News @ M-Media

Tag: turkey

  • နီပေါလ်လေယာဉ်ကွင်းတွင် တူရကီလေယာဉ်တစ်စင်း ပြေးလမ်းချော် တိမ်းမှောက်

    နီပေါလ်လေယာဉ်ကွင်းတွင် တူရကီလေယာဉ်တစ်စင်း ပြေးလမ်းချော် တိမ်းမှောက်

    မတ် ၄၊ ၂၀၁၅
    M-Media

    plane 1

    – တူရကီလေကြောင်လိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းမှာ ယနေ့နံနက်အစောပိုင်းက နီပေါလ်နိုင်ငံ ခတ္တာမန်ဒူ လေဆိပ်သို့အဆင်းတွင် လမ်းချော်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ခရီးသည် ၂၃၈ ဦးတင်ဆောင်ကာ အစ္စတန်ဘူလ်မြို့မှ ပျံသန်းလာသည့် လေယာဉ်အမှတ် THY726 မှာ မြူဆိုင်းနေသော အဆိုပါလေဆိပ်သို့အဆင်းတွင် လမ်းချော်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ဘီးကြိုးကာ လေယာဉ်ဦးမှာ မြေကြီးပေါ်တွင် ဒရွတ်တိုက်ပါသွားခဲ့သည်။

    လေကြောင်းထိန်းသိမ်းရေးကမူ အဆိုပါလေယာဉ်မှာ ပြေးလမ်း ချိန်ဆရာတွင် လွဲခဲ့ပြီး ပြေးလမ်းနှင့် ကားလမ်းတို့အကြား ဆင်းသက်မိခဲ့သောကြောင့် ထိုကဲ့သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ခရီးသည်များမှာ ပွန်းပဲ့ဒဏ်ရာများမှလွဲ၍ ဆိုးရွားသော ဒဏ်ရာများ မရှိဘဲ သေဆုံးခဲ့သူလည်း မရှိခဲ့ချေ။

    ခတ္တာမန်ဒူတွင် မိုးသည်းထန်စွာ ရွာသွန်းမှုမှာ ၂ ရက်တိုင်တိုင် ရှိနေပြီဖြစ်ပြီး တာဝန်ရှိသူများကမူ ရာသီဥတု ဆိုးဝါးမှုနှင့် မြင်နိုင်စွမ်းနည်းမှုတို့က အဆိုပါ မတော်တဆမှု၏ အဓိကအကြောင်းအရင်းဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

    Ref:RT

  • လက်နက်ဖြုတ်ရေး ခေါင်းဆောင်၏ တိုက်တွန်းမှုကို တူရကီကာ့ဒ်လက်နက်ကိုင်အဖွဲ့ ချီးကျူး

    လက်နက်ဖြုတ်ရေး ခေါင်းဆောင်၏ တိုက်တွန်းမှုကို တူရကီကာ့ဒ်လက်နက်ကိုင်အဖွဲ့ ချီးကျူး

    မတ် ၂၊ ၂၀၁၅
    M-Media

    Onder, a lawmaker of the pro-Kurdish HDP party, reads a statement during a meeting with Turkey's Deputy PM Akdogan in Istanbul

    – တူရကီရှိ ကာ့ဒ်လက်နက်ကိုင်များက ထောင်ကျနေသော ၎င်းတို့ခေါင်းဆောင်၏ လက်နက်ဖြုတ်ရေး တိုက်တွန်းမှုကို သမိုင်းဝင်တိုက်တွန်းမှုအဖြစ် ချီးကျူးလိုက်ပြီး တူရကီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သို့ သွားရောက်ရန် ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်ပြုလုပ်သင့်သည်ဟု ပြောကြားခဲ့သည်။

    အစ္စတန်ဘူလ်မြို့အနီးရှိ ကျွန်းတွင် အကျဉ်းကျခံနေရသော ကာ့ဒ်အလုပ်သမားပါတီ PKK ၏ ခေါင်းဆောင်းဖြစ်သူ အဘ်ဒူလာ အိုကာလန်မှာ စနေနေ့က ကာ့ဒ်လက်နက်ကိုင်များအနေဖြင့် လာမည့်လများအတွင်း လက်နက်ဖြုတ်ကြရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

    “စေတနာသန့်သန့်နဲ့ ဒီတိုက်တွန်းမှုဟာ ဒီမိုကရေစီတိုးမြှင့်ဖို့၊ ကာ့ဒ်ပြဿနာနဲ့ တူရကီရဲ့ အခြေခံပြဿနာတွေကို ဖြေရှင်းဖို ထူးခြားတဲ့ အခွင့်အရေးကို ဖော်ပြတာဖြစ်ပါတယ်။ အစိုးရအနေနဲ့ သူ့ရဲ့တာဝန်တွေကို သင့်လျော်တဲ့ပုံစံမျိုးနဲ့ အချိန်မီ ဖြည့်ဆည်းသင့်ပါတယ်” ဟု PKK မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါ လက်နက်ဖြုတ်ရေးတိုက်တွန်းချက်ကို ဥရောပသမဂ္ဂက ချီးကျူးခဲ့ပြီး ထူရကီ၏ ကာလရှည် ကာ့ဒ်သူပုန်ထမှုကို အဆုံးသတ်ရန် ကြိုးစားမှုများ၏ အဓိကခြေလှမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တူရကီသမ္မတ အာဒိုဂန်ကလည်း အိုကာလန်၏ အဆိုပါတိုက်တွန်းမှုကို ကြိုဆိုခဲ့ပြီး ထိုကိစ္စမှာ အရေးပါကြောင်း သို့သော်လည်း ယခင်ကာ့ဒ်လက်နက်ကိုင်များ၏ ထိုသို့ တိုက်တွန်းချက်များမှာ ပျက်ဆီးခဲ့ခြင်းကြောင့် သတိထားရမည်ဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။

    လက်ရှိအာဏာရ AKP ပါတီမှာ ဇွန်လတွင်ကျင်းပမည့် ပါလီမန်ရွေးကောက်ပွဲတွင် တူရကီရှိ ၁၅ သန်းသော ကာ့ဒ်လူနည်းစုများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးစားနေသည်။

    Ref: alarabiya

  • ဆီးရီးယားမှ ဆူလေမန်ရှား ရုပ်ကြွင်းအား တူရကီ ပြန်လည်ယူဆောင်

    ဆီးရီးယားမှ ဆူလေမန်ရှား ရုပ်ကြွင်းအား တူရကီ ပြန်လည်ယူဆောင်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
    M-Media

    tur 1

    – ဆီးရီးယားနိုင်ငံ အဲလစ်ပိုမြို့ရှိ ဆူလေမန်ရှား ဂူဗိမာန်အား စောင့်ရှောက်နေသည့် တူရကီစစ်သည်များကို အောင်မြင်စွာ
    ကယ်တင်နိုင်ခဲ့သည်ဟု တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူက ပြောကြားလိုက်သည်။

    ယမန်နေ့ညက ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး အော်တိုမန်အင်ပါယာကို တည်ထောင်ခဲ့သူ အိုစမန် ၁ ၏ အဘိုး ဆူလေမန်ရှား၏ ရုပ်ကလပ်နှင့် အခြားကြွင်းကျန်ရစ်သည့် ပစ္စည်းများကိုပါ တူရကီသို့ သယ်ဆောင်နိုင်ခဲ့သည်။ စစ်ဆင်ရေးအတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ မတော်တဆမှုကြောင့် စစ်သည်တစ်ဦး သေဆုံးခဲ့သည်ဟု တူရကီစစ်တပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    “ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ တစ်ယောက် ဖိတ်စင်ခဲ့ပြီး တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲ စစ်ဆင်ရေးအစပိုင်းမှာ ဖြစ်ပွားခဲ့တဲ့
    မတော်တဆမှုကြောင့် ဖြစ်ပါတယ်” ဟု မြို့တော်အန်ကာရာတွင် ယနေ့ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်က
    ပြောကြားခဲ့သည်။

    ဆူလေမန်ရှား၏ ရုပ်ကလပ်ကို တူရကီနယ်စပ်အနီး ဆီးရီးယားနိုင်ငံအတွင်း တူရကီစစ်တပ်က ထိန်းချုပ်ထားသည့် ဒေသ၌ နောက်ပိုင်းတွင် ပြန်လည်မြှုပ်နှံသွားမည်ဖြစ်သည်။

    “ဘုရားသခင်အလိုတော်နဲ့ ဒီရုပ်ကလပ်ကို တူရကီမှာ နောက်ထပ်နှစ်ရက်လောက် ခေတ္တခဏ ထိန်းသိမ်းထားမှာဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံတကာဥပဒေအရ ကျွန်တော်တို့ စစ်သားတွေချထားပြီး အန္တရာယ်ကင်းတဲ့ အက်ရှ်မီဒေသကို
    ပို့ဆောင်သွားမှာပါ” ဟု ဒါဗူတော့ဂ်လူက ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါ စစ်ဆင်ရေးတွင် တင့်ကား ၃၉ စီးအပါအ၀င် စစ်ဘက်ယာဉ်ပေါင်း ၁၀၀ ကျော်ပါဝင်ခဲ့ပြီး ဒရုန်းလေယာဉ်များ အကူအညီဖြင့် နယ်စပ်ရှိ ကိုဘိန်းမြို့မှ ဆီးရီးယားသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ကာ စစ်ဆင်ရေးပြီးနောက် ၀င်ရောက်ခဲ့သည့်
    လမ်းအတိုင်းပင် ပြန်လည်ထွက်ခွာခဲ့သည်။

    IS အဖွဲ့ပေါ်လာပြီးနောက် အဆိုပါဆူလေမန်ရှား ဂူဗိမာန်၏ လုံခြုံရေးမှာ စိုးရိမ်စရာဖြစ်လာပြီး ထိုဂူဗိမာန်တွင် ချထားသည့် တူရကီစစ်တပ်များ သုံးရက်အတွင်း ပြန်လည်ရုပ်သိမ်းခြင်းမရှိပါလျှင် မိမိတို့က တိုက်ခိုက်သွားမည်ဟု ၂၀၁၄ ခုနှစ် မတ်လအတွင်း IS က ခြိမ်းခြောက်ခဲ့ဖူးသည်။

    သို့သော်လည်း ထိုဂူဗိမာန်အား တိုက်ခိုက်ခြင်းမှာ တူရကီမြေအား တိုက်ခိုက်ခြင်းဖြစ်ပြီး မိမိတို့ဘက်မှလည်း လက်တုံ့ပြန်ရန် အဆင်သင့်ဟု တူရကီဘက်က ပြန်လည်တုံ့ပြန်ခဲ့သည်။

    Ref: aljazeera

  • Charlie Hebdo ၏ တမန်တော် မိုဟာမက် ကာတွန်း တူရကီတွင် ပိတ်ပင်ပေးရန် Facebook သဘောတူ

    Charlie Hebdo ၏ တမန်တော် မိုဟာမက် ကာတွန်း တူရကီတွင် ပိတ်ပင်ပေးရန် Facebook သဘောတူ

    ဇန်န၀ါရီ ၂၉၊ ၂၀၁၅
    M-Media

    tur

    – ပြင်သစ်မဂ္ဂဇင်း Charlie Hebdo တွင်ဖော်ပြထားသည့် တမန်တော်မိုဟာမက် ကာတွန်းအား တူရကီရှိ Facebook သုံးစွဲသူများအတွက် ပိတ်ပင်ပေးထားရန် Facebook က သဘောတူညီခဲ့သည်ဟု သိရသည်။

    `ဒီကုမ္ပဏီဟာ အမေရိကန် အခြေစိုက်ဖြစ်ပေမယ့် သူ့ကိုအသုံးပြုသူတွေက ကမ္ဘာတစ်ဝှမ်းမှာရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ဒေသတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို လေးစားရပါမယ်။ တိုင်းပြည်ရဲ့ ဥပဒေကို သူတို့ မဖြစ်မနေလိုက်နာရပါမယ်။ အဓိက ကတော့ ပွင့်လင်းမြင်သာမှုပါပဲ´ ဟု ဆာရေး တက္ကသိုလ်မှ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ အလန်ဝုဒ်ဝါ့ဒ်က ပြောကြားခဲ့သည်။

    အဆိုပါကာတွန်းအား မပိတ်ပေးပါက Facebook တစ်ခုလုံးကို ပိတ်ပစ်မည်ဟု တူရကီတရားရုံးက ပြောကြားခဲ့ပြီးနောက်ပိုင်း Facebook မှ ယခုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။ တူရကီတွင် Facebook သုံးစွဲသူအရေအတွက်မှာ သန်း ၄၀ ၀န်းကျင်ရှိမည်ဟု ခန့်မှန်းရပြီး လူငယ်လူဦးရေ မြင့်တက်လာမှုနှင့် စီပွားရေးတိုးတက်လာမှုတို့ကြောင့် ထိုအရေအတွက်မှာ တိုးလာဖွယ်ရှိနေသည်။

    Facebook သုံးစွဲသူများအတွက် ဖော်ပြမှုအချို့ကို ကန့်သတ်ပေးရန် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံများ၏ တောင်းဆိုမှုနှင့်ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကို Facebook က ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်မှုတွင် တူရကီက ပြီးခဲ့သည့်နှစ် ဇန်န၀ါရီမှ ဇွန်လအထိ အကြိမ်ပေါင်း ၁၈၉၃ ကြိမ် ကန့်သတ်ရန် တောင်းဆိုခဲ့သည်ဟု ဖော်ပြထားသည်။ ၂၀၁၄ အစောပိုင်းကလည်း တူရကီမှာ Twitter နှင့် Youtube နှစ်ခုစလုံးကို ခေတ္တ ပိတ်ပင်ခဲ့ဖူးသည်။

    Ref: onislam

  • အစ္စရေး၏ရန်စမှုကြောင့် အစွန်းရောက်အုပ်စုများ ပေါ်ပေါက်လာခြင်းဟု တူရကီဝန်ကြီးချုပ်ပြော

    အစ္စရေး၏ရန်စမှုကြောင့် အစွန်းရောက်အုပ်စုများ ပေါ်ပေါက်လာခြင်းဟု တူရကီဝန်ကြီးချုပ်ပြော

    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media

    Ahmet Davutoglu

    – အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုမှာ အကြမ်းဖက်ဝါဒီဖြစ်ပြီး အစ္စရေး၏ ကျူးကျော်ရန်စမှုများကြောင့် မွတ်စလင်ကမ္ဘာတွင် အစွန်းရောက်ဝါဒ ထွန်းကားသွားခြင်းဖြစ်သည်ဟု တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူက စွပ်စွဲပြောကြားလိုက်သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သော Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းနိုင်ငံ မတည်ထောင်မချင်း အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးနှင့် အစွန်းရောက်အုပ်စုများအား သုတ်သင်ရေးမှာ ယေဘုယျသဘောအရ မဖြစ်နိုင်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    `သူ(နေတန်ယာဟု)ကိုယ်တိုင်နဲ့ သူ့ရဲ့စစ်တပ်ဟာ ကစားနေတဲ့ကလေးတွေကို သတ်ပစ်တာပါ။ ပြီးတော့ ကျွန်တော်တို့နိုင်ငံသားနဲ့ အမေရိကန်နိုင်ငံသားတွေကို နိုင်ငံတကာရေပိုင်နက်မှာ သူတို့ပဲ သတ်ပစ်တာပါ။ ဒါဟာအကြမ်းဖက်မှုပါ။ ဂျေရုစလင်နဲ့ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးကကျူးကျော်သိမ်းပိုက်ထားတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး´ ဟု ပြီးခဲ့သည့်နှစ်က ဂါဇာရှိ သဲသောင်ပြင်ပေါ်၌ ဆော့ကစားနေသော ကလေးများအား အစ္စရေးတိုက်လေယာဉ်များက ဗုံးကြဲသတ်ဖြတ်မှုနှင့် ၂၀၁၀ ခုနှစ်က ပါလက်စတိုင်းသို့ သွားရောက်ခဲ့သည့် တူရကီအကူအညီပေးရေး သင်္ဘောမှ တူရကီနှင့် အမေရိကန်နိုင်ငံသားများကို အစ္စရေး ကွန်မန်ဒိုများက တိုက်ခိုက်သတ်ဖြတ်ခဲ့မှုများကို ရည်ညွှန်း၍ ဒါဗူတော့ဂ်လူက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုကဲ့သို့ ရန်စမှုများက အစွန်းရောက်အဖွဲ့များကို ပေါ်ထွက်လာစေသည်ဟု ၎င်းက ဆိုသည်။

    `ဒီလိုရန်စမှုတွေက မွတ်စလင်ကမ္ဘာကို အနှောက်အယှက်ဖြစ်စေပြီး ဒီအကြောင်းအရင်းကြောင့်ပဲ အစွန်းရောက်အယူအဆတွေ ပေါ်ထွက်လာခဲ့တာပါ။ တကယ်လို့ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေး တည်ဆောက်ချင်တယ်ဆိုရင်၊ အကြမ်းဖက်အဖွဲ့တွေကို သုတ်သင်ပစ်ချင်တယ်ဆိုရင် ပါလက်စတိုင်းပြဿနာကို အရင်ဖြေရှင်းရပါလိမ့်မယ်´

    ဒါဗူတော့ဂ်လူမှာ ကြာသာပတေးနေ့ကလည်း နေတန်ယာဟုမှာ ပဲရစ်တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့သူများနှင့် အတူတူပင်ဖြစ်ပြီး ၎င်းတို့ အုပ်စုနှစ်ခုစလုံးမှာ လူသားထုအပေါ် ရာဇ၀တ်မှု ကျူးလွန်ကြသူများသာ ဖြစ်ကြသည်ဟု ပြောဆိုခဲ့သည်။

    ယမန်နေ့ အင်တာဗျူးတွင် ဒါဗူတော့ဂ်လူက ISIL အဖွဲ့နှင့် ပူးပေါင်းရန် ဆီးရီးယားသို့ နိုင်ငံရပ်ခြားမှ တိုက်ခိုက်ရေးသမားများ ၀င်ရောက်ခြင်းအား တားဆီးရန်အတွက် မိမိတို့နိုင်ငံမှာ လုပ်နိုင်သမျှအားလုံကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် မတည်ငြိမ်မှုများက မိမိတို့နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် တူရကီမှာ ဆီးရီးယားဒုက္ခသည်များကို လက်ခံစောင့်ရှောက်ထားပြီး ထိုဒုက္ခသည်များ ၀င်ရောက်ခြင်းကို မထိခိုက်စေဘဲ နိုင်ငံခြားသားများ ဆီးရီးယားသို့ သွားရောက်ပူးပေါင်းခြင်းကို တားဆီးရန် ဆီးရီးယားနှင့်နီးသည့် နယ်စပ်များအား
    စစ်ဘက်နယ်မြေများအဖြစ် သတ်မှတ်ထားသည်။

    Ref : alarabiya