟောင်း အကွီနိုမှာ မင်ဒါနာအို၊ မာမာဆာပါနိုမြို့ရှိ ဗုံးထောင်သူဟု သံသယရှိသူအား ဖမ်းဆီးရန် အတည်ပြုချက်အတွက် တရားဝင်ခွင့်ပြုချက်များကို မရိုးမဖြောင့်နည်းဖြင့် အတင်းအဓမ္မအသုံးပြုခဲ့သည်ဟု ဌာနကဆိုသည်။

    အဆိုပါ စီးနင်းမှုအား ဦးဆောင်ရန် ၂၀၁၅ ခုနှစ်က အကျင့်ပျက်ခြစားမှုဖြင့် တာဝန်ရပ်နားထားခံရသည့် ရဲချုပ် Alan Purisima ကို တာဝန်ပေးခဲ့သည်။

    ထိုသို့ ၀င်ရောက်စီးနင်းစဉ် ရဲတပ်ဖွဲ့ကွန်မန်ဒိုများသည် တိုက်ခိုက်ရေးသမားအမြောက်အမြား ၀ိုင်းရံခံရကာ ပြင်းထန်သော သေနတ်ပစ်ခတ်မှုများဖြင့် အတုန်းအရုန်းကျဆုံးခဲ့ရသည်။

    ရဲအရာရှိများ သေဆုံးမှုက ဖိလစ်ပိုင်ပြည်သူများကို အထိတ်တလန့်ဖြစ်စေခဲ့ပြီး မိုရိုအစ္စလာမ်မစ်လွတ်မြောက်ရေးတပ်ဦး (MILF) နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်လာစေခဲ့သည်။

    ၎င်းအဖွဲ့သည် ဖိလစ်ပိုင်တောင်ပိုင်း မိုရိုပြည်သူများ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန် အစိုးရနှင့် ညှိနှိုင်းဆွေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

    ၂၀၁၀ မှ ၂၀၁၆ ထိ တာဝန်ထမ်းဆောင်ခဲ့သော အကွီနိုသည် အဆိုပါစီးနင်းမှုအား စီမံတာဝန်ပေးခြင်းကို ၎င်းကိုယ်တိုင် တိုက်ရိုက်မကိုင်တွယ်ခဲ့ဟု ကာကွယ်ပြောဆိုခဲ့သည်။

    မိမိအနေဖြင့် အစီအစဉ်ကို အစီရင်ခံရုံသာ သိခဲ့ရပြီး အတည်ပြုရန် မိမိ၏အမိန့် မလိုအပ်ဟု ဆိုသည်။

    Ref; Aljazeera

  • ဖိလစ်ပိုင်သမ္မတ၏ တရားလက်လွတ် သတ်ဖြတ်မှုများကို ကုလ စုံစမ်းမည်

    ဖိလစ်ပိုင်သမ္မတ၏ တရားလက်လွတ် သတ်ဖြတ်မှုများကို ကုလ စုံစမ်းမည်

    စက်တင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    duterte-2

    – ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦးဖြစ်သူ အဂ်နက်စ် ကာလာမာ့ဒ်က မိမိအနေဖြင့် ဖိလစ်ပိုင်သို့ သွားရောက်ကာ သမ္မတ ဒူတာတေးက ရာဇ၀တ်ကောင်များအပေါ် ဆင်နွှဲနေသည့် စစ်ပွဲနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဆန္ဒရှိနေသည်ဟု ပြောကြားလိုက်သည်။

    ယမန်နေ့က AFP သတင်းဌာနသို့ ပေးပို့သည့် အီးမေးလ်တွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုသို့ဆန္ဒရှိသော်လည်း မိမိ တွေ့ဆုံစကားပြောဆိုရန် စီစဉ်ထားသူများအတွက် လုံခြုံရေးအာမံချက် ရှိ၊ မရှိကိုလည်း ဆန်းစစ်နေသည်ဟု ဆိုသည်။

    မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုအပေါ် နှိမ်နင်းမည့်အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ရာဇ၀တ်ကောင် ၁ သိန်းကို သတ်ပစ်မည်ဟူသော ကတိဖြင့် ၂၀၁၆ ခုနှစ် မေလတွင် အာဏာရလာပြီးနောက် သမ္မတ ဒူတာတေးမှာ ကတိအတိုင်း ဆောင်ရွက်ခဲ့ပြီး ၎င်း၏ မူးယစ်နှိမ်နှင်းရေးအစီအစဉ်တွင် လူပေါင်းထောင်ချီ သေဆုံးခဲ့ပြီးဖြစ်သည်။

    ထိုကဲ့သို့ တရားလက်လွတ် သတ်ဖြတ်မှုများကြောင့် ဝေဖန်မှုများကို အပြင်းအထန် ခံနေရသော်လည်း ဒူတာတေးက ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂမှ ကျွမ်းကျင်သူများကို ၎င်း သမ္မတတာဝန်ယူပြီးချိန်မှစ၍ ထောင်ပေါင်းများစွာသော သုတ်သင်မှုများအပေါ် စုံစမ်းစစ်ဆေးခွင့်ပေးမည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့ပြီး ၎င်းတို့နှင့် လူထုရှေ့ မျက်နှာချင်းဆိုင် စကားစစ်ထိုးမည်ဟုလည်း စိန်ခေါ်ခဲ့သည်။

    ဖိလစ်ပိုင်အစိုးရက ဖိတ်ကြားခြင်း မရှိသေးသော်လည်း ကာလာမာ့ဒ်က မိမိအနေဖြင့် တရားလက်လွတ်သတ်ဖြတ်မှု၊ ဥပဒေမဲ့ ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် တောင်းဆိုသွားမည်ဟု ဆိုသည်။

    “တရားလက်လွတ် သတ်ဖြတ်မှုတွေကို စုံစမ်းဖို့ ကုလသမဂ္ဂကို ဖိတ်ကြားမယ်လို့ ဖိလစ်ပိုင်သမ္မတနဲ့ အစိုးရက မီဒီယာတွေကနေတဆင့် ဖိတ်ခေါ်တဲ့ကိစ္စကို ကျွန်မ ကြိုဆိုပါတယ်” ဟု သူမကဆိုပြီး ၎င်းနှင့် စကားပြောဆိုသူများမှာ လက်စားချေမခံရစေရန်အတွက်လည်း ဖိလစ်ပိုင်အစိုးရကို တောင်းဆိုသွားမည်ဟု ပြောကြားခဲ့သည်။

    “လိုအပ်တဲ့ အာမခံချက်တွေ တောင်းဆိုမှုနဲ့အတူ သွားမယ့်နေ့နဲ့ အချက်အလက်ရှာဖွေရေးလုပ်ငန်းစဉ်အတွက် အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းသွားမှာပါ”

    ထို့ပြင် ၎င်း၏ တောင်းဆိုမှုများတွင် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်၊ ၎င်းနှင့် ပူးပေါင်းဆောင်ရွက်သူများအတွက် လုံခြုံရေး၊ လက်စားချေမခံရရေး စသည်တို့ ပါဝင်မည်ဟု ကာလာမာ့ဒ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Bangkokpost

  • ကွန်မြူနစ်သူပုန်များနှင့် တိုက်ခိုက်မှု ရပ်စဲကြောင်း ဖိလစ်ပိုင်ကြေငြာ

    ကွန်မြူနစ်သူပုန်များနှင့် တိုက်ခိုက်မှု ရပ်စဲကြောင်း ဖိလစ်ပိုင်ကြေငြာ

    ဇူလိုင် ၂၆၊ ၂၀၁၆
    M-Media

    philipine

    – Maoist သူပုန်တွေနဲ့ ပတ်သက်ပြီး မိမိတို့ဘက်ကနေ အပစ်ရပ်လိုက်တယ်လို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတီက ယမန်နေ့မှာ ကြေငြာလိုက်ပြီး အဲဒီကွန်မြူနစ်တွေနဲ့ ဆယ်စုနှစ်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ချင်ပြီလို့လည်း ပြောကြားလိုက်ပါတယ်။

    “ဆယ်စုနှစ်ပေါင်းများစွာ ဒီလိုလက်နက်စွဲကိုင်တိုက်ခိုက်နေရတာတွေကို အဆုံးသတ်လိုက်ကြရအာင်။ ဒီလိုလုပ်နေလို့ ဘာမှဖြစ်မြောက်လာမှာမဟုတ်ဘဲ တစ်နေ့ထက်တစ်နေ့ သွေးချောင်းစီးလာတာပဲ ရှိပါတယ်။ အကြမ်းဖက်မှုတွေရပ်တန့်ပြီး မြေပြင်ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့အတွက် ကျွန်တော့်အနေနဲ့ တစ်ဖက်သက်အပစ်ရပ်စဲဖို့ အခုပဲ ကြေငြာလိုပါတယ်” လို့ ဒူတာတီက မနေ့က လွှတ်တော်မှာ ပထမဆုံးပြုလုပ်တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

    ဒူတာတီဟာ ဇွန်လ ၃၀ ရက်နေ့ကစတင်ပြီး သမ္မတာဝန်ကို ထမ်းဆောင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ သက်တမ်း ၆ နှစ်အတွင်းမှာ ကွန်မြူနစ်သူပုန်တွေနဲ့ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ချင်တယ်လို့လည်း ဆိုပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေကို အစိုးရနဲ့ လက်နက်ကိုင်ကိုယ်စားလှယ်တွေအကြား ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ယေဘုယျသဘောတူညီချက်တစ်ခု ရယူနိုင်ခဲ့ပြီလို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

    ဖိလစ်ပိုင်အစိုးရနဲ့ ကွန်မြူနစ်သူပုန်အုပ်စုဟာ သမ္မတ ဒူတာတီနဲ့ ဥရောပမှာ ပြည်ပြေးဖြစ်နေတဲ့ သူပုန်ခါင်းဆောင် မာရီယာ စီစွန်တို့အကြား တွေ့ဆုံဖို့ သဘောတူခဲ့ပြီး၊ သူပုန်ခါင်းဆောင်ကလည်း မကြာခင်မှာ ဖိလစ်ပိုင်ကို ပြန်လာဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့ လာမယ့်လအတွင်း နော်ဝေမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

    Ref : Presstv

  • ဟလာလ် ထုတ်ကုန် လုပ်ငန်းများဖြင့် ဖိလစ်ပိုင်၏ ဘန်ဆာမိုရိုဒေသ စီးပွားရေးကို မြှင့်တင်မည်

    ဟလာလ် ထုတ်ကုန် လုပ်ငန်းများဖြင့် ဖိလစ်ပိုင်၏ ဘန်ဆာမိုရိုဒေသ စီးပွားရေးကို မြှင့်တင်မည်

    ဇွန် ၁၀ ၊ ၂၀၁၅
    M-Media

    bangsamoro
    ပြည်တွင်း ဟလာလ် လုပ်ငန်းစဉ်အား ဘန်ဆာမိုရို စီးပွားရေး၏မဏ္ဍိုင်များ အနက် အပါအ၀င် ဖြစ်လာရန် မျှော်လင့်ထားသည်ကြောင်း၊ ဘန်ကာဆာမိုရိုဒေသသည် မင်ဒါနောဒေသ၊ ဖိလစ်ပိုင်၏ ဟလာလ်လုပ်ငန်းစဉ်နှင့် အသိအမှတ်ပြုခြင်း၏ အခရာကျသည့် ဘူမိနက်သန်ဖြစ်လာနိုင်ကြောင်း ဟု အမျိုးသား စီးပွားရေးနှင့်ဖွံ့ဖြိုးရေးဋ္ဌာန – Neda က ဆိုသည်။

    မင်ဒါနောတွင် ယင်းလုပ်ငန်းစဉ်ကျယ်ပြန့်ရေးအတွက် အားအကောင်းဆုံးစေ့ဆော်ချက် ရှိနေပြီး၊ ယဉ်ကျေးမှုအရလည်း မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း ဒရုစ္စလာမ်နှင့် အခြားအစ္စလာမ်နိုင်ငံတို့၏ ဟလာလ်နည်းစဉ်အခြေခံ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လျက် ရှိနေသည်။

    သို့ဖြစ်၍ အရေးပါသော ဤကုန်သွယ်ရေး ချိတ်ဆက်မှုများအရ လက်ရှိဆိပ်ကမ်းများမှာ မြှင့်တင်ရေးနှင့် အရည်အသွေး တိုးမြှင့်ရေးလိုအပ်နေသဖြင့် ကုန်းလမ်း၊လေကြောင်း၊ ကုန်သွယ်လမ်းကြောင်းများကို ဖွင့်လှစ်ဖို့ လိုအပ်မည်ဖြစ်သည်။
    သို့အားဖြင့် ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ဘန်ကာဆာမိုရို၏ စိုက်ပျိုးရေးကဏ္ဍစီမံချက်၌ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ အထောက်အကူပြုသွားနိုင်သည်ဟု Neda မှ မျှော်လင့်ထားသည်။

    Halal products from Mindanao being displayed during the Philippine Halal Assembly held at the Marriott Hotel in Pasay City from June 3-5, 2015. Various halal stakeholders from all over the world joined the event. MindaNews photo by Ferdinandh Cabrera
    ဟလာလ်လုပ်ငန်းစဉ်သည် အတိုး၊ တရားမ၀င်ရောင်းဝယ်မှု၊ ၀က်သား – အရက် -လောင်းကစား စသည့် ဟရာမ်အရာများကို တားမြစ်ထားသော အစ္စလာမ့်ဘဏ်လုပ်ငန်းနှင့်ငွေကြေးစနစ်အား ချိတ်ဆက်နိုင်ခြင်းလည်း ဒေသတွင်းတိုးတက်မှုအလားအလာအတွက် အကြောင်းတစ်ရပ်ဖြစ်နေသည်ဟု ရှင်းပြထားသည်။

    Neda ၏ အထွေထွေအုပ်ချုပ်မှုဒါရိုက်တာနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူ ရစ်ချဒ်ဘို့လ် က ဖိလစ်ပိုင်စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကမောင်းနှင်အားမှာ မနီလာထက် မင်ဒါနောပြည်နယ်က ပိုမိုလျင်မြန်စွာ ဖြစ်ထွန်နိုင်ကြောင်း၊ ၎င်း၏တောင်ပိုင်း ဘန်ဆာမိုရိုဒေသသည် အစ္စလာမ်ကမ္ဘာမှ ရင်းနှီးမြုပ်နှံမှုများကို ဖိလစ်ပိုင်အတွက် အလွယ်တကူ ဆွဲဆောင်နိုင်ကြောင်း၊ ယင်းအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ပါက အာဆီယံအရှေ့ခြမ်းဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးအမြတ်အား ဖိလစ်ပိုင်နိုင်ငံမှ
    အပြည့်အ၀ရရှိခံစားသွားနိုင်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

    images1

    ref: Business Mirror

  • ဖိလစ်ပိုင် ကုမ္ပဏီ မှ အသေးစား ငွေချေးလုပ်ငန်း မြန်မာပြည်မှာ လုပ်မည်။

    ဖိလစ်ပိုင် ကုမ္ပဏီ မှ အသေးစား ငွေချေးလုပ်ငန်း မြန်မာပြည်မှာ လုပ်မည်။

    ဒီဇင်ဘာ ၃၀၊ ၂၀၁၄
    M-Media
    cebu-ph-microfinancing-firm-expands-myanmar
    – မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ တိုးတက်စေရန် အတွက် အသေးစားငွေချးလုပ်ငန်း၊ အသေးစား အာမခံ လုပ်ငန်းတို့ကို ဖိလစ်ပိုင် ကုမ္ပဏီ တစ်ခုက စတင်ဆောင်ရွက်တော့မည်ဟု သိရသည်။

    အဆိုပါကုမ္ပဏီမှာ ကျေးလက်ဒေသနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး အပြန်အလှန်ဖေးမကူညီမှု အသင်း Card MRI ဖြစ်ပြီး Card Myanmar Company Limited (CMCL) အမည်ဖြင့် မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုများ ပေးသွားမည်ဖြစ်ကာ လုပ်ငန်းလိုင်စင်ကို ဇူလိုင်လက ရရှိခဲ့သည်။

    `CMCL ဟာ ၀န်ဆောင်မှုပေးတဲ့ကုမ္ပဏီတစ်ခုပါ။ ပြီးတော့ အသေးစားငွေချေးလုပ်ငန်းရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အသေးစားငွေချေးလုပ်ငန်းကို ဖိလစ်ပိုင်က ကျွန်တော်တို့ရဲ့ နည်းပညာတွေ၊ အတွေအကြုံတွေကို အခြေခံပြီး ဆောင်ရွက်သွားမှာပါ´ ဟု Card MRI ကိုတည်ထောင်သူနှင့် မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဂျိုင်မီ အရစ္စတိုတယ် ဘီ
    အလစ်ပ်က ပြောကြားခဲ့သည်။

    Card ကုမ္ပဏီမှာ စီးပွားရေး၊ အသေးစားငွေချေးလုပ်ငန်းများ၊ အသေးစား အာမခံလုပ်ငန်း၊ SME ဘဏ်လုပ်ငန်း၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖိလစ်ပိုင်၌ နှစ်ပေါင်း ၂၀ ကျော် ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံ တွင် ဆောင်ရွက်ခြင်းမှာ ဖိလစ်ပိုင် အပြင်ဘက် တွင် ပထမဆုံး လုပ်ဆောင်ခြင်း လည်းဖြစ်သည်။

    သို့သော်လည်း မိမိတို့ကုမ္ပဏီအနေဖြင့် ၀န်ဆောင်မှုများကို Card MRI International Group မှတစ်ဆင့် လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ ၂၀၀၇ ခုနှစ်မှ စတင်ကာ ပေးအပ်နေခြင်းဖြစ်သည်ဟု အလစ်ပ်က ထည့်သွင်းပြောကြားခဲ့သည်။

    CMCL မှာ ပြီးခဲ့သည့်နိုဝင်ဘာလမှစတင်ကာ မြို့နယ်တစ်ခုတွင် စင်တာ ၈ ခုဖွင့်ဖွင့်လှစ်ခဲ့ကာ ဘဏ္ဍာရေးအခက်အခဲရှိသည့် မိသားစုများအတွက် ကျပ် ၆.၇ သန်းခန့်ကို နှစ်ရှည်ချေးငွေအဖြစ် ထုတ်ချေးပေးထားသည်။ အဆိုပါ စင်တာတွင် အဖွဲ့ဝင်ပေါင်း ၁၇၅ ဦးရှိပြီး ၁၄၂ ဦးမှာ ချေးငွေများကို ရရှိခဲ့ကြသည်။

    စီးပွားရေးလုပ်ငန်းအခြေအနေပေါ် မူတည်၍ အဖွဲ့ဝင်တစ်ဦးမှာ အနည်းဆုံး ကန်ဒေါ်လာ ၅၀ မှ ၁၀၀ အထိ ရရှိကြပြီး အလစ်ပ်ကမူ ၂၀၁၅ ခုနှစ်တွင် ရုံးခွဲ ၅ ခုထပ်မံဖွင့်လှစ်ကာ အဖွဲ့ဝင် ၆၆၄၀ ကို ၀န်ဆောင်မှုပေးသွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref : sunstar.com