News @ M-Media

Tag: rakhine_violence

  • အနောက် နိုင်ငံ သံအမတ်တွေ ရခိုင်သွားပြီးနောက် US သံရုံးကြေညာထုတ်

    နိုဝင်ဘာ-၁၄ ၂၀၁၃
    M-Media

    ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ပေါက်တော နှင့် မြေပုံမြို့များသို့ အမေရိကန်၊ ဆွစ်ဇာလန် သံအမတ်ကြီးများနှင့် ဗြိတိသျှသံအရာရှိများ မြန်မာဝန်ကြီး နှစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်ရီတို့နှင့်အတူ ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၁မှ ၁၂ရက်အထိ သွားရောက်လေ့လာခဲ့ပြီး အမေရိကန် သံရုံးက ကြေညာချက်တစောင်ထုတ်ပြန်လိုက်ပါသည်။

    တနှစ်ခွဲ ကျော်ရှိနေပြီဖြစ်သော အကြမ်းဖက်ခံ မွတ်စလင်မ်များအရေး လေ့လာဖြေရှင်းရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိုအိုင်စီအဖွဲ့ ရခိုင်ခရီးစဉ်မစတင်ခင်မှာ ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

    US statement 2

    US statement 1

  • သံတွဲ အကြမ်းဖက်မှုတွင် မီးရှို့ဖျက်ဆီးခံရသည့် အစ္စလာမ် ဘာသာဝင်တို့၏ ဗလီ/အိမ်/စာသင်ကျောင်း နှင့် အိုးအိမ်မဲ့ လူဦးရေ စာရင်း

    အောက်တိုဘာ၊ ၉

    M-Media

    ရခိုင်ပြည်နယ်၊ သံတွဲ အကြမ်းဖက်မှုတွင် မီးရှို့ဖျက်ဆီးခံရသည့် အစ္စလာမ် ဘာသာဝင်တို့၏ ဗလီ/အိမ်/စာသင်ကျောင်း နှင့် အိုးအိမ်မဲ့ လူဦးရေ စာရင်း (၂၀၁၃-ခု၊ စက်တင်ဘာ ၂၉ – အောက်တိုဘာ ၂-ရက်နေ့)

    Thandwe Damage (Sep 29 - Oct 2 2012)

  • ရခိုင်ပြည်နယ် အကြမ်းဖက်မှုများ အဆုံးသတ်ရန် UNICEF ကြေညာချက်ထုတ် တောင်းဆို

    အောက်တိုဘာ ၈၊၂၀၁၃
    M-Media
    KK

    ရန်ကုန်    ။         ။       ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော  ဆူပူအကြမ်းဖက် တိုက်ခိုက်မှုများကို အဆုံးသတ်ရန် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) က အောက်တိုဘာ ၇-ရက်နေ့က ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

    စက်တင်ဘာ ၂၉-ရက်နေ့မှ ပြန်လည်စတင်ပြီး ရခိုင်ပြည်နယ် သံတွဲမြို့ ဆူပူအကြမ်းဖက်မှုကြောင့် သဗြုချိုင်၊ ပေါက်တော၊ ရွှေလှေ၊ မီးကျွန်း ကျေးရွာများတွင် သေဆုံးခဲ့သူများနှင့် အိမ်ခြေ ၁၀၀-ခန့် ပျက်စီးခဲ့ပြီး အခြားနေရာများသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။ ၂၀၁၂-ခု ဇွန်လက ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှု ဒဏ် ခံစားခဲ့ရသည့် ဒေသခံများသည် ဖြစ်ပေါ်နေဆဲ လုံခြုံရေး အခြေအနေများကြောင့် မိမိတို့ နေရပ်ထံသို့ ပြန်သွားနိုင်ခြင်း မရှိသေးပဲ ထိတ်လန့်ကြောက်ရွံ့မှုများလည်း ကြုံတွေ့နေရသည့်အတွက် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်း ဆိုင်ရာကို ထိခိုက်စေပြီး ဘ၀ကိုလည်း များစွာ ပျက်စီးမှုများ ဖြစ်စေကြောင်း၊ ထိုကိစ္စရပ်များ အတွက် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေပြီး မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အားလုံးအပေါ်လည်း အနှုတ် လက္ခဏာဆောင်သည့် ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေမည်ဟု ယူနီဆက်(ဖ်)က စိုးရိမ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါသည်။

    “အကြမ်းဖက်မှုများကြောင့် ဒေသခံများသည် ၎င်းတို့နေအိမ်မှ ထွက်ပြေးတဲ့အခါမှာတော့ ရွှေ့ပြောင်းခံ ရတဲ့ ကလေးတွေနဲ့ ပြည်သူ လူထုတွေသာ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတာပါ။ “မိမိဒေသမှ အခြားနေရာများသို့ ရွှေ့ပြောင်းခြင်းဟာ ကလေးတွေအတွက် မိသားစုနဲ့ခွဲခွာရဖို့၊ အိမ်တွင်း အကြမ်းဖက်ခံရဖို့ ကျောင်းမနေနိုင်ဖို့ အပြင် စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု တွေပါ တွေ့ကြုံ ရမယ့် အန္တရာယ် ပိုများစေ ပါတယ်။ ဖျက်ဆီးမှုတွေ၊ ရွှေ့ပြောင်းနေထိုင်မှုတွေက ကလေးသူငယ်တွေ၊ မိသားစုတွေနဲ့ ရပ်ရွာ လူထုတွေ့ရဲ့ ဘဝကို ပျက်စီး စေပါတယ်။ အမုန်း စကားတွေ ဝါဒဖြန့်မှုတွေနဲ့ ပြဿနာဖြစ်ပွားအောင် လှုံ့ဆော်မှုတွေဟာ ဆူပူ အကြမ်းဖက်မှုတွေကို ကျူးလွန်စေပါတယ်။ တကယ်တမ်း ဒုက္ခရောက်တာကတော့ ကလေးသူငယ်တွေပါပဲ။ တကယ်လို့ မြန်မာနိုင်ငံက ကလေးတွေကို သူတို့နဲ့ထိုက်တန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်စေဖို့နဲ့ သူတို့ရဲ့ အခွင့်အရေး တွေရရှိစေဖို့ဆိုရင် ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ဦးစားပေးလုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်(ဖ်) ဌာနေ ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ဘာထရန် ဘိန်းဗဲလ်ကက ပြောခဲ့သည်။

    ယူနီဖက်(ဖ်)က ထုတ်ပြန်မှုကို အသေးစိတ် သိလိုပါက ခရစ်စတန်ရှိုလန်းဒါး၊ ယာယီဌာနမှူး၊ အစီအစဉ် ဆက်သွယ်ရေးနှင့် ပြန်ကြားရေး ဌာန၊ ယူနီဆက် (မြန်မာ)၊ ဖုန်း (ဝ၉၅-၉) ၄၂၁ ၁၇၇ ၂၉၄၊  Ksjolander@unicef.org နှင့် ရဲလွင်၊ ပြန်ကြားရေးအရာရှိ၊ အစီအစဉ်ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဌာန၊ ယူနီဆက် (မြန်မာ)၊ ဖုန်း (၀၉၅-၉) ၅၁၁ ၃၂၉၅၊ ylwinoo@unicef.org တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။Microsoft Word - UNICEF _Myanmar_

    Microsoft Word - UNICEF _Myanmar_

  • ရခိုင်အကြမ်းဖက်မှုများတွင် သတင်းသွားရောက်ယူခဲ့သည့် အမေရိကန်ဂျာနယ်လစ်နှစ်ဦးအား မြန်မာအစိုးရ နာမည်ပျက်စာရင်းသွင်း

    ရခိုင်အကြမ်းဖက်မှုများတွင် သတင်းသွားရောက်ယူခဲ့သည့် အမေရိကန်ဂျာနယ်လစ်နှစ်ဦးအား မြန်မာအစိုးရ နာမည်ပျက်စာရင်းသွင်း

    M-Media
    သြဂုတ်လ ၃၀ ရက်၊ ၂၀၁၃
    www.dvb.no

    ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုမှ ဗွီဒီယိုအပိုင်းအစတစ်ခု အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့ပါသည်။ ထိုဗွီဒီယို ကို နိုင်ငံခြား သား သတင်းထောက်များက ခဲရာခက်ဆစ် ရိုက်ကူးထားပုံပေါ်နေပြီး လူအုပ်ကြီးက ၄င်းတို့အား ရန်မူပုံများပါ ပါဝင်နေပါသည်။

    နိုင်ငံခြားသား သတင်းထောက်များက ဗလီအတွင်းသို့ ၀င်ရောက်လာကြသည်ကို အဓမ္မမောင်းထုတ်ရုံမက အမျိုးသားတစ်ဦးက နိုင်ငံခြားသူ အမျိုးသမီးအား မဖွယ်မရာ ပြုလုပ်ပြခဲ့ရုံမက (၀.၄၁ မိနစ်) ရဲဝန်ထမ်းကလည်း ရိုက်သတ်ပစ်လိုက်မယ် ဟု ခြိမ်းခြောက်ပြောနေခဲ့ပါသည်။ (၁.၃၂ မိနစ်)

    ထိုနေရာသည် ဗလီအဆောက်အဦဖြစ်သော်လည်း ရခိုင်ဗုဒ္ဓဘာသာလူအုပ်ကိုသာ တွေ့ရပြီး ဗလီထဲသို့ အ၀င်မခံသည့်အချက်မှာ မည်သည်ကြောင့်ဖြစ် သည်ကိုမူ ကွဲပြားစွာ မသိရှိရသော်လည်း အာဏာ ပိုင်များကမူ ကန့်သတ်နယ်မြေဟု ဆိုပါသည်။

    ယခုကဲ့သို့ ရိုဟင်ဂျာအရေးကို အရင်းတည်ကာ နိုင်ငံနှင့်အ၀ှမ်း မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ တအုံနွေးနွေးရှိနေစဉ် မြန်မာအစိုးရက ထိုဗွီဒီယိုအား ကိုယ်တိုင်ရိုက်ကူးခဲ့သည့် အမေရိကန်နိုင်ငံသား ဂျာနယ်လစ်နှစ်ဦးကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း သိရပါသည်။

    ထိုအကြောင်းနှင့်စပ်လျဉ်း၍ အသေးစိတ်ကို DVB အင်္ဂလိပ်ပိုင်းက “Burma blacklists two US-based reporters for covering Rohingya crisis” ခေါင်းစဉ်ဖြင့် တင်ပြထားပါသည်။

    အမ်-မီဒီယာပရိသတ်ကြီး မြန်မာဘာသာပြန်အား ရှုစားနိုင်ပါပြီ။
    ==================================================================

     

    Download လုပ်ပြီးကြည့်လိုသူများအတွက်
    File Size= 17.6 MB
    Google Doc =>http://goo.gl/UiKEOO

    ရိုဟင်ဂျာများအပေါ် ဖိနှိပ်ညှဉ်းဆဲခံနေရမှုများကို မှတ်တမ်းတင်ဖို့ ရခိုင်ကို သွားရောက်ခဲ့ကြတဲ့ အမေရိကန်ဂျာနယ်လစ်နှစ်ယောက်ကို မြန်မာအစိုးရက အမည်ပျက် စာရင်းသွင်းခဲ့တယ်လို့ သိရပါတယ်။

    သူတို့က ရခိုင်ပြည်နယ်မှာ ပြဿနာတွေဖြစ်နေတုန်း သွားရောက်ခဲ့ကြတာပါ။ ဒါပေမယ့် ယခုလ၊ သြဂုတ်လဆန်းပိုင်းမှာ မြန်မာပြည်ထဲပြန်ဝင်ဖို့ ကြိုးစားရာ မှာတော့ ၀ါရှင်တန်မြန်မာသံရုံးက သူတို့ကို ဗီဇာထုတ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ အစိုးရမဟုတ်တဲ့ ဓါတ်ပုံထောက် လှမ်းရေးအေဂျင်စီ တစ်ခုရဲ့ ၀န်ထမ်းတွေပါ။

    မြန်မာသံရုံးတာဝန်ရှိသူတွေကတော့ သူတို့နှစ်ဦးဟာ Lux Capio Photography Agency ဖြစ်ပြီး မတ်ရိန်းနဲ့ အာလီယာ မဟ်ဘူးဘ်တို့ဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။ အကြောင်းပြချက် ပေးရာမှာတော့ သူတို့တွေက ပြီးခဲ့တဲ့တခေါက် ရခိုင်ပြည်နယ် ရောက်ခဲ့စဉ် ထိန်းချုပ်ကန့်သတ်ထားတဲ့ မွတ်စလင်ဧရိယာကို ၀င်ရောက်ခဲ့ကြတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးအနေနဲ့ လာမယ့်နှစ်မှာ ဗီဇာရဖို့ ထပ်ကြိုးစားနိုင် ပါတယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း သူတို့နှစ်ဦး ရခိုင်ကိုရောက်ခဲ့တော့ ဒေါသပုန်ထနေတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေက သူတို့ကိုအုပ်စုလိုက် ၀ိုင်းဝန်းရန်မူခဲ့ကြတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က စစ်တွေမြို့စွန် အောင်မင်္ဂလာမှာရှိတဲ့ ဗလီထဲကို ၀င်ရောက်ခဲ့လို့ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ကို လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပြီး ရန်ကုန်ကို ပြန်ခိုင်းခဲ့ပါတယ်။ ရန်ကုန်ရောက်တော့ သူတို့နောက်က စစ်ထောက်လှမ်းရေးတွေ တကောက်ကောက် လိုက်နေတယ်လို့ သူတို့က ဆိုပါတယ်။

    သူတို့နှစ်ဦးက တိုးရစ်ဗီဇာကိုင်ဆောင်ခဲ့ကြတာပါ။ ဒါပေမယ့် ရန်ကုန်မှာရှိတဲ့ နိုင်ငံခြားခရီးသွားလာရေးဝန်ကြီးဌာနက သူတို့ကို စစ်တွေမြို့မှာရှိတဲ့ ဘယ်နေရာ ကိုမဆို သွားလာခွင့်ရှိတယ်ဆိုတဲ့ ခွင့်ပြုချက်ကို ပေးခဲ့ပါတယ်။ ဒါပေမယ့် အောင်မင်္ဂလာကိုဝင်တော့ ရဲတွေက သူတို့ကို တားဆီးခဲ့ကြတယ်။ အဲဒီနောက်သူ တို့က အနီးအပါးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေ နေရာယူထားတဲ့ ဗလီထဲကို ၀င်တဲ့အခါ ဆိုးသွမ်းလူအုပ်က သူတို့နားကို ၀ိုင်းဝန်း ချဉ်းကပ်ခဲ့ပါတယ်။

    “နေရာတိုင်းက လူတွေ ရောက်လာတယ်။ အာလီယာကို အဲဒီထဲက လူတစ်ယောက်က ခန္ဓာကိုယ် အောက်ပိုင်းကို ပြပြီး မဖွယ်မရာလုပ်ပြခဲ့တယ်။ တချို့ကတော့ ကျွန်တော်တို့ကျောဘက်ကနေ ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ယူနေကြတယ်။ ကျွန်တော့်ကင်မရာကိုလည်း လုယူဖို့ ကြိုးစားခဲ့ပါတယ်။” လို့ ရိန်းက ရှင်းပြခဲ့ပါတယ်။

    သူတို့နှစ်ဦး ရိုက်ယူခဲ့တဲ့ဗွီဒီယိုဖိုင်ကတော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီဗွီဒီယိုမှတ်တမ်းမှာ ရဲတွေက သူတို့ကို သေနတ်တပြပြ လုပ်ပြီး ခြိမ်းခြောက်နေ တာတွေလည်း ပါဝင်ပါတယ်။ ရခိုင်တွေကတော့ ကင်မရာကိုလုဖို့ ကြိုးစားနေပါတယ်။ အရပ်ဝတ်နဲ့ လူတစ်ယောက်ကတော့ သူ့ကိုယ်သူ ချဲမင်း(Chairman) လို့ဆိုပြီး ဗလီထဲကနေ သူတို့ကို မောင်းထုတ်ပြီးတော့ ပတ်စ်ပို့ပေးဖို့လည်း အော်ငေါက် တောင်းဆိုခဲ့ပါတယ်။

    အဲလိုဖြစ်နေစဉ် သူတို့နှစ်ဦးက ရဲစခန်းကို သွားဖို့ တောင်းဆိုခဲ့တာကြောင့် ရဲစခန်းကို ရောက်ခဲ့ပါတယ်။ ရဲတွေက သူတို့ပတ်စ်ပို့ကို နာရီပေါင်းများစွာ သိမ်းဆည်းထားခဲ့ပါတယ်။ နောက်ဆုံးတော့ နောက်နေ့မနက်အစောဆုံးလေယာဉ်နဲ့ ရန်ကုန်ကို ပြန်ပို့ခဲ့တာပါ။ သူတို့က ဘာကြောင့်ဒီလိုလုပ်ရတာလဲလို့ အထပ်ထပ်အခါခါမေးတဲ့အခါ ကန့်သတ်ဇုန်ထဲ ၀င်ရောက်တာကြောင့်လို့ ရဲတွေက အဖြေပေးခဲ့တယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ကို ရန်ကုန်ဝင်ခွင့်ပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့နောက်က လူ ၄ယောက်ကနေ ၆ ယောက်လောက်ထိ ဘယ်နေရာသွားသွား လိုက်နေတယ်။ ကားနှစ်စင်းကို ထရိတ်ဒါးဟော်တယ် ရှေ့မှာ ရပ်ထားတယ်၊ လူတွေက ဟော်တယ်ထဲက ဧည့်သည်ဆောင်မှာထိုင်နေပြီး ကျွန်တော်တို့ ကို စောင့်နေကြတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကို တွေ့ဆုံစကားပြောမယ့် ဘယ်သူတစ်ဦးတစ်ယောက်မဆိုမှာ အန္တရာယ်ဖြစ်နိုင်တယ်လို့ ယူဆတာကြောင့် ကျွန်တော်တို့လည်း ပြန်ဖို့ လေယာဉ်လက်မှတ်ဖြတ်ခဲ့တယ်။” လို့ ရိန်းက ပြောပြခဲ့ပါတယ်။

    မြန်မာအစိုးရကတော့ ထုံးစံအတိုင်း ဥပဒေတွေ ချပြပြီး နိုင်ငံတကာက ပြစ်တင်ဝေဖန်တာတွေကို အကာအကွယ်ယူပါတယ်။ သူတို့နှစ်ဦးက ဂျာနယ်လစ်ဗီဇာ မပါဘဲ ကန့်သတ်နယ်မြေထဲဝင် တယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောကြောင်း ဒီဗွီဘီအင်္ဂလိပ်ပိုင်းက တင်ပြပါတယ်။

    ဒီဗွီဘီအင်္ဂလိပ်ပိုင်းကတော့ မီဒီယာပီပီ မြန်မာအာဏာပိုင်တွေကိုလည်း ဆက်သွယ်မေးမြန်းသလို ရိုဟင်ဂျာ ဂျာနယ်လစ်ဖြစ်တဲ့ ကိုအောင်ဝင်း ကိုလည်း မေးမြန်း ခဲ့ပါတယ်။ ကိုအောင်ဝင်းက အောင်မင်္ဂလာကိုသွားချင်တဲ့ အဲဒီအမေရိကန် ဂျာနယ်လစ်နှစ်ဦးကို ရဲတွေက တင်းတင်းကြပ်ကြပ်ချုပ်နှောင်ခဲ့ တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အောင်မင်္ဂလာမှာတော့ နိုင်ငံတကာ အထောက်အပံ့တွေနဲ့ ကူညီရေးတွေ ၀င်ခွင့်မရှိတဲ့ မွတ်စလင်ဒုက္ခသည် စခန်းရှိပါတယ်။

    “ခင်ဗျားတို့ ရခိုင်ပြည်နယ်အစိုးရဆီကနေ ပါမစ်ယူရလိမ့်မယ်။ ကျွန်တော်ခင်ဗျားတို့ (ဂျာနယ်လစ်များ) ကို အိုင်ဒီပီစခန်းပတ်လည်နေရာတွေ ကို ခေါ် သွားနိုင်တယ်။ ဒါပေမယ့် အောင်မင်္ဂလာကိုတော့ အာဏာပိုင်တွေက သွားခွင့်မပြုဘူး” လို့ ကိုအောင်ဝင်းက ရှင်းပြပါတယ်။

    ဒါပေမယ့် ဝေဖန်သူတွေကတော့ ဂျာနယ်လစ်တွေကို အဲဒီလိုထောက်လှမ်းတဲ့လုပ်ရပ်တွေဟာ အရင်စစ်အစိုးရလက်ထက်က လုပ်ရပ်တွေဖြစ်တဲ့အကြောင်း၊ အဲဒီလုပ်ရပ်တွေကြောင့်လည်း ရိုဟင်ဂျာတွေ အလူးအလဲခံခဲ့ရတာတွေံ လူမသိသူမသိဖြစ်ခဲ့ရကြောင်း ဆိုပါတယ်။

    ရိန်းနဲ့ မဟ်ဘူးဘ်ကတော့ သူတို့အနေနဲ့ ရိုဟင်ဂျာတွေ ညှဉ်းပမ်းနှိပ်စက်ခံရတာကို မှတ်တမ်းတင်ဖို့ ကြိုးစားတာကြောင့် ကာယိနြေ္ဒပျက်ပြားအောင် အနှောင့်အယှက်ပေးခံခဲ့ရတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ကြောင်း၊ သူတို့မှာ အတွေ့အကြုံရှိနေပြီးဖြစ်ကြောင်း၊ မြန်မာအစိုးရက ရိုဟင်ဂျာတွေကို တရားမ၀င်ခိုးဝင်သူတွေလို့ ဆိုပြီး အခြေခံလူ့အခွင့်အရေးတွေကိုတောင် ငြင်းပယ်ထားကြောင်း၊ ၂၀၁၂ သြဂုတ်လမှာတော့ သူတို့နှစ်ဦးကို ရခိုင်ရဲတွေက ပိတ်နှောင်ထားတာမျိုး အကြိမ်ကြိမ်လုပ်ခဲ့ကြောင်း၊ ရခိုင်ဒေသခံတွေက အာလီယာကို မီးရှို့သတ်ပြစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ အာလီယာကတော့ ပါကစ္စတန်လူမျိုး အစ္စလာမ်ဘာသာဝင် ဂျာနယ်လစ်ဖြစ်ကြောင်း ဆိုပါတယ်။

    အမေရိကန်နိုင်ငံသား ရိန်းကတော့ စစ်တွေအရှေ့မြောက်ဘက်က မြောက်ဦးကိုရောက်တော့ သူတို့နှစ်ဦး ရုပ်ရှင်ဝင်ကြည့်တဲ့အတွေ့အကြုံကို ပြောပြပါတယ်။ သူက အဲဒီအတွေ့အကြုံကို Third Reich ခေါ် နာဇီဂျာမနီလုပ်ရပ်နဲ့ အလားတူဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ သူတို့နှစ်ဦး ရုပ်ရှင်ရုံထဲဝင်တော့ ရုပ်ရှင်မစခင် ရှေးဟောင်း မျိုးချစ်စိတ်ဓာတ်ထက်သန်ရေး နိုင်ငံတော်သီချင်း စလာပါတယ်၊ ဖန်သားပြင်မှာတော့ ရခိုင်စာသားတွေပြည့်လို့နေပါတယ်။

    ဒါနဲ့ သူတို့က ဘေးကလူကို မေးမြန်းကြည့်တဲ့အခါ သူက – “အဲဒီစာသားတွေက ရိုဟင်ဂျာတွေ အိမ်တွေကို ဘယ်လိုမီးရှို့တယ်၊ လူတွေကို ဘယ်လိုသတ် တယ်ဆိုတာ ရေးထားတာ” လို့ ပြောပြပါတယ်တဲ့။ အဲဒီအချိန်မှာ ရိန်းက သူ့ရဲ့ကင်မရာကို ထုတ်လိုက်တယ်ဆိုရင်ပဲ ဖန်သားပြင်က ၁၉၈၀ ပြည့် လွန်နှစ်တွေ မှာ ရိုက်ကူး ခဲ့တဲ့ ရုပ်မြင်သံကြားဇတ်လမ်းတွဲတွေဆီ ချက်ချင်း ပြောင်းသွားတယ်။ ပြီးတော့ မန်နေဂျာက သူတို့ကို မောင်းထုတ်ခဲ့တယ်။

    “ဒါမျိုး ၀ါဒဖြန့်တာက အရှိန်ပြင်းပြင်းနဲ့ အဆိုးဆုံးအခြေအနေကို ရောက်နေပြီ” လို့ ရိန်းကဆိုပါတယ်။

    မြန်မာအစိုးရက ဒီမိုကရေစီအပြောင်းအလဲကြောင့်နိုင်ငံတကာရဲ့ ချီးကျူးမှုတွေ ခံနေရပါတယ်။ အဲဒီထဲမှာ မီဒီယာထိန်းချုပ်မှု လျော့ချတာတွေ၊ အာဏာရှင် အစိုးရလက်ထက် အမည်ပျက်စာရင်း သွင်းခံရသူတွေကို ပယ်ဖျက်ပေးတာတွေ ပါဝင်ပါတယ်။ အမည်ပျက်စာရင်းထဲ မှာတော့ နိုင်ငံတကာ ဂျာနယ်လစ်တွေ လည်း ပါနေတာကြောင့် အဲဒီဂျာနယ်လစ်တွေအတွက်တော့ အမည်ပျက်စာရင်း ဆိုတာ ထောင်ဘားတန်းတွေ လို မြန်မာပြည်ထဲဝင်ဖို့ကာထားတဲ့ အကာအရံတွေပါပဲ။ ဒါပေမယ့်လည်း လေ့လာသူတွေက အဲဒီအမည်ပျက်စာရင်းထဲမှာ လူပေါင်း ၄၀၀၀ လောက် ကျန်နေသေးတယ်လို့ ဆိုပါတယ်။ ဒီလိုပါပဲ၊ စစ်ထောက်လှမ်းရေးကလည်း အစ္စလာမ်ဆန့်ကျင်ရေး အကြမ်းဖက်လုပ်ရှားမှုတွေမှာ လိုက်လံသတင်းယူကြသူများကို ထောက်လှမ်းစောင့်ကြည့်နေကြ ဆဲဖြစ်ပါတယ်။

  • အစိုးရ သတင်းစာက ဖော်ပြသော ၂၀၁၂ ရခိုင်ပြည်နယ်အရေး (စုစည်းတင်ပြချက်)

    အစိုးရ သတင်းစာက ဖော်ပြသော ၂၀၁၂ ရခိုင်ပြည်နယ်အရေး (စုစည်းတင်ပြချက်)

    ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂
    M-Media
    မောင်လျှောက် (မြန်မာမြေ)

    ၄.၆.၂၀၁၂

    နိုင်ငံပိုင် ရုပ်မြင်သံကြားများဖြစ်သော MRTV, MWD, MRTV 4, မြန်မာ့အသံနှင့် ဒေသဆိုင်ရာ FM လိုင်းများ၊ ပြန်ကြားရေး ၀န်ကြီးဌာနမှ website များမှတဆင့် ည (၈း၀၀)နာရီ ပြည်တွင်း သတင်းတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးခဲ့သော ကျောက်နီမော်ကိစ္စ၊ တောင်ကုတ်ကိစ္စနှင့် စစ်တွေမြို့ ဈေးကောက်ကိစ္စ မကျေလည်မှုများကို လူမျိုး ဘာသာ အရေး အမြင်ဖြင့် သတင်းထုတ်လွှင့်သည်။

    ၅.၆.၂၀၁၂

    ၄.၁၂.၂၀၁၂ ညပိုင်းတွင် နိုင်ငံပိုင် မီဒီယာများမှ ထုတ်လွှင့်သော ရခိုင်ပြည်နယ်တွင် ဖြစ်ပွာသော တရားမဲ့ ပြုကျင့်မှုများကို မြန်မာ့အလင်း၊ ကြေးမုံ၊ မြ၀တီနှင့် The News Light of Myanmar သတင်းစာများတွင် လူမျိုး၊ ဘာသာကို ပုတ်ခတ်သည့်  စကားလုံးများဖြင့် ဖော်ပြသည်။

    ၆.၆.၂၀၁၂

    ၆.၆.၂၀၁၂ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ (၇)တွင် ၅.၆.၂၀၁၂ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ (၇) ကော်လံ (၅)နှင့် (၆)တွင် ဖော်ပြ ပါရှိသည့် သံတွဲ-ရန်ကုန်၊ ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ (၁၀)ဦး အသတ်ခံရမှုနှင့် စပ်လျဉ်း၍  သတင်းထုတ်ပြန်ရာတွေ “မွတ်စလင်မ် ကုလားလူမျိုး” ဆိုသည့် ကျင့်ဝတ်မဲ့စကားလုံးအစား “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ (၁၀)ဦး အသတ်ခံရ” ဟူ၍ ပြင်ဆင်ဖတ်ရှုပါရန်နှင့် သတင်းစာသားများ၌လည်း “ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ” ဟူ၍ ပြင်ဆင်ဖတ်ရှုပါရန် မေတ္တာရပ်ခံကြောင်း တွေ့ရပါတယ်။

    ၇.၆.၂၀၁၂

    ပြင်ထောင်စု အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ (အမှတ် – ၄၃/၂၀၁၂)၊ ၂၀၁၂ခုနှစ်၊ ဇွန်လ (၆)ရက်နေ့ ရက်စွဲဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးခဲ့သော ဖြစ်စဉ်များအပေါ် စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကြောင်း သတင်းစာ မျက်နှာဖုံးတွင် တွေ့ရသည်။ အဆိုပါ အမိန့်ကြော်ငြာစာကို ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည်က အမိန့်အရ လက်မှတ်ရေးထိုးပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ပြည်ထဲရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဒု-ဥက္ကဌအဖြစ် ဒုရဲချုပ် ရဲမှူးချုပ် ဇော်မင်းတို့က ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးတို့က တာဝန်ယူရသည်။ အဖွဲ့ဝင်များအဖြစ် ရခိုင်ပြည်နယ်မှ ဥပဒေနှင့် ရဲဘက်အရာရှိများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့မှူးများ၊ ဥပဒေအရာရှိများဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

     

    ၉.၆.၂၀၁၂

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး၏ သဘောထား ထုတ်ပြန် ကြေငြာချက် တစ်စောင်နှင့် အစ္စလာမ် ဘာသာဝင်များသို့ မေတ္တာရပ်ခံ ပန်ကြားလွှာ တစ်စောင်တို့ကို ဇွန်လ (၈)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာမှုကို သတင်းစာများ၏ ကျောဖက် စာမျက်နှာများတွင် တွေ့ရသည်။

    အထက်ဖော်ပြပါ သဘောထား ထုတ်ပြန် ကြေငြာချက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက အပြစ်မဲ့ ပြည်သူများ သေကျေခြင်း၊ အိုးအိမ်စည်းစိမ်များ ပျက်ပြားခြင်း၊ အကြမ်းဖက် ထိပါး ဖျက်ဆီးခြင်းများကို ရှုတ်ချကြောင်း၊ စိတ်သောက ရောက်နေသူများအပေါ် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲ ခံစားရကြောင်း၊ အများပြည်သူတို့သည် အေးချမ်းစွာဖြင့် ဥပဒေ ဘောင်အတွင်း နေထိုင်ရေးကို အထူးလိုလားကြောင်းဖြင့် ဖော်ပြပါရှိပါသည်။

    ကျောက်နီမော်ဖြစ်စဉ် တရားခံ (၃)ဦးအား တရားစွဲတင်ခြင်းကို ဆောင်ရွက်ပြီး ရပ်ရွာလူထု (၁၀၀)ခန့် တက်ရောက် နားထောင်ခဲ့ကြောင်း ပါရှိသည်။ သတင်းစဉ်အဖြစ် မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် ပုဒ်မ ၁၄၄၊ ညမထွက်ရအမိန့် ထုတ်ပြန်သည့်သတင်း၊ ဆူပူလှုပ်ရှားသူ အချို့က ရုန်းရင်းဆန်ခတ်မှုများ ပြုခဲ့ကြောင်းဖြင့် ဖော်ပြသည်။

    ၁၀.၆.၂၀၁၂

    ဇွန်လ (၉)ရက်နေ့ မနက်ပိုင်းမှ စတင်၍ မောင်တောနှင့် ဘူးသီးတောင်မြို့များတွင် တည်ငြိမ် အေးချမ်းမှုများ ရရှိသွားပြီ ဖြစ်ကြောင်း၊ ထိုဒေသများသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးတို့ ရောက်ရှိ ကွပ်ကဲလျှက်ရှိကြောင်းဖြင့် တွေ့ရသည်။

    ၁၁.၆.၂၀၁၂

    ဇွန်လ (၁၀)ရက်နေ့ ည (၈)နာရီတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် အတွင်းရှိ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက် အပြည့်အစုံကို သတင်းစာများတွင် ဖော်ပြသည်။ နိုင်ငံတော် သမ္မတ၏ မေတ္တာရပ်ခံချက်တွင် မြန်မာနိုင်ငံ၏ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်း အပြန်အလှန် လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုများနှင့် အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတဲ့၊ အစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်း ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ဖြစ်စဉ်အပေါ် ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေး သမားများ၊ လူထု လူတန်းစား အဖွဲ့အစည်းများနှင့် မီဒီယာများ အားလုံးရဲ့ အသိတရားနဲ့ ယှဉ်ပြီး သတိတရားနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း အထူးလိုအပ်ပါကြောင်းဖြင့် ပါဝင်ပါတယ်။

    ရခိုင်ပြည်နယ်ကို နိုင်ငံတော် သမ္မတက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၂)ဖြင့် အခြေခံဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မ (က)အရ အရေးပေါ် အခြေအနေ ကြေငြာကာ အခြေခံ ဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်ဟု ဖော်ပြပါရှိသည်။

    ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လှမင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး ရရှိထားသည့် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းရန် မှာကြားသည်။ (ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းကတည်းက မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် တည်ငြိမ်အေးချမ်းမှုများ ရရှိပြီးဖြစ်ကြောင်း ဖော်ပြပြီး။)

    ရခိုင်ပြည်နယ် စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်များတွင် ဆူပူအကြမ်းဖက်သူများက လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဆူပူအကြမ်းဖက်သူများက လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဆူပူ အကြမ်းဖက်မှုများကို လုပ်ဆောင်လာသည့်အတွက် ပုဒ်မ  ၁၄၄ (၁၈း၀၀)နာရီချိန်မှ (၀၆း၀၀)နာရီအချိန်တွင် ညမထွက်ရန် အမိန့်ကို ထုတ်ဆင်လိုက်ကြောင်း ဖော်ပြသည်။

    ဇွန်လ (၁၀)ရက်နေ့ နံနက် (၁၁)နာရီက ရမ်းဗြဲမြို့၊ ရပ်ကွက် (၁)ရှိ သာယာကုန်းဗလီအား ဆူပူအကြမ်းဖက်သူများက ဖျက်ဆီးခဲ့ကြပြီး နောက်ပိုင်းတွင် ဒေသရပ်ရွာ အေးချမ်းမှု ရရှိစေရန် တာဝန်ရှိသူများက အချိန်မှီ ထိန်းသိမ်း ဆောင်ရွက်လျှက်ရှိကြောင်း တွေ့ရသည်။

    ၁၇.၆.၂၀၁၂

    ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို စစ်တွေမြို့၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းက ငွေကျပ် သိန်း(၁၁၁၀)၊ မောင်တော မဲဆန္ဒနယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းက ငွေကျပ် သိန်း(၅၀၀)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ငွေကျပ် (၁၀၀)၊ စစ်တွေမြို့ စေတနာရှင် မွတ်စလင်(မ်) ကုန်သည်များအဖွဲ့ ကုမ္ပဏီက ငွေကျပ် သိန်း(၁၀၀၀)၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်ဦးက ငွေကျပ် သိန်း(၃၀၀)၊ အခြားသော ကုမ္ပဏီ စီးပွါးရေးလုပ်ငန်းများက ငွေကျပ် သိန်း(၁၆၀)ကျော် ကို ပေးအပ်လှူဒါန်းခဲ့သည်။ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ မီးသတ်ဦးစီးဌာန (ရုံးချုပ်) မေခလာခန်းမ၌ လာရောက် လှူဒါန်းမှုမှာ ဇွန်လ (၁၆)ရက်နေ့အထိ ငွေကျပ် (၁၁၀,၉၃၈,၃၇၅)ဖြစ်ကြောင်း သိရသည်။

    ကျောက်တော်မြို့နယ်အတွင်း မသမာသူများက လူနေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း စစ်တွေမြို့နယ်တွင်း အပျက်အစီးများကို ရှင်းလင်းလျှက်ရှိကြောင်း ဖော်ပြသည်။

    နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ဦးဆောင်သော အဖွဲ့သည် ဇွန်လ (၁၅)ရက်နေ့က ဒေသခံ တိုင်းရင်းသား ကျေးရွာနှင့် ဘင်္ဂါလီ ကျေးရွာများ (သတင်းစာ၏ အသုံး) တွင် မောင်တောမြို့နယ် တောင်ခြမ်းတွင် ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များကို သင်ခန်းစာယူကာ မောင်တောမြို့နယ် မြောက်ခြမ်းတွင် ယင်းကဲ့သို့ မဖြစ်ပေါ်စေရန် အသိပညာပေး ပြောကြားသည်။

    ၁၈.၆.၂၀၁၂

    နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့်အဖွဲ့ ရခိုင်ပြည်နယ်အတွင်း လှည့်လည် ကြည့်ရှု့ စစ်ဆေးမှုများကို ဖော်ပြသည်။

    ၂.၇.၂၀၁၂

    စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ဇွန်(၇)ရက်မှ (၂၅)ရက်အထိ မြို့များသို့ စစ်ဆေးခဲ့မှု၊ ကျောက်နီမော် တရားခံ(၃)ဦးအား ကျောက်ဖြူခရိုင် တရားရုံးမှ ဇွန်လ (၁၈)ရက်တွင် သေဒဏ်ချမှတ်မှုများကို မြန်မာ့အလင်း သတင်းစာ စာမျက်နှာ(၆) ကော်လံ(၁)တွင် ဖော်ပြသည်။

    ၃၁.၇.၂၀၁၂

    ဇူလိုင်လ (၃၀)ရက်နေ့ ညနေ(၃)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး ကိစ္စနှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အမှာစကား ပြောကြားသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတက ကျောက်နီမော် ကျေးရွာတွင် ဘင်္ဂါအမျိုးသား (၃)ဦးက ရာဇ၀တ်မှု ကျူးလွန် သတ်ဖြတ်ခဲ့ခြင်းက စတင်ဖြစ်ပွါးခဲ့ကြောင်း၊ ယင်းနောက် တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာ ကိုးကွယ်သူ ခရီးသွား (၁၀)ဦးကို တောင်ကုတ်မြို့နေ ပြည်သူများက သတ်ဖြတ်ခဲ့ခြင်း၊ စစ်တွေမြို့ ဈေးကြီးထဲတွင် ဈေးကောက်နှင့် ဈေးရောင်းသူတို့ အပြန်အလှန် စကားများခဲ့ရာမှ စစ်တွေ ရဲစခန်းကို လူအုပ်ဖြင့် ၀ိုင်းဝန်း နှောင့်ယှက် တိုက်ခိုက်ခဲ့ခြင်းတို့မှ အစပျိုးခဲ့ခြင်း ဖြစ်ကြောင်းဖြင့် ပြောကြားပါတယ်။

    ဇူလိုင်လ (၃၀)ရက်နေ့ မွန်းလွဲ (၁)နာရီ မိနစ်(၂၀)တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန (ရန်ကုန်ရုံးခွဲ) ၀န်ဇင်းမင်းရာဇာ ခန်းမ၌ ရခိုင်ပြည်နယ် အရေးနှင့် စပ်လျဉ်း၍ သံတမန်များအား ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

    နိုင်ငံခြားရေး ၀န်ကြီးဌာနက ရခိုင်ပြည်နယ် အရေးနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို (၃၀.၇.၂၀၁၂)ရက်စွဲဖြင့် ထုတ်ပြန်ရာတွင် အကြမ်းဖက်မှုကြောင့် နှစ်ဖက်စလုံးမှ (၇၇)ဦးသေဆုံးပြီး (၁၀၉)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စုစုပေါင်း လူနေအိမ် (၄၈၂၂)လုံး၊ ဗလီ(၁၇)လုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၁၅)ကျောင်း နှင့် စာသင်ကျောင်း (၃)ကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း၊ ဒုက္ခရောက်သူ ရခိုင်အမျိုးသား (၁၄၃၂၈)ဦးနှင့် မွတ်စလင်(မ်)ဘာသာဝင် (၃၀၇၄၀)ဦးတို့ရှိကြောင်း၊ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လျှက် ကွဲပြားခြားနားသော ယုံကြည်မှု အမျိုးမျိုး ရှိကြသည့် ပြည်သူအားလုံး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်လျှက် ရှိကြောင်း၊ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ မွတ်စလင်(မ်) နှင့် ဟိန္ဒူဘာသာဝင်များ ရာစုနှစ်ပေါင်းများစွာ ချစ်ကြည် ရင်းနှီးစွာဖြင့် အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြသည့် ဘာသာစုံ နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်းဖြင့် ဖော်ပြပါရှိသည်။

    ၃.၈.၂၀၁၂

    နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဒုတိယ၀န်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်များနှင့် သံတမန်များ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘာသာရေးခေါင်းဆောင်များ ပါဝင်လျှက် သြဂုတ်လ (၁)ရက်နေ့တွင် စစ်တွေမြို့ ပတ်ဝန်းကျင် တစ်လျှောက် သွားရောက် ကြည့်ရှုလေ့လာမှုကို လေ့လာမှုကို ဖော်ပြသည်။ အဆိုပါ သတင်းတွင် နိုင်ငံခြား သံရုံးများမှ သံတမန်များ၏ သဘောထား ပြောကြားချက်များကိုပါ ပူးတွဲဖော်ပြထားသည်။

    ၁၀.၈.၂၀၁၂

    တူရကီသမ္မတ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး H.E Mr.Ahmet Davutoglu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် သွားရောက်တွေ့ဆုံပြီး အမြင်ချင်း ဖလှယ် ဆွေးနွေးမှုများကို ဝေေ၀ဆာဆာ ဖော်ပြထားသည်။

    တူရကီ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီးက ဆွေးနွေးရာတွင် “မိမိသည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်း၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာများကို လေ့လာထားသူတစ်ဦး ဖြစ်၍ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကိုးကွယ် ယုံကြည်မှု စံပြနိုင်ငံ တစ်နိုင်ငံဖြစ်သည်ဟု သိရှိထားပြီး ဖြစ်ပါကြောင်း ဗုဒ္ဓဘာသာသည် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားခြင်း၊ သည်းခံခြင်း၊ တရားလက်ကိုင်ထားသော ဘာသာဖြစ်ပြီး၊ အစ္စလာမ်ဘာသာသည် ငြိမ်းချမ်းရေး ကိုယ်စားပြုသော ဘာသာဖြစ်ပါကြောင်း၊ ဘာသာကြီးနှစ်ခု၏ ဘာသာဝင်များသည် ရှေးယခင်ကပင် အတူတကွ လက်တွဲ နေထိုင်လာခဲ့ကြပါကြောင်း ……” ဖြင့် ဆွေးနွေးမှုများကို ဖော်ပြထားသည်ကို တွေ့ရပါသည်။

     

    ၁၁.၈.၂၀၁၂ နှင့် ၁၂.၈.၂၀၁၂

    ၁၁.၈.၂၀၁၂ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ (၅)နှင့် ၁၂.၈.၂၀၁၂ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ (၉)တို့တွင် စာရေးသူက မောင်မှတ်(ဖျာပုံ)အမည်ဖြင့် “သတိတရားကို အခြေခံ အသိတရားနှင့် မေတ္တတရား ပေါင်းစပ်ပြီး နိုင်ငံတော် အစိုးရနှင့်အတူ ၀ိုင်းဝန်းပူးပေါင်း ကာကွယ် ထိန်းသိမ်းကြရမည်။”  ခေါင်းစဉ်ပါ ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် အစိုးရပိုင်း၏ သုံးသပ် ဆွေးနွေးမှုကို ဖော်ပြထားသည်။ သတင်းဆောင်းပါး ရှည်မည်ဆိုး၍ မဖော်ပြတော့ပါ။

    ၁၈.၈.၂၀၁၂

    နိုင်ငံတော် သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၂) စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခြင်းကို သတင်းစာများ၏ မျက်နှာဖုံး စာမျက်နှာများပေါ်တွင် ဖော်ပြထားသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် သာသနာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာမျိုးမြင့်က ဥက္ကဌအဖြစ် ပါဝင်ပြီး အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်ဥက္ကဌ ဟာဂျီဦးညွန့်မောင်သျှိန်၊ အတွင်းရေးမှူး ဟာဂျီဦးတင်မောင်သန်း၊ မအဖ ဌာနချုပ်မှ ဥက္ကဌ ဟာဂျီဦးလှဝင်း၊ အထွေထွေ အတွင်းရေးမှူး ဦးကျော်ခင်၊ မမလဌာနချုပ်မှ ဥက္ကဌ ဟာဂျီ ဦးမြင့်ထွန်း၊ အတွင်းရေးမှူး ဦးလှဝင်း၊ အနုပညာရှင် ဇာဂနာ၊ SNLD မှ ဦးခွန်ထွန်းဦး၊ ခရစ်ယာန်နှင့် ဟိန္ဒူအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာ NGO အဖွဲ့အစည်းများမှ အကြီးအကဲများက အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ကော်မရှင် အတွင်းရေးမှူးအဖြစ် Myanmar Egress မှ ဒေါက်တာကျော်ရင်လှိုင်က  ဆောင်ရွက်ကြောင်း ဖော်ပြထားသည်။

    စုံစမ်းရေး ကျော်မရှင်၏ အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ ၂၀၁၂ခုနှစ်၊ နိုင်ဝင်ဘာလ (၁၆)ရက်နေ့ အရောက် တိုက်ရိုက် အစီရင်ခံစာ တင်ရမည်ဟု အထက်ဖော်ပြပါ နိုင်ငံတော် သမ္မတရုံး အမိန့်ကြော်ငြာစာတွင် တွေ့ရသည်။

    ၂၀.၈.၂၀၁၂

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး၏ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် စပ်လျဉ်း၍ သဘောထား ထုတ်ပြန် ကြေငြာချက်တစ်စောင်ကို သတင်းစာများ၏ ကျောဘက် မျက်နှာဖုံးတွင် ဖော်ပြပါရှိသည်။ အဆိုပါ သဘောထား ထုတ်ပြန် ကြေငြာချက်တွင် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသား ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်နှင့် ဂုဏ်သိက္ခာတို့ကို ထိပါးစေသည့် အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများ အကျပ်ကိုင်မှုများကို ကြံစည်ပြုလုပ် ကျူးလွန်သူ မည်သည့်ပုဂ္ဂိုလ် မည်သည့် အဖွဲ့အစည်းကိုမဆို မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက လုံးဝရှုတ်ချကြောင်းဖြင့် ပါဝင်သည်။ သို့သော် မူလ သဘောထား ထုတ်ပြန်ကြေညာချက် အပိုဒ်(၁)တွင် ပါဝင်သော နှစ်ပရိန္ဒေဆိုသော စကားရပ်အား ဖော်ပြခြင်း မရှိကြောင်း သိစေအပ်ပါသည်။

    ၂၂.၈.၂၀၁၂

    နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံမှုကို ဖော်ပြသည်။ ထိုတွေ့ဆုံမှု သတင်းတွင် ရခိုင်ပြည်နယ် ဖြစ်စဉ်များတွင် အိမ်မြေ (၅၃၃၈)လုံး၊ ဗလီ(၁၉)ခု၊ ဘုန်းကြီးကျောင်း (၁၄)ကျောင်း၊ စာသင်ကျောင်း (၃)ကျောင်း မီးလောင် ပျက်စီးခဲ့ပြီး နှစ်ဖက်သေဆုံးမှု စုစုပေါင်း (၈၉)ဦး ရှိခဲ့ကြောင်း၊ ဆူပူအကြမ်းဖက်မှု ကျူးလွန်သူ (၉၈၇)ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ရကြောင်း၊ ကယ်ဆယ်ရေးစခန်း (၅၄) ဖွင့်လှစ်ထားပြီး၊ ရွှေ့ပြောင်း ဒုက္ခသည် (၇၃၅၅၀)ဦး ရှိကြောင်း ဖော်ပြထားသည်။

    အထက်ပါ သတင်း၏ အောက်တွင် ၂၀၁၂ခုနှစ်၊ သြဂုတ် (၂၁)ရက်နေ့ ရက်စွဲဖြင့် နိုင်ငံခြားရေး ၀န်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်ကို တွေ့ရသည်။ သတင်းထုတ်ပြန်ချက်တွင် နှစ်ဖက်စလုံးမှ (၈၈)ဦး အသက်ဆုံးရှုံးကြရာတွင် ရခိုင်တိုင်းရင်းသား (၃၁)ဦးနှင့် မွတ်စလင်(မ်)ဘာသာဝင် (၅၇)ဦး ပါဝင်ကြောင်းဖြင့် ဖော်ပြထားသည်။

    သြဂုတ် (၂၁)ရက်နေ့ တစ်ရက်တည်းတွင် နယ်စပ်ရေးရာ ၀န်ကြီးနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တို့တွင် နှစ်ဖက်စလုံးမှ သေဆုံးသူစာရင်းတွင် တစ်ဦးကွာနေကြောင်း သတင်းနှစ်ခုကို အထက်အောက် ဖြစ်စဉ်ကို လေ့လာခြင်းဖြင့် သိနိုင်သည်။

    ၈.၉.၂၀၁၂

    အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ယူဖွတ်ဂိုကေစင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင်အား အဆိုပါ ၀န်ကြီးရုံး၌ သွားရောက် တွေ့ဆုံကြောင်း သိရသည်။ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သည် နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်၌ လေ့လာသူအဖြစ် သတ်မှတ် ထားသော အဖွဲ့ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

    ၉.၉.၂၀၁၂

    စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စစ်တွေမြို့သို့ ရောက်ရှိပြီး ဆူပူမှု ဖြစ်ပွါးသည့် နေရာများနှင့် ဆူပူမှု ဖြစ်ပွါးသည့် အကြောင်းအချက်များကို စုံစမ်းကြကြောင်း သိရသည်။

    ၂၃.၁၀.၂၀၁၂

    နိုင်ငံတော် သမ္မတ၏ ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံမှုတွင် AFP၊ ပြည်သူ့ခေတ်နှင့် မြန်မာတိုင်း(မ်)တို့၏ ရခိုင်ပြည်နယ် အရေးကိစ္စ မေးမြန်းချက်များအပေါ် ပြန်လည် ဖြေကြားရာတွင် “မိမိ အနေဖြင့် စုံစမ်းစစ်ဆေးရေး အဖွဲ့၏ အကြံပေးချက်အပေါ် မူတည်ပြီး မိမိတို့ အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း” ဖြင့် ဖြေကြားခဲ့ပါတယ်။

    ၂၄.၁၀.၂၀၁၂

    ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာများ၌ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့မှုကို သတင်းစဉ်အဖြစ် ဖော်ပြ ပါရှိခဲ့သည်။

    ၂၆.၁၀.၂၀၁၂

    နိုင်ငံတော် သမ္မတရုံး သတင်းထုတ်ပြန်ချက် (၁/၂၀၁၂)တွင် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားသူများကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ဖော်ပြပါရှိသည်။ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်အထိ သေဆုံးသူ (၁၂)ဦး၊ ဒဏ်ရာရရှိသူ (၅၀)ဦး ရှိပြီး၊ လူနေအိမ် (၁၉၄၈)အိမ်၊ ဘာသာရေး အဆောက်အအုံ (၈)ခု မီးလောင်ဆုံးရှုံးကာ လူအများအပြား အိုးမဲ့အိမ်မဲ့ ထပ်မံ ဖြစ်ပွါးသည့် တစ်ကျော့ပြန် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွါးခဲ့ကြောင်း ဖော်ပြပါရှိသည်။

    ၂၇.၁၀.၂၀၁၂

    ရခိုင်ပြည်နယ် ကျောက်တော်၊ ရသေ့တောင်၊ ကျောက်ဖြူနှင့် ပေါက်တောတို့၌ အောက်တိုဘာ (၂၁)ရက်မှ (၂၅)ရက်အထိ တစ်ကျော့ပြန် ရခိုင်ပဋိပက္ခကြောင့် စုစုပေါင်း သေဆုံးသူ (၆၇)ဦး၊ ဒဏ်ရာရရှိသူ (၉၅)ဦးရှိပြီး၊ အိမ်မြေ (၂၈၁၈)လုံး၊ ဘာသာရေး အဆောက်အအုံ (၁၈)လုံး မီးလောင် ပျက်စီးဆုံးရှုးံခဲ့ကြောင်း သတင်းစဉ်အဖြစ် ဖော်ပြပါရှိသည်။

    တူရကီနိုင်ငံမှ ရခိုင်ပြည်နယ်မှ ဒုက္ခသည်များထံသို့ ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်လာသည့်

    C-230 အမျိုးအစား စစ်ဘက် လေယာဉ်နှစ်စင်းသည် အောက်တိုဘာ (၂၅)ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြောင်း ဖော်ပြထားသည်။

    ၂၈.၁၀.၂၀၁၂

    ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Mr. Ashok Nigal ဦးဆောင်သည့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ ဖြစ်သော WFP, UNOCHA, UNHCR တို့မှ ဌာနေ ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်အတွင်း လှည့်လည် စစ်ဆေးမှုများကို ဖော်ပြထားသည်။

     

     

    ၂၉.၁၀.၂၀၁၂

    ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာ (၂၁)ရက်မှ (၂၇)ရက်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်

    ဖျက်စီးမှုများကြောင့် လူနေအိမ် စုစုပေါင်း (၂၉၅၀)၊ ဘာသာရေး အဆောက်အအုံ (၁၄)လုံးနှင့် ဆန်စက်(၈)လုံး မီးလောင်ပျက်စီးခဲ့ပြီး လူ(၈၄)ဦး သေဆုံးကာ၊ (၁၂၉)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းစဉ်တွင် ဖော်ပြထားသည်။

    ၁၇.၁၁.၂၀၁၂

    နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ (၁၆)ရက်နေ့ မွန်းလွဲ (၃)နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ၌ နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် ဗိုလ်တစ်ထောင်မြို့နယ်၊ မင်္ဂလာရာမ စာသင်တိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘန္ဒန္တရဌသာရ အမှူးပြုသော ဆရာတော်ကြီးများနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များအား ပင့်ဖိတ်၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို လျှောက်ထား ရှင်းလင်း ပြောကြားခဲ့သည်။

    အဆိုပါ တွေ့ဆုံပွဲတွင် အစ္စလာမ်ဘာသာဝင် အကြီးအကဲ သံအမတ်ကြီး (အငြိမ်းစား) ဦးလှမောင်၊ မြန်မာမွတ်စလင်(မ်) အမျိုးသားရေးရာ အဖွဲ့ချုပ်မှ ဦးသန်းလွင်၊ မြန်မာမွတ်စလင်(မ်) အမျိုးသားရေးရာ အဖွဲ့ချုပ်မှ ဦးလှဝင်းနှင့် ဦးတင်မောင်ဝင်းတို့က နိုင်ငံတော် သမ္မတအား ဆွေးနွေး ပြောကြားမှု အနှစ်ချုပ်များကို ဖော်ပြထားသည်။

    ၁၉.၁၁.၂၀၁၂

    အမေရိကန် သမ္မတ အိုဘားမားက ရန်ကုန် တက္ကသိုလ် မိန့်ခွန်း ပြောကြားရာတွင် ရိုဟင်ဂျာဟူသော စကားလုံးကို           အစိုးရသတင်းစာများတွင်  ဆင်ဆာထိပါသည်။ ဖော်ပြထားခြင်း မရှိပါ။

    ၇.၁၂.၂၀၁၂

    ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Mr. Baraness Valeric Ames နှင့် အဖွဲ့များ ရခိုင်ပြည်နယ် စစ်တွေ၊ မြေပုံ၊ ပေါက်တောနှင့် မောင်းတောမြို့များသို့ သွားရောက် ကွင်းဆင်း လေ့လာခဲ့ကြသည်ကို တွေ့ရသည်။

    နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ကာကာနိုင်ငံ အခြေစိုက် အယ်လ်ဂျာဇီးရား သတင်းဌာနက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းရှိ အစ္စလာမ်ဘာသာဝင် လူမျိုးစုများကို ၎င်းတို့အခေါ် ရိုဟင်ဂျာများဟု အသိအမှတ်ပြု သုံးနှုန်းဖော်ပြခဲ့သည်ကို ဖော်ပြထားသည်။ (၂၇.၁၁.၂၀၁၂ နေ့ထုတ် သတင်းစာများတွင် ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို အသိအမှတ်ပြု ဖော်ပြခဲ့ပြီးဖြစ်ကြောင်း။)

    ၉.၁၂.၂၀၁၂

    ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော အဖွဲ့သည် ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေ၊ မင်းပြား၊ ကျော်တော်၊ မောင်းတောမြို့နယ်များသို့ သွားရောက်ခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ သတင်းစာများတွင် အစ္စလာမ်ဘာသာဝင် လူမျိုးစုများကို ဒေသခံပြည်သူများဟု သုံးနှုန်းကာ ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရပါတယ်။

    ၂၀.၁၂.၂၀၁၂

    ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆက်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဒီဇင်ဘာလ (၁၈)ရက် နံနက် (၁၀း၃၀)တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ခြင်း၊ ထိုအစည်းအဝေးသို့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ (INGO) များ၊ (NGO) များ၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှု့အဖွဲ့၊ ရခိုင်တိုင်းရင်းသားအဖွဲ့၊ မြန်မာမွတ်စလင်(မ်) အမျိုးသားရေးရာအဖွဲ့ချုပ်နှင့် အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၇၈)ဦး တက်ရောက်ခဲ့ကြသည်။

    နိုင်ငံပိုင်သတင်းစာများတွင် မြန်မာမွတ်စလင်(မ်)ရေးရာ အဖွဲ့ချုပ်ကို မြန်မာ-မွတ်စလင်(မ်)အမျိုးသား အဖွဲ့ချုပ်ဟု လည်းကောင်း၊ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်ကို အစ္စလာမ်ကောင်စီ ဟုလည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိ မှားယွင်းဖော်ပြထားကြောင်း တင်ပြရင်း (၂၀၁၂)ခုနှစ် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး သတင်းများတွင်ပါဝင်သော ကောင်းနိုးရာရာများကို ကောက်နုတ် တင်ပြလိုက်ရပါသည်။

    ကိုးကား – မြန်မာအစိုးရ သတင်းစာများ

    မောင်လျှောက် (မြန်မာမြေ)

    ကောက်နုတ်တင်ပြသည်။