News @ M-Media

Tag: turkey

  • တူရကီက ဆီးရီးယားဒုက္ခသည် ၂.၂ သန်း လက်ခံထား

    တူရကီက ဆီးရီးယားဒုက္ခသည် ၂.၂ သန်း လက်ခံထား

    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    – ကမ္ဘာပေါ်တွင် ဒုက္ခသည်အများဆုံး လက်ခံထားသည့် နိုင်ငံဖြစ်သော မိမိတို့တူရကီမှာ ဆီးရီးယားပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ရသည့် ဒုက္ခသည် ၂.၂ သန်းကို ကူညီ စောင့်ရှောက်ထားသည်ဟု တူရကီ ဒုတိယ၀န်ကြီးချုပ် နူမန် ကူရ်သူလ်မက်စ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဒုတိယကမ္ဘာစစ်ပြီးနောက် အဆိုးရွားဆုံးဖြစ်လာသည့် ရွှေ့ပြောင်းအခြေချသူနှင့် ဒုက္ခသည်ပြဿနာတွင် တူရကီနိုင်ငံမှာ ရှေ့တန်းမှ ရင်ဆိုင်နေပြီး မိုင်ပေါင်း ၅၆၆ မိုင်ရှိသည့် နယ်စပ်ကို ဆီးရီးယားနှင့် မျှဝေကာ ၅ နှစ်အတွင်းသို့ ၀င်ရောက်လာသည့် စစ်ပွဲကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည်များအတွက် “တံခါးဖွင့်ပေါ်လစီ” ကို ကျင့်သုံးနေသည်။

    ထို့ပြင် ဒုက္ခသည်များ ဖူလှုံရေးအတွက် တူရကီ၏ သုံးစွဲထားသည့် ငွေကြေးပမာဏမှာ ၇.၆ ဘီလီယံ ရှိလာခဲ့ပြီဟု ဒုတိယ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

    ယခုနောက်ပိုင်းတွင် ဒုက္ခသည်များမှာ ဥရောပသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာခဲ့ကြပြီး ဆီးရီးယားနှင့် အခြားပြောင်းရွှေ့အခြေချသူ စံချိန်တင်အရေအတွက် ၃ သိန်းခန့်မှာ တူရကီမှ ဂရိနိုင်ငံသို့ ရောက်ရှိနေသည်ဟု နိုင်ငံတကာ ပြောင်းရွှေ့အခြေချသူများ အဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။

    Ref: huffingtonpost

  • သားနှစ်ဦးဆုံးရှုံးရခြင်းက ဒုက္ခသည်များ အသက်စတေးရမှုတွင် နောက်ဆုံးဖြစ်စေချင်သည်ဟု ဆီးရီးယား ဖခင်ပြော

    သားနှစ်ဦးဆုံးရှုံးရခြင်းက ဒုက္ခသည်များ အသက်စတေးရမှုတွင် နောက်ဆုံးဖြစ်စေချင်သည်ဟု ဆီးရီးယား ဖခင်ပြော

    စက်တင်ဘာ ၄၊ ၂၀၁၅
    M-Media

    syria
    ရေနစ်သေဆုံးသွားသည့် ညီအကိုနှစ်ဦးနှင့် ဖခင် ကာဒီ

    – မိမိ၏ သားငယ်များ သေဆုံးမှုက ဒုက္ခသည်များ အသက်စတေးရမှုမှ အနောက်ဆုံးအဖြစ်အပျက် ဖြစ်စေချင်ပြီး ထိုအဖြစ်အပျက်ကိုကြည့်ကာ ထိုကဲ့သို့ဖြစ်ရပ်များ နောက်ထပ်ဖြစ်ခြင်းမှ တားဆီးရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက အာရုံစိုက်စေချင်သည်ဟု တူရကီကမ်းခြေတွင် သေဆုံးလျက် လာတင်နေသော ဆီးရီးယားကလေးငယ်၏ ဖခင်ဖြစ်သူက ပြောကြားလိုက်သည်။

    အဘ်ဒူလာ ကာဒီဆိုသူဖြစ်ပြီး သားနှစ်ဦးဖြစ်သော အသက် ၃ နှစ်အရွယ်နှင့် ၅ နှစ်အရွယ် အေလန်နှင့် ဂါလစ်ပ်တို့ အလောင်းများရှိရာ ရေခဲတိုက်သို့ လာရောက်စဉ် ယမန်နေ့က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    “ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုကို ကျွန်တော်တို့ လိုချင်ပါတယ်။ ဒါမှသာ သူတို့ဟာ အခြားလူတွေကို ဒီလိုဖြစ်ခြင်းကနေ တားဆီးနိုင်မှာပါ။ ဒါက နောက်ဆုံးပဲ ဖြစ်ပါစေဗျာ” ဟု ကာဒီက ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ကာဒီမှာ ၎င်းတို့၏ မိသားစုအား ဂရိသို့ခေါ်ယူရန်အတွက် လူကုန်ကူးသူများကို ငွေကြေး ၂ ဆ ပေးခဲ့ရသည်ဟု ဖော်ပြထားသည်။ ၎င်းတို့နှင့် အခြားဒုက္ခသည်များအား တင်ဆောင်လာသည့် စက်လှေမှာ တူရကီမှ ဂရိသို့သွားစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ကာဒီမှာ သားနှစ်ဦးကို ဆုံးရုံးခဲ့ရသည်။

    သားနှစ်ဦး၏ ရုပ်အလောင်းများကို တိုက်ခိုက်မှုများဖြစ်ပွားရာ ၎င်းတို့၏ဇာတိ ကိုဘိန်းမြို့၌ မြှုပ်နှံရန် ကာဒီက စီစဉ်နေသည်။

    တူရကီ၏ ကျော်ကြားသည့် ကမ်းခြေတစ်ခုတွင် အေလန်၏ ရုပ်အလောင်း တင်ကျန်ရစ်သည့် ဓာတ်ပုံမှာ ဆိုရှယ်မီဒီယာများတွင် အလျင်အမြန် ပြန့်နှံ့သွားပြီး ဒုက္ခသည်များအား ပိုမိုကူညီရန်အတွက် ဥရောပခေါင်းဆောင်များအပေါ် ဖိအားများ မြင့်တက်လာခဲ့သည်။ အေလန်၏အစ်ကို အသက် ၅ နှစ်အရွယ် ဂါလစ်ပ်၏ ရုပ်အလောင်းကိုမူ အဆိုပါကမ်းခြေ၏ အခြားတစ်ဖက်တွင် တွေ့ရှိခဲ့ရသည်။

    Ref: Aljazeera

  • တူရကီတွင် ဇိမ်ခံသင်္ဘောဖြင့် ဟာလာလ်ခရီးသွားလုပ်ငန်း စတင်မည်

    တူရကီတွင် ဇိမ်ခံသင်္ဘောဖြင့် ဟာလာလ်ခရီးသွားလုပ်ငန်း စတင်မည်

    သြဂုတ် ၇၊ ၂၀၁၅
    M-Media

    hala

    – မြင့်တက်လာသော ကမ္ဘာ့ဟာလာလ်ဈေးကွက်အတွင်း ၀င်ရောက်ရန် ရည်ရွယ်၍ တူရကီမှာ နိုင်ငံအတွင်း ဘာသာရေးလိုက်စားသူ ခရီးသွားများအတွက် လာမည့်လတွင် ဇိမ်ခံသင်္ဘောဖြင့် ဟာလာလ် ကမ္ဘာလှည့်ခရီးစဉ် စတင်မည်ဟု သိရသည်။

    “ဒီသင်္ဘောဟာ အရက်၊ ၀က်သားနဲ့ဆက်စပ်တဲ့ ကုန်ပစ္စည်းတွေ မပါတဲ့ သင်္ဘောတစ်ခုသာ မဟုတ်ပါဘူး။ လူမှုဆက်ဆံရေး ၀န်းကျင်ပါရှိဖို့ ကတိပြုထားပြီး ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ လေ့လာမှုခရီးလည်းဖြစ်မှာပါ” ဟု Fusion Tour ခရီးသွားလုပ်ငန်းမှ အထွေထွေမန်နေဂျာ ကမာလ် ဂူနေးက Anadolu Agency သို့ သြဂုတ်လ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

    နိုင်ငံ၏ ပထမဆုံး ဟာလာဟ် ကမ္ဘာလှည့်သင်္ဘောခရီးစဉ်ကို အန်တဲလ်ယာအခြေစိုက် Fusion Tour ကုမ္ပဏီက အင်္ဂါနေ့တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ဘီလီယံ ၁၄၅ သန်း တန်ဖိုးရှိသည့် ကမ္ဘာ့ ဟာလာလ် ခရီးသွားလုပ်ငန်းအတွင်းသို့ ၀င်ရောက်ရန် ရည်ရွယ်သော ချဉ်းကပ်မှုအသစ်လည်း ဖြစ်သည်။

    ၎င်းတို့၏ ခရီးစဉ်ကို On the track of the Ottomans ဟု အမည်ပေးထားပြီး ပထမဆုံးခရီးစဉ်အဖြစ် ဂရိနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ သင်္ဘောပေါ်တွင် အရက်နှင့် လောင်းကစားများ လုံးဝ ပါဝင်မည်မဟုတ်ချေ။

    အစ္စလာမ့်သွန်သင်ချက်များနှင့် ကိုက်ညီအောင် စီစဉ်ထားသည့် အဆိုပါဇိမ်ခံသင်္ဘောတွင် အမျိုးသား၊ အမျိုးသမီး သီးခြားစီအသုံးပြုနိုင်သော အားကစားခန်းမများ၊ Spa များ၊ တူရကီရေချိုးခန်းနှင့် ၀တ်ပြုရန် အခန်းများ ပါဝင်မည်ဖြစ်သည်။

    “အစ္စလာမ့်ရဲ့ တန်ဖိုးတွေနဲ့ဆန့်ကျင်တဲ့အတွက် နံရံတွေမှာတောင် ကျွန်တော်တို့ ပုံတွေ၊ ပန်းချီကားတွေ မပါပါဘူး။ ဒီခရီးစဉ်ကို ကြေညာတာ မကြာသေးပေမယ့် ဒီကဏ္ဍအတွက် တောင်းဆိုမှု အများကြီးရှိတာကြောင့် စိတ်ဝင်စားမှုတွေကတော့ အခုအချိန်မှာ မြင့်တက်လာခဲ့ပါတယ်” ဟု ခရီးစဉ်၏ ပရောဂျက်မန်နေဂျာဖြစ်သော အေဒီနာ့လ်ပ်က ပြောကြားခဲ့ပြီး ထိုခရီးစဉ်ကို စီစဉ်သူများမှာ အရာအားလုံးကို စဉ်းစားထားပြီးဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ ဟာလာလ်သင်္ဘောခရီးစဉ်မှာ စက်တက်ဘာ ၂၇ ရက်နေ့တွင် တူရကီနိုင်ငံ အစ်ဇ်မီရ်မြို့မှ ထွက်ခွာမည်ဖြစ်ပြီး ဂရိကျွန်းများဖြစ်ကြသော ရိုဒက်စ်နှင့် ခရီတီကျွန်းများရှိ ဆိပ်ကမ်းမြို့ ပီရေအက်စ်သို့ အောက်တိုဘာ ၂ ရက်နေ့တွင် ရောက်ရှိရန် ခန့်မှန်းထားသည်။

    မြို့တော်အစ္စတန်ဘူလ်တွင် ဒုတိယအကြိမ်မြောက် ဥရောပနှင့်နိုင်ငံတကာ ဟာလာလ်ခရီးသွားလုပ်ငန်း ညီလာခံ HTC2015 ကို လာမည့် ဒီဇင်ဘာတွင် ကျင်းပရန် စီစဉ်ထားပြီး ၃ ရက်တာကြာမြင့်မည့် အဆိုပါ ညီလာခံကို နိုင်ငံပေါင်း ၅၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားသည်။

    တူရကီမှာ မလေးရှားပြီးလျှင် မွတ်စလင်ခရီးသွားများ အများဆုံးလာရောက်သည့် နိုင်ငံဖြစ်သည်ဟု လေ့လာမှုများအရ သိရပြီး ယူအေအီ၊ ဆော်ဒီနှင့် ကာတာတို့က တူရကီနောက်တွင် အသီးသီး ရှိနေကြသည်။

    စောင့်နေကြ

    ထိုခရီးစဉ်အတွက် ဘွတ်ကင်လုပ်ခဲ့ကြသည့် ခရီးသွားများကမူ ၎င်းတို့မှာ ထိုကဲ့သို့ ခရီးစဉ်မျိုးကို စောင့်ခဲ့ရသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ပါဝင်ခွင့်ရသည့်အတွက်လည်း ပျော်ရွှင်မိသည်ဟု ဆိုသည်။

    “ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို သက်တောင့်သက်သာဖြစ်စေမယ့် အခြေအနေမျိုး ရရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဟာလာလ် အစားအသောက်တွေကို ရနိုင်ဖို့၊ အစ္စလာမ့်အကြောင်းအရာတွေ မျှဝေကြသူတွေနဲ့ အတူတကွရှိဖို့၊ အရက်နဲ့ ဝေးဖို့အတွက် ဒီလိုသင်္ဘောမျိုးဟာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်” ဟု အသက် ၄၆ နှစ်အရွယ် ဘဏ်လုပ်ငန်းရှင် ဟာမစ်ကူတက်က ပြောကြားခဲ့သည်။ ၎င်းမှာ ထိုခရီးစဉ်အတွင်း လိုက်ပါရန် စာရင်းပေးထားသူတစ်ဦးလည်း ဖြစ်သည်။

    ခင်ပွန်းဖြစ်သူနှင့်အတူ ခရီးသွားမည့် အသက် ၂၈ နှစ်အရွယ် ဆီရက်ပ် အက္ကာလီကလည်း ထိုကဲ့သို့ပင် ပြောကြားခဲ့သည်။

    “တူရကီမှာ ဒီလိုသင်္ဘောမျိုး နှစ်ပေါင်းများစွာကတည်းက တော်တော်လေး လိုအပ်ခဲ့တာပါ”

    အဆိုပါခရီးစဉ်တွင် ထင်ရှားသည့် တူရကီသမိုင်းပညာရှင်များဖြစ်ကြသော တာလ်ဟာ အူဂါလွာနှင့် စာရေးဆရာ ဖာသီဟ် စစ်လက်တို့ ဟောပြောမည်ဖြစ်ပြီး လိုက်ပါသူများမှာ အော်တိုမန် အမွေအနှစ်များအကြောင်းကို သိရှိခွင့်ရမည်ဖြစ်သည်။

    ထို့ပြင် ဆူဖီများ၏ ဟောပြောမှုများလည်း ပါဝင်မည်ဖြစ်ပြီး၊ ဓာတ်ပုံပြပွဲ၊ တူရကီဂန္တ၀င် ဂီတနှင့် ပတီးသီကုံးသည့် ပညာရှင်များ၏ တင်ဆက်ပြသမှုများလည်း ပါဝင်မည်ဖြစ်သည်။

    မွတ်စလင်ခရီသွားဈေးကွက်မှာ ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ ၁၃ ရာခိုင်နှုန်းရှိပြီး ၂၀၁၄ ခုနှစ် လေ့လာမှုများအရ ကန်ဒေါ်လာ ၁၄၅ ဘီလီယံတန်ဖိုးရှိကာ ၂၀၂၀ ခုနှစ်တွင် ကန်ဒေါ်လာ ဘီလီယံ ၂၀၀ အထိ တက်လာမည်ဟု ခန့်မှန်းရသည်။

    Ref: Onislam

  • ပျော်ရွှင်စရာ မင်္ဂလာဦးမှာ ဆီးရီးယားဒုက္ခသည်တွေကို မေ့မထားတဲ့ တူရကီဇနီးမောင်နှံ

    ပျော်ရွှင်စရာ မင်္ဂလာဦးမှာ ဆီးရီးယားဒုက္ခသည်တွေကို မေ့မထားတဲ့ တူရကီဇနီးမောင်နှံ

    သြဂုတ် ၅၊ ၂၀၁၅
    M-Media

    trukey

    – တူရကီနိုင်ငံရှိ မင်္ဂလာမောင်နှံနှစ်ဦးမှာ ၎င်းတို့၏ မင်္ဂလာပွဲ ဧည့်ခံကျွေးမွေးမှုကို ပုံမှန်အတိုင်း အိမ်၊ သို့မဟုတ် ခန်းမများတွင် မလုပ်ဆောင်ခဲ့ဘဲ ဆီးရီးယားဒုက္ခသည်များနေထိုင်သော ဒုက္ခသည်စခန်းများတွင် ပြုလုပ်ကာ ကုသိုလ်ယူခဲ့သည်ဟု သိရသည်။

    သတို့သား အလီ အူဇမ်ကူဂလူနှင့် ၎င်း၏ ဇနီးတို့မှာ ဆီးရီးယားဒုက္ခသည် ၄၀၀၀ ကျော်အား အစားအသောက်များ ဝေငှခဲ့ကြခြင်းဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ ဆီးရီးယားနိုင်ငံသား ညီအစ်ကိုမောင်နှမတွေကို မင်္ဂလာညစာ ကျွေးမွေးခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အခါသမယကို ဖော်ပြချင်ပါတယ်။ ဒါက ကျွန်တော်တို့ ထင်တားတာထက်ပိုပြီး လှပပါတယ်။ အခြားသော မင်္ဂလာညစာတွေကိုလည်း ဆီးရီးယားက ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေနဲ့အတူ ကျင်းပဖို့အတွက် ဒါဟာ အစပျိုးမှု ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီမင်္ဂလာညစာကတော့ ထူးခြားပါတယ်” ဟု သတို့သား အလီက ပြောကြားခဲ့သည်။

    ၎င်းတို့ ဇနီးမောင်နှံမှာ တူရကီအခြေစိုက်ပြီး အကျိုးအမြတ်မယူသည့် နိုင်ငံတကာအကူအညီပေးရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဖြစ်သော Kimse Yok Mu အဖွဲ့မှ ထရပ်ကားများကို အသုံးပြုကာ အစားအသောက်များကို ပေးပို့ခဲ့ကြသည်။

    ဒုက္ခသည်စခန်းသို့ ရောက်ရှိလာကြသည့် ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးနှင့်အတူ ဒုက္ခသည်များက ဓာတ်ပုံရိုက်ခဲ့ကြပြီး အဆိုပါ မင်္ဂလာအခမ်းအနားသို့ ထင်ရှားသည့် အနုပညာရှင် ရာရှစ် မွခ်တာရ်လည်း တက်ရောက်ခဲ့သည်။

    ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ခဲ့သည့် ဆီးရီးယား ပဋိပက္ခကြောင့် ယခုအချိန်အထိ လူပေါင်း ၂၁၁၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ကုလ၏ ထုတ်ပြန်ချက်များအရ သိရသည်။

    လက်ဘနွန်၊ တူရကီ၊ ဂျော်ဒန်နှင့် အီရတ်နိုင်ငံများမှာ ပဋိပက္ခ စတင်ကတည်းက ဆီးရီးယားဒုက္ခသည် ၃ သန်းကျော်ကို လက်ခံထားရပြီး အဆိုပါဒုက္ခသည်ပြဿနာမှာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အဆိုးဝါးဆုံးလည်း ဖြစ်သည်။

    ဆီးရီးယားနိုင်ငံအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ကလေးငယ်များ အရေအတွက်မှာ လွန်ခဲ့သည့် တစ်နှစ်က ၉၂၀၀၀၀ ရှိရာမှ ယခုအချိန်အတွင် ၃ သန်းနီးပါး ရှိလာခဲ့သည်။ ယူနီဆက်ဖ်ကမူ ဒုက္ခသည်ဖြစ်သော ကလေးငယ်အရေအတွက်မှာ မနှစ်က ၂၆၀၀၀၀ ရှိရာမှာ ယခုအချိန်တွင် ၁.၂ သန်းရှိလာခဲ့ပြီး ၎င်းတို့ထဲမှ ၄၂၅၀၀၀ မှာ ၅ နှစ်အောက်ကလေးများ ဖြစ်သည်ဟုဆိုသည်။

    Ref: Onislam

  • ဆီးရီးယားရှိ ဒေသအချို့တွင် အန္တရာယ်ကင်းဇုန်အဖြစ် တူရကီကြေညာ

    ဆီးရီးယားရှိ ဒေသအချို့တွင် အန္တရာယ်ကင်းဇုန်အဖြစ် တူရကီကြေညာ

    ဇူလိုင် ၂၅၊ ၂၀၁၅
    M-Media

    try

    – ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ဒေသများတွင် IS အဖွဲ့နှင့်ပတ်သက်သည့် တိုက်ခိုက်ရေးသမားများ မရှိတော့ဘဲ လုံခြုံသည့်နေရာများ ဖြစ်သွားပြီဟု တူရကီက ကြေညာလိုက်သည်။

    ယနေ့တွင် တူရကီနိုင်ငံခြားရေးဝန်ကြီးဖြစ်သော မဗ်လက်တ် ကာဗူဆိုဂလူက ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားရှိ IS ၏ နေရာများနှင့် အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်တိုက်ခိုက်ရေးသမားများကို တူရီက ဗုံးကြဲပြီး နာရီအနည်းငယ်အကြာတွင် အဆိုပါသတင်း ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    “ဆီးရီးယားနိုင်ငံမြောက်ပိုင်း ဒေသတွေဟာ IS ရဲ့ ခြိမ်းခြောက်မှုကနေ ကင်းလွတ်သွားတဲ့အခါ အန္တရာယ်ကင်းတဲ့ဇုန်တွေ အလိုလိုဖြစ်လာမှာပါ။ ကျွန်တော်တို့ဟာ ဆီးရီးယားမှာ အန္တရာယ်ကင်းတဲ့ဇုန်တွေနဲ့ လေယာဉ်မပျံသန်းရတဲ့ဇုန်တွေကို အမြဲတမ်း ကာကွယ်ခဲ့ပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူတွေဟာ အဲဒီ အန္တရာယ်ကင်းဇုန်တွေမှာ သွားနေနိုင်ပါတယ်” ဟု
    သတင်းစာရှင်းလင်းပွဲတွင် ကာဗူဆိုဂလူက ပြောကြားခဲ့သည်။

    တူရကီမှာ ဆီးရီးယားနိုင်ငံအတွင်း ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားသော ကိုဘိန်းမြို့ ဆင်ခြေဖုံးဒေသများမှ အနောက်လိုလားသည့် သူပုန်များ ထိန်းချုပ်ထားသော ဒေသများအထိ ၃၃ ကီလိုမီတာကျယ်ဝန်းသော အန္တရာယ်ကင်းဇုန်ကို သတ်မှတ်ရန် စဉ်းစားနေသည်ဟု
    တူရကီမီဒီယာများက စောစောပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည်။

    ထိုကဲ့သို့ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်မှာ IS အား ဆန့်ကျင်တိုက်ခိုက်နေသော သူပုန်များနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ နယ်စပ်ဒေသများအား ကာ့ဒ်တိုက်ခိုက်ရေးသမားများ သိမ်းပိုက်ခြင်းမှ တားဆီးရန်လည်းဖြစ်သည်။

    Ref: Aljazeera