News @ M-Media
Tag: singapore
  • ကမ္ဘ္ဘ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင်ခေါင်းဆောင် ၅၀ စာရင်းတွင် အရှေ့တောင်အာရှမှ ၅ ဦး   ပါဝင်
    ကမ္ဘ္ဘ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင်ခေါင်းဆောင် ၅၀ စာရင်းတွင် အရှေ့တောင်အာရှမှ ၅ ဦး ပါဝင်
    အောက်တိုဘာ ၆၊ ၂၀၁၉
    M-Media
    စင်ကာပူသမ္မတ ဟာလီမာ ယာကွဘ်
    -ဂျော်ဒန်နိုင်ငံက တတ်သိပညာရှင်များအဖွဲ့ Royal Islamic Strategic Studies Centre ကနေ လေ့လာဆန်းစစ်ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင် ၅၀၀ စာရင်းမှာ
    စင်ကာပူသမ္မတ ဟာလီမာယာကွဘ်က ထိပ်ပိုင်း ၅၀ စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
    The Muslim 500 လို့အမည်ပေးထားတဲ့ အဲဒီစာရင်းကို နှစ်စဉ် ထုတ်ပြန်တာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွက် အခုထုတ်ပြန်မှုဟာ ၁၁ ကြိမ်မြောက် ဖြစ်ပါတယ်။ ကမ္ဘ္ဘာတစ်ဝှမ်းက မွတ်စလင်ခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားတဲ့ မွတ်စလင်တွေဟာ လူ့အဖွဲ့အစည်းမှာ ဘယ်လောက်အထိ လွှမ်းမိုးမှုရှိလဲဆိုတာ လေ့လာဆန်းစစ်ပြီး အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။
    အခုနှစ် The Muslim 500 စာရင်း ထိပ်ဆုံး ၅၀ မှာ အရှေ့တောင်အာရှက ၅ ဦး ပါဝင်ပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အဆင့် ၁၃၊ အင်ဒိုနီးရှားက အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ Nahdlatul Ulama ရဲ့ ဥက္ကဌ ပရော်ဖက်ဆာ အေအိခ်ျ စအစ် အကီလ် ဆီရာ့ဂ်ျက အဆင့် ၁၉၊ အင်ဒိုနီးရှားက မွတ်စလင်တရားဟောဆရာ ဟာဘစ် လုဖ်သီ ယဟ်ယာက အဆင့် ၃၃၊ စင်ကာပူသမ္မတ ဟာလီမာ ယာကွဘ်က အဆင့် ၃၈နဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က အဆင့် ၄၂ တို့ ဖြစ်ပါတယ်။
    ၂၀၁၇ ခုနှစ်မှာ သမ္မတအဖြစ် တင်မြှောက်ခံရတဲ့ ဟာလီမာ ယာကွဘ်ဟာ စင်ကာပူရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။ လူမှုသဟဇာတဖြစ်မှု၊ အလုပ်သမားအရေး ကိစ္စတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မှုကြောင့် ကမ္ဘ္ဘ္ဘာ့ သြဇာလွှမ်းမိုးမှု အရှိဆုံး မွတ်စလင်များစာရင်းမှာ ထည့်သွင်းရတာလို့ Royal Islamic Strategic Studies Centre ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    “သမ္မတစ်ယောက်ဖြစ်တဲ့ သူမဟာ လူ့အဖွဲ့အစည်း အစေးကပ်ရေး၊ ဘာသာပေါင်းစုံ ချစ်ကျည်ရေး၊ စင်ကာပူရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို ကူညီပေးနေကြတဲ့ အလုပ်သမားတွေကို အသိအမှတ်ပြု ဂရုစိုက်ရေး ပိုမိုကောင်းစေမယ့် အစီအစဉ်တွေကို ချမှတ်ပေးခဲ့ပါတယ်။ ကမ္ဘ္ဘ္ဘာ့ခေါင်းဆောင်တွေနဲ့ ပုံမှန်လိုလို တွေ့ဆုံပြီး နိုင်ငံတကာမှာ ပုံရိပ်ကောင်းတဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်”
    စင်ကာပူသမ္မတရဲ့ ထင်ရှားတဲ့ ကြိုးပမ်းမှုတွေထဲက တစ်ခုကတော့ လူ့အဖွဲ့အစည်းတွေအကြား နားလည်မှု မြှင့်တင်ရေးအတွက် ကမ္ဘ္ဘာတစ်ဝှမ်းက ဘာသာရေးခေါင်းဆောင်တွေကို ဖိတ်ခေါ်ကာ ဖိုရမ်တစ်ခု စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖိုရမ့်ကနေတစ်ဆင့် ‘လူ့အဖွဲ့အစည်းများ သဟဇာတဖြစ်ရေး နိုင်ငံတကာ ညီလာခံ’ ကို အခုနှစ်မှာ ပထမဆုံး စတင် ကျင်းပနိုင်ခဲ့ပါတယ်။
    ၂၀၁၈ ခုနှစ်စာရင်းမှာ ဟာလီမာ ယာကွဘ်ဟာ အဆင့် ၄၅ နေရာ ရခဲ့ပြီး ၂၀၁၉ ခုနှစ် စာရင်းမှာတော့ ၄၁ နေရာ ရခဲ့ပါတယ်။
    သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင်အမျိုးသားအဖြစ် ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက သတ်မှတ်ခံရပြီး၊ အမေရိကန်လွှတ်တော်အမတ် ရရှိဒါ တာလစ်ဘ်က သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင်အမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
    Ref: Straits Times
  • ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် စင်ကာပူနှင့် မြန်မာ လက်မှတ်ရေးထိုး
    ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် စင်ကာပူနှင့် မြန်မာ လက်မှတ်ရေးထိုး
    စက်တင်ဘာ ၂၇၊ ၂၀၁၉
    M-Media
    Photo credit – Irrawaddy
    -နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်သွယ်မှုကို ကာကွယ်ရေးနဲ့ တိုးမြှင့်ရေးအတွက် မြန်မာနဲ့ စင်ကာပူတို့ဟာ အခုတစ်ပတ်အစောပိုင်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။
    ဖေဖော်ဝါရီလအထိ မှတ်တမ်းတွေအရ စင်ကာပူဟာ မြန်မာနိုင်ငံမှာ အဓိက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်တဲ့ နိုင်ငံတစ်ခု ဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၃၀ ရာခိုင်နှုန်း ကန်ဒေါ်လာ ၂၂ ဘီဘီယံ ရှိနေပါတယ်။
    အခုသဘောတူညီချက်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပစီးပွားရေးဆိုင်ရာ ဆက်ဆံရေး ၀န်ကြီးဌာန (MIFER) အကြီးအကဲ ဦးသောင်းထွန်းနဲ့ စင်ကာပူ ကုန်သွယ်ရေးနှင့် ဆက်မှုဝန်ကြီးဌာန ၀န်ကြီး ချန်ချွန်ဆင်းတို့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၇ ကြိမ်မြောက် မြန်မာ-စင်ကာပူ ၀န်ကြီးအဆင့် အစည်းအဝေးမှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
    MIFER ရဲ့ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက သဘောတူညီချက်ဟာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနဲ့ ကာကွယ်ရေး၊ နှစ်နိုင်ငံပြည်သူတွေအကြား မျှတတဲ့ စီးပွားရေး နယ်ပယ်တစ်ခု ဖြစ်ပေါ်လာစေရေး ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “စင်ကာပူနိုင်ငံသားတစ်ဦးက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လာရောက်လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံသားလိုပဲ တူညီတဲ့အခွင့်အလမ်းတွေ ပေးသွားမယ်။ မြန်မာနိုင်ငံသား တစ်ဦးကလည်း စင်ကာပူမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒီလိုအခြေအနေမျိုးကို ရရှိမှာ ဖြစ်ပါတယ်”
    ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ပိုင်ဆိုင်မှုတွေကို မူရင်းနိုင်ငံဆီ လွှဲပြောင်းတဲ့အခါမှာ ချောမွေ့စေရေး၊ ပြဿနာတွေဖြစ်လာတဲ့အခါ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေအတိုင်း ညှိနှိုင်းဆောင်ရွက်ရေး အတွက်လည်း နှစ်ဖက်အစိုးရက သဘောတူညီချက်မှာ ကတိပြုခဲ့ပါတယ်။
    Ref: Irrawaddy
    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းသတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)
  • ရခိုင်ပြည်နယ်ကို ခရီးမသွားရန် စင်ကာပူက နိုင်ငံသားများကို သတိပေးထား
    ရခိုင်ပြည်နယ်ကို ခရီးမသွားရန် စင်ကာပူက နိုင်ငံသားများကို သတိပေးထား
    ဇူလိုင် ၁၃၊ ၂၀၁၉
    M-Media
    -လက်နက်ကိုင် ပဋိပက္ခတွေ အချိန်မရွေး ဖြစ်လာနိုင်တဲ့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်က နေရာတစ်ချို့ကို သွားရောက်ခြင်းမပြုဖို့အတွက် စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဌာနက သူ့နိုင်ငံသားတွေကို သတိပေးလိုက်ပါတယ်။
    သတိပေးချက်ကို ဇူလိုင်လ ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ ကျောက်တော၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေ၊ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေ ပါဝင်ပါတယ်။
    “လုံခြုံရေးအခြေအနေက မငြိမ်သေးဘဲ၊ အလျင်အမြန် ဆိုးရွားနိုင်တာကြောင့် ရခိုင်ပြည်နယ်က အခြားဒေသတွေကို သွားရောက်မယ့် ခရီးစဉ်တွေကိုလည်း အရေးမကြီးရင် စင်ကာပူနိုင်ငံသားတွေအနေနဲ့ ရွှေ့ဆိုင်းသင့်ပါတယ်” လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန MFA က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ စင်ကာပူနိုင်ငံသားတွေအနေနဲ့ သတိဝိရိယနဲ့ နေကြဖို့၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့၊ ဒေသတွင်းသတင်းတွေ၊ အာဏာပိုင်တွေရဲ့ ညွှန်ကြားမှုတွေကို စောင့်ကြည့်နားထောင်ကြဖို့၊ ခရီးသွားအာမခံတွေ၊ ကျန်းမာရေးအာမခံတွေ ၀ယ်ယူထားကြဖို့၊ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ အနီးကပ်ရှိနေကြဖို့လည်း MFA က တိုက်တွန်းထားပါတယ်။
    စင်ကာပူဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ရခိုင်လူမျိုးတစ်ချို့ကို ဖမ်းဆီးခဲ့ပြီး၊ ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြီးအကဲ ထွန်းမြတ်နိုင်ရဲ့ညီ၊ ရခိုင်အသင်း (စင်ကာပူ) က လူတစ်ချို့ ပါဝင်ပြီး သူတို့ဟာ AA အတွက် ရန်ပုံငွေရှာတာ၊ လော်ဘီလုပ်တာတွေ ဆောင်ရွက်တာကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    Ref: CNA
  • AA ထောက်ခံသူများကို ပြည်နှင်ဒဏ်ပေးမည်ဟု စင်ကာပူ ကြေငြာ
    AA ထောက်ခံသူများကို ပြည်နှင်ဒဏ်ပေးမည်ဟု စင်ကာပူ ကြေငြာ
    ဇူလိုင် ၁၁၊ ၂၀၁၉
    M-Media
    -ရခိုင်လက်နက်ကိုင်အဖွဲ့ AA အတွက် လော်ဘီလုပ်နေတဲ့ မြန်မာနိုင်ငံသားအချို့ကို နေရပ်ပြန်ပို့မယ်လို့ စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက မနေ့မှာ ကြေငြာလိုက်ပြီး နိုင်ငံခြားသားတွေအနေနဲ့ သူတို့နိုင်ငံက နိုင်ငံရေးပဋိပက္ခတွေကို စင်ကာပူနိုင်ငံအထိ မသယ်လာကြဖို့လည်း
    သတိပေးလိုက်ပါတယ်။
    AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ညီ၊ ရခိုင်အသင်း (စင်ကာပူ) က အဖွဲ့ဝင်တစ်ချို့အပါအ၀င် လူ ၆ ဦးကို AA နဲ့ ဆက်စပ်မှုအတွက် စင်ကာပူအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။ စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန MHA က ဖမ်းဆီးမှုအရေအတွက်ကို အတိအကျ မထုတ်ပြန်ခဲ့ပေမယ့် စစ်ဆေးနေတဲ့သူတွေထဲက တစ်ဦးဟာ ‘AA ခေါင်းဆောင်နဲ့ တိုက်ရိုက်အဆက်အသွယ်ရှိတယ်’ လို့ ဆိုပါတယ်။
    အဲဒီအမျိုးသားဟာ စင်ကာပူရောက် ရခိုင်တွေ AA ကို ထောက်ခံလာရေး တက်တက်ကြွကြွလှုံ့ဆော်တာတွေ၊ AA ကို ထောက်ပံ့ပေးနိုင်ဖို့ ရန်ပုံငွေကောက်တာတွေ လုပ်တဲ့အပြင်၊ ရခိုင်အသင်း(စင်ကာပူကလည်း) AA နဲ့ သူတို့ရဲ့ နိုင်ငံရေးအဖွဲ့ ULA ကို ရခိုင်လူ့အဖွဲ့အစည်းက ထောက်ခံလာအောင် စည်းရုံးမှုတွေ ရှိတယ်လို့ စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    မြန်မာအစိုးရက AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာပါ။
    စင်ကာပူရောက် ရခိုင်တစ်ချို့ဟာ AA ကို ဘဏ္ဍာရေးထောက်ပံ့မှုတွေ လုပ်ဆောင်နေပြီး တစ်ဦးဆိုရင် လတိုင်း အလှူငွေထည့်ကြောင်း၊ လူမှုရေးအခမ်းအနားတွေကို အသုံးပြုပြီး AA အတွက် ဝါဒဖြန့်တာတွေ၊ ‘အဖနိုင်ငံတော်’ ကိုထောက်ခံလာအောင် စည်းရုံးတာတွေ လုပ်ကြကြောင်း
    စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    AA နဲ့ ULA တည်ထောင်မှု ၁၀ နှစ်ပြည့်အခမ်းအနားကို စင်ကာပူရောက် ရခိုင်တိုင်းရင်းသားတွေက ကျင်းပခဲ့ပြီး AA တံဆိပ်ပါတဲ့ အင်္ကျီတွေကို ၀တ်ဆင်တာ၊ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့ စစ်ဆင်ရေးတွေကို သရုပ်ဖော်တဲ့ ပြကွက်တွေ လုပ်ဆောင်ခဲ့တာတွေကိုလည်း
    မြင်တွေ့ခဲ့ရကြောင်း MHA ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    သတိပေး
    နိုင်ငံခြားသားတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံရေးပြဿနာတွေကို စင်ကာပူနိုင်ငံထဲ ယူဆောင်မလာဖို့လည်း စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်မှာ သတိပေးထားပါတယ်။
    “လက်နက်ကိုင်အကြမ်းဖက်မှုကို ထောက်ခံတဲ့၊ ပံ့ပိုးတဲ့၊ ဆောင်ရွက်တဲ့ ဒါမှမဟုတ် ပြင်ဆင်ပေးတဲ့ ဘယ်သူ့ကိုမဆို စင်ကာပူက အထူးစောင့်ကြည့်သွားမှာပါ။ တိုက်ခိုက်မှုအတွက် ဘယ်လို အကြောင်းချက်မျိုးပေးပေး၊ တိုက်ခိုက်မှု ဘယ်မှာပဲဖြစ်ဖြစ် စင်ကာပူက လစ်လျူရှုမှာ မဟုတ်ပါဘူး။ စင်ကာပူရဲ့ နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ရှိစေနိုင်တဲ့ ဒီလိုလုပ်ရပ်မျိုးမှာ ပါဝင်ရင် နိုင်ငံသားဖြစ်ဖြစ်၊ နိုင်ငံခြားသားဖြစ်ဖြစ် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်”
    စင်ကာပူမှာရှိနေတဲ့ မြန်မာနိုင်ငံသားအများစုဟာ ဥပဒေကို လိုက်နာပြီး စင်ကာပူနိုင်ငံအတွက် အကူအညီပေးနေကြောင်း၊ လူတစ်ချို့ရဲ့ လုပ်ရပ်အတွက် သဟဇာတဖြစ်စွာ နေထိုင်နေတဲ့ ကျန်တဲ့လူများစုကို မထိခိုက်စေဖို့ သတိထားဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း MHA ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    Ref: CNA
  • ကမ္ဘ္ဘာ့ စီးပွားရေး ယှဉ်ပြိုင်နိုင်မှုအရှိဆုံး စာရင်းတွင် စင်ကာပူ ထိပ်ဆုံးရောက်
    ကမ္ဘ္ဘာ့ စီးပွားရေး ယှဉ်ပြိုင်နိုင်မှုအရှိဆုံး စာရင်းတွင် စင်ကာပူ ထိပ်ဆုံးရောက်
    ဇွန် ၁၇၊ ၂၀၁၉
    M-Media
    -ကမ္ဘ္ဘာပေါ်က စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းအရှိဆုံး နိုင်ငံများစာရင်းမှာ စင်ကာပူဟာ ဟောကောင်နဲ့ အမေရိကန်တို့ကို ကျော်ကာ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။
    နည်းပညာဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မှု၊ ကျွမ်းကျင်လုပ်သား လုံလုံလောက်လောက် ရရှိနိုင်မှု၊ ပြောင်းရွှေ့အခြေချမှုအတွက် သင့်လျော်တဲ့ ဥပဒေများ ပြဌာန်းနိုင်မှု၊ စီးပွားရေး စတင်လုပ်ဆောင်ဖို့ လွယ်ကူမှုတွေကြောင့် ဒီလို အဆင့် ၁ နေရာကို ရရှိခဲ့တာဖြစ်တယ်လို့ သုတေသနပြု ထုတ်ပြန်တဲ့ ဆွစ်ဇာလန်အခြေစိုက် IMD Business School က ပြောကြားခဲ့ပါတယ်။
    အခွန်လျှော့ချမှု နောက်ဆက်တွဲနဲ့ ကိစ္စတွေနဲ့ အဆင့်မြင့်နည်းပညာ တင်ပို့မှု အားနည်းသွားတာတွေကြောင့် အမေရိကန်ဟာ စာရင်းမှာ ၂ ဆင့် လျော့ကျသွားပါတယ်။ စာရင်းမှာပါဝင်တဲ့ အာရှ စီးပွားရေးထိပ်တန်း ၁၄ နိုင်ငံမှာ ၁၁ နိုင်ငံက ပြီးခဲ့တဲ့နှစ် အဆင့်ကနေ မကျအောင်၊ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
    ၂၀၁၉ နှင့် ၂၀၁၈ ခုနှစ် ထိပ်ဆုံး ၁၀ နိုင်ငံ အဆင့် နှိုင်းယှဉ်ချက်
    ကမ္ဘ္ဘာ့ စီးပွားရေး ယှဉ်ပြိုင်နိုင်မှု အရှိဆုံး နိုင်ငံများ စာရင်းကို IMD World Competitiveness Center က ၁၉၈၉ ကနေစတင်ကာ ထုတ်ပြန်ခဲ့တာပါ။ စီးပွားရေး အင်အားကြီး နိုင်ငံပေါင်း ၆၃ နိုင်ငံကို သတ်မှတ်ချက်ပေါင်း ၂၃၅ ခုနဲ့ ချိန်ထိုး ဆန်းစစ်တာ ဖြစ်ပါတယ်။ အဲဒီ သတ်မှတ်ချက်တွေထဲမှာ စာရင်းရယူရခက်တဲ့ အလုပ်လက်မဲ့နှုန်း၊ စီးပွားရေးတိုးတက်မှု၊ ကျန်းမာရေးနဲ့ ပညာရေးမှာ အစိုးရရဲ့ သုံးစွဲမှုတွေ၊ ကမ္ဘ္ဘာ့အသိုင်းအဝိုင်းမှာ ၀င်ဆံ့မှု၊ လူမှုအစေးကပ်မှုနဲ့ ခြစားမှုအချက်အလက်တွေ ပါဝင်တယ်။ အဓိက စဉ်းစားတဲ့ သတ်မှတ်ချက် ၄ ခုက စီးပွားရေးစွမ်းဆောင်နိုင်မှု၊ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မှု၊ အစိုးရရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ စီးပွားရေး လွယ်ကူမှုတွေ ဖြစ်ပါတယ်။
    အခုနှစ်စာရင်းမှာ အတိုးတက်ဆုံး အာရှနိုင်ငံဟာ အရှေ့တောင်အာရှက စီးပွားရေးအကြီးဆုံး အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး အဆင့် ၁၁ ဆင့်တက်ကာ ၃၂ နေရာမှာ ရှိနေပါတယ်။ ထိုင်းနိုင်ငံက ၅ ဆင့်တက်ကာ အဆင့် ၂၅ နေရာ ရောက်လာပြီး၊ စီးပွားရေး တိုးတက်မှုကျဆင်းတာ၊ အစိုးရရဲ့အကြွေး မြင့်တက်လာတာ၊ စီးပွားရေး လုပ်ဆောင်နိုင်မှုအခြေအနေ အားနည်းတာတွေကြောင့် ဂျပန်နိုင်ငံက ၅ ဆင့် လျော့ကျသွားပါတယ်။
    ဥရောပနိုင်ငံတွေမှာ ယူကေက အဆင့် ၂၀ ကနေ ၂၃ နေရာ ကျဆင်းသွားပြီး နော်ဝေ၊ ဒိန်းမတ်၊ နယ်သာလန်တို့ကလည်း အဆင့်တွေ အသီးသီး ကျဆင်းသွားပါတယ်။ အိုင်ယာလန်နိုင်ငံက ၅ ဆင့်တက်ကာ ဆွစ်ဇာလန်ကလည်း အဆင့်တက်ပြီး ဥရောပတိုက်မှာ စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်း
    အရှိဆုံး တိုင်းပြည် ဖြစ်နေပါတယ်။
    ၂၀၁၉ ခုနှစ်စာရင်းမှာ ဆော်ဒီအာရေဗျက အဆင့်အများဆုံးတက်တဲ့ တိုင်းပြည် ဖြစ်လာခဲ့ပြီး ၁၃ ဆင့်တက်ကာ အဆင့် ၂၆ နေရာကို ရောက်လာပါတယ်။ ဒါဟာ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု ပိုမိုလုပ်ဆောင်တဲ့အတွက် ဖြစ်တယ်လို့ IMD Business School က ဖော်ပြထားပါတယ်။
    နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံကတော့ စာရင်းမှာ အောက်ဆုံးကို ရောက်ရှိနေပါတယ်။
    Ref: Bloomberg