News @ M-Media

Tag: turkey

  • ပြင်သစ်ချီတက်ပွဲ နေတန်ယာဟုတက်ရောက်မှု တူရကီသမ္မတ ဝေဖန်

    ပြင်သစ်ချီတက်ပွဲ နေတန်ယာဟုတက်ရောက်မှု တူရကီသမ္မတ ဝေဖန်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media

    adg

    – ပါက်လက်စတိုင်းပြည်သူ ၂၀၀၀ ကျော် သေဆုံးခဲ့သည့် ဂါဇာအား ကျူးကျော် စစ်ပွဲကို ပြုလုပ်ခဲ့သော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပြင်သစ်ရှိ ချီတက်ပွဲကို တက်ရောက်ခဲ့ခြင်းအတွက် တူရကီသမ္မတ အာဒိုဂန်က ရှုတ်ချလိုက်သည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နှင့် အန်ကာရာတွင် ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာဒိုဂန်က ထိုကဲ့သို့ ရှုတ်ချခဲ့ခြင်းဖြစ်ပြီး နေတန်ယာဟုအနေဖြင့် ထိုပွဲသို့ တက်ရောက်ရဲသည်ကို နားမလည်နိုင်ဖြစ်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ဂါဇာတွင် သေဆုံးခဲ့ရသည့် ကလေးငယ်များနှင့် အမျိုးသမီးများအတွက် တာဝန်ယူရန်လည်း နေတန်ယာဟုကို တိုက်တွန်းခဲ့သည်။

    တနင်္ဂနွေနေ့က ပဲရစ်၌ ပြုလုပ်ခဲ့သော အကြမ်းဖက်ဆန့်ကျင်ရေး ချီတက်ပွဲသို့ အာဒိုဂန်အပါအ၀င် အဘတ်စ်လည်း တက်ရောက်ခဲ့သည်။ သို့သော်လည်း အာဒိုဂန်ကမူ နေတန်ယာဟုမှာ ထိုချီတက်ပွဲသို့ တက်ရောက်ခွင့်မရှိဟု ဆိုသည်။

    `ဂါဇာမှာ လူ ၂၅၀၀ လောက်ကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ အကြမ်းဖက်တိုင်းပြည်က လူတစ်ယောက် လက်ဝှေ့ယမ်းပြနေတာ ဘယ်လိုကြည့်လို့ရမလဲ´ ဟု အာဒိုဂန်က ဝေဖန်ပြောကြားခဲ့သည်။

    အာဒိုဂန်မှာ အစ္စရေးနှင့်ပတ်သက်၍ မကြာခဏ ဝေဖန်ပြောကြားမှုများရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း အစ္စရေး၏ ရက်စက် ကြမ်းကြုတ်မှုများမှာ ဟစ်တလာ၏ ရက်စက်ကြမ်းကြုတ်မှုများထက်ကို သာလွန်နေပြီဟု ပြောကြားခဲ့သည်။

    `အစ္စရေးရဲ့ ဥပဒေပလုပ်ရပ်တွေကို တူရကီနိုင်ငံက ဆက်လက်တွန်းလှန်သွားမှာ ပါ´ ဟု အာဒိုဂန်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဥရောပအတွင်း ပြန့်နှံ့နေသည့် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ရှုတ်ချရန် ပျက်ကွက်နေကြသည့် ဥရောပ ခေါင်းဆောင်များမှာ ပဲရစ်တိုက်ခိုက်မှု တွင်မှ သူတော်ကောင်းယောင် ဆောင်ပြနေသည်ဟု အာဒိုဂန်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref : alarabiya

  • ခြစားမှု အရှိန်မြင့်တက်လာနေသော တူရကီနိုင်ငံ၏ ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်နိုင်ချေ အလားအလာ

    ခြစားမှု အရှိန်မြင့်တက်လာနေသော တူရကီနိုင်ငံ၏ ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်နိုင်ချေ အလားအလာ

    ဒီဇင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    ကျော်မိုးသိန်း တင်ဆက်သည်။
    BBC_News_-_Turkey_arrests_Raids_target_Gulen-linked_critics_of_Erdogan_-_2014-12-30_23.50.14
    နိုင်ငံတစ်နိုင်ငံရဲ့တိုးတက်မှုဆိုတာ အဲ့ဒီနိုင်ငံရဲ့ ပညာရေး၊ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး တည်ငြိမ်မှုနဲ့ မျှတမှု ရှိမရှိအပေါ် မူတည်နေပါတယ်။ အဂတိလိုက်စားမှု၊ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်လိုမှု၊ လူမျိုးနဲ့ဘာသာသာသနာအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံခြင်းတွေက နိုင်ငံ့တိုးတက်မှုကို နှောင့်နှေးစေရုံမက နိုင်ငံ့ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေပါတယ်။ ဘာသာသာသနာအားလုံးက မကောင်းမှု၊ အဂတိလိုက်စားမှု၊ ခွဲခြားဆက်ဆံမှု၊ မတော်မတရားလုပ်မှုတို့ကို တားမြစ်ရှုတ်ချထားပါတယ်။ သို့သော် တချို့နိုင်ငံများမှာ နိုင်ငံရေးသမားအချို့က နိုင်ငံရေး အမြတ်ထုတ်လိုမှုအတွက် ဘာသာရေးကို အသုံးချခြင်းကြောင့် မလိုလားအပ်တဲ့ သွေးချောင်းစီးမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

    အမေရိကန်အခြေစိုက် ထင်ရှားတဲ့ စွန္နီပညာရှင် မွတ်စလင် ဘာသာရေးခေါင်းဆောင် ဖသ်ဟုလ္လာဟ် ဂူလန်း ဟာ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ အတူ ယှဉ်တွဲနေထိုင်ရေးအတွက် ဦးစားပေးဟောပြောခြင်းအပြင် အကြမ်းဖက်မှု ဟူသမျှကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ လူကောင်းလူတော်တွေ အများအပြား မွေးထုတ်ပေးနိုင်မှ ကမ္ဘာကြီးငြိမ်းချမ်းသာယာမယ်လို့ ယုံကြည်တာကြောင့် ဒီလိုအပ်ချက်ကို ဖြည်းဆည်းနိုင်အောင်  ကမ္ဘာ့နေရာအနှံ့မှာ  ကျောင်းများဖွင့်လှစ်ဖို့၊ Hizmet ခေါ် လူသားအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

    တူရကီနိုင်ငံမှာ ယမန်နှစ် ဒီဇင်ဘာလ ၁၇ နဲ့ ၂၅ ရက်နေ့မှာ ဧရာမ အကျင့်ပျက်ခြစားမှု ထင်ရှားစွာဖြစ်ပေါ်နေတာကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှု တစ်ခု ပြုလုပ်ခဲ့တယ်။ အဂတိ တိုက်ဖျက်မှုဆိုင်ရာ ပထမဦးဆုံးနှစ်ပတ်လည်နေ့  အထိမ်းအမှတ်ကျင်းပရာမှာ  တူရကီ အစိုးရက ပြည်သူတွေကို အာရုံပြောင်းစေတဲ့ အနေနဲ့ မီဒီယာအပေါ် ကန့်သတ်ချက်များ တိုးမြှင့်လိုက်တဲ့အတွက် တိုင်းပြည်ရဲ့ပုံရိပ် ဆိုးရွားလာခဲ့တယ်။  အထူးသဖြင့်  လွတ်လပ်ပွင့်လင်းတဲ့ စုံစမ်းစစ်ဆေးမှု မလုပ်ဆောင်တာကြောင့် အနောက်နိုင်ငံများက တူရကီအပေါ် အမြင်မကြည်လင်ခဲ့ကြဘူး။ ဒီဇင်ဘာလအတွင်း Transparency International (TI) ကထုတ်ပြန်တဲ့ ကြေညာချက်မှာ တူရကီနိုင်ငံက တရုတ်၊ မာလာဝီ၊ ရဝမ်ဒါ တို့ထက် အဂတိလိုက်စားမှု များပြားတဲ့နိုင်ငံ ဖြစ်နေကြောင်း ဖော်ပြပါရှိပါတယ်။

    အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေး အတွက် ကော်မရှင်ဖွဲ့နိုင်အောင် လွှတ်တော်မှာ လပေါင်းများစွာ ဆွေးနွေး ခဲ့ရတယ်၊ နောက်ဆုံး ဖွဲ့စည်းပြီးတဲ့အခါ အစိုးရက  အကြောင်းပြချက်တွေပေးပြီး မီဒီယာအပေါ်ကန့်သတ်ပိတ်ပင်မှုလုပ်ဖို့ ကော်မရှင်ကို အဆိုပြုတယ်။ “အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်ပြီး မီဒီယာရဲ့လုပ်ရပ်တွေကို ပိတ်ပင်လိုက်ခြင်းဟာ  တိုးတက်မှုကို နောက်ပြန် ဆုတ်စေခြင်းသာ ဖြစ်တယ်”လို့ ဥရောပနဲ့တောင်အာရှဆိုင်ရာ ညှိနှိုင်းရေးတာဝန်ခံ အေဘလ်က ပြောပါတယ်။

    မိမိအစိုးရကို ဖြုတ်ချဖို့ကြိုးစားနေတယ်လို့စွပ်စွဲပြီး သမ္မတအာဒိုဂန်က မွတ်စလင်ဘာသာရေးခေါင်းဆောင် ဖသ်ဟုလ္လာဟ် ဂူလန်းရဲ့သြဇာကို ရိုက်ချိုးဖို့၊ သူ့နောက်လိုက်များကို သုတ်သင် ရှင်းလင်းနိုင်ဖို့ လှုပ်ရှားမှု အသစ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် တနင်္ဂနွေနံနက်ပိုင်းမှာ အနည်းဆုံး ရဲအရာရှိ ၂၄ ဦး၊  သတင်းထောက်များနဲ့ မီဒီယာ ၀န်ထမ်းများစွာကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်။

    နောက်ထပ်လူ ၈ ဦး ကိုလည်း မသင်္ကာသူ စာရင်းသွင်းပြီး  အထောက်အထား လီဆည်မှု၊ တရားမဝင် စည်းရုံးမှု၊ နိုင်ငံ့အာဏာပိုင်များကို အဓမ္မ၀ါဒီအဖြစ် ကြွေးကြော်မှု စသဖြင့် အမျိုးမျိုး စွပ်စွဲလို့ ဖိအားပေး၊ ခြိမ်းခြောက်ချုပ်ခြယ်ခဲ့ကြောင်း semiofficial စာနယ်ဇင်းအေဂျင်စီမှ အာနဒိုလု Anadolu က သတင်းပို့ခဲ့တယ်။

    ဘာသာရေးခေါင်းဆောင် ဂူလန်းရဲ့အဖွဲ့ဝင်များဟာ ဂူလန်းရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ စင်ပြိုင်အစိုးရဖွဲ့ခြင်း၊ မိမိကို ရာထူးမှ ဖြုတ်ပစ် ရန်ကြံစည်ခြင်းတို့ကို လုပ်နေကြောင်း မစ္စတာအာဒိုဂန် က စွပ်စွဲပြောဆိုခဲ့တယ်။

    သတင်းမီဒီယာအချို့ကိုလည်း အစွန်းရောက် အစ္စလာမ်ဝါဒီအုပ်စုလို့ စွပ်စွဲပြီး၊ ၂၀ဝ၉ စုံစမ်းရေးကော်မရှင် လုပ်ငန်းအောင်မြင်ရေးအတွက် အထောက်အထား အတုများ ဖန်တီးမှုနဲ့ တရားစွဲဆိုခဲ့ကြောင်း အစီရင်ခံစာက ဆိုပါတယ်။

    ဖသ်ဟုလ္လာဟ်ဂူလန်းက မိမိကိုယ်မိမိ ပြည်နှင်ဒဏ်ပေးပြီး အမေရိကန်နိုင်ငံ၊ ပဲန်စီဗေးနီးယား Pennsylvania မှာ သွားရောက် အခြေချခဲ့တယ်။ သူ့ကို ယုံကြည် အားကိုးတဲ့ ရဲအရာရှိတွေ၊ တရားသူကြီးတွေနဲ့ နောက်လိုက်တွေ တူရကီနိုင်ငံအတွင်း အမြောက်အများ  ရှိနေတယ်။

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရုပ်မြင်သံကြားပြပွဲ စီစဉ်သူ ဒါရိုက်တာကို တူရကီနိုင်ငံ အနောက်မြောက်ပိုင်း Eskisehir မြို့မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်။ ပြီးနောက် အရှေ့ပိုင်းပြည်နယ်ထဲမှာ ဇာတ်ညွှန်းရေးဆရာနဲ့ အခြားလူ ၃ ဦးကို  ဖမ်းဆီးပြီး ဗင်ကားနဲ့ ခေါ်ဆောင် သွားကြတယ်။ သူတို့ဟာ Samanyolu အသံလွှင့်ဌာနအတွက် အလုပ်လုပ်သူများ ဖြစ်ပြီး မစ္စတာဂူလန်းနဲ့ ဆက်နွှယ်နေတယ်လို့ အာနဒိုလု က ပြောပါတယ်။

    အီစတန်ဘူလ် လုံခြုံရေးအရာရှိတွေက မစ္စတာဂူလမ်းကို ထောက်ခံတဲ့ ဇမာန် သတင်းစာတိုက်သွားပြီး အယ်ဒီတာချုပ်ကို ဖမ်းဆီးဖို့ကြိုးစား ခဲ့တယ်။  ဖမ်းဝရမ်းအပေါ် လက်မှတ် မပါတာကို ရှေ့နေများကထောက်ပြတော့ ရဲတွေပြန်သွားကြတယ်။.

    ရုပ်မြင်သံကြားအစီရင်ခံချက်အရ ရဲတပ်သား အပြည့်တင်ဆောင်လာတဲ့ကားများဟာ သတင်းစာတိုက်အဆောက်အဦထဲ စီးနင်း ဝင်ရောက်လာပါတယ်။ ဝန်ထမ်းများက စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထောက်ခံသောအားဖြင့် “လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို  နှုတ်ပိတ်နိုင်မည် မဟုတ်”ဆိုတဲ့  နဖူးစည်းစာတမ်းတွေကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြကြတယ်။ သတင်းစာတိုက်အပြင်ဖက်မှာ ဆန္ဒပြကြသူပေါင်း တစ်ထောင်ကျော် ရှိခဲ့တယ်။ လူတွေပြည့်ကြပ်လာတဲ့အချိန်မှာ သတင်းစာတိုက်ထဲ ရဲတွေက ရောက်နှင့်ပြီးဖြစ်တယ်။

    Samanyolu အသံလွှင့်ဌာနရဲ့ဥက္ကဌ  ဟီဒါယတ်ကို အီစတန်ဘူလ ရဲတပ်ဖွဲ့ဌာနချုပ်ဆီ ဆင့်ခေါ်၍ မီဒီယာအဖွဲ့အစည်းနဲ့ မစ္စတာဂိုလမ်း တို့ဟာ  မစ္စတာအာဒိုဂန်ရဲ့ “အစ္စလာမ့်တရားမျှတမှုနဲ့ဖွံ့ဖြိုးရေးပါတီ”ကို ဖြုတ်ချဖို့ကြံစည်နေကြတယ်ဆိုပြီး စွပ်စွဲခဲ့တယ်။ မကြာခင် ဟီဒါယတ် ကိုလည်း ဖမ်းဆီးချုပ်နှောင်လိုက်ပါတယ်။

    အဲ့ဒီအခါ ဒါဇင်နဲ့ချီတဲ့ နိုင်ငံတကာမီဒီယာတွေ၊ ရုပ်မြင်သံကြားဌာနနဲ့ ရေဒီယိုအသံလွင့်ဌာနတွေက မိမိတို့ရဲ့သဘောထားများကို ထုတ်ပြန်ကြေညာ ခဲ့ကြတယ်။ ပြည်ပရောက် Mr. Karaca ကလည်း မိမိရဲ့အိမ်ကို  ရဲဋ္ဌာနချုပ်အတွက် စွန့်ထားရစ်ခဲ့ရကြောင်း တိုက်ရိုက် အသံလွှင့်ပြောကြားခဲ့တယ်။ တူရကီအစိုးရရဲ့  လက်ရှိလုပ်ရပ်က ရှက်ဖွယ်လိလိဖြစ်ပြီး ကျွန်တော်တို့နိုင်ငံ့သမိုင်းမှာ အမည်းစက် စွန်းထင်းသွားပါပြီလို့လည်း သူက ပြောခဲ့တယ်။

    မစ္စတာအာဒိုဂန်ဟာ  စင်ပြိုင်အစိုးရဖွဲ့လိုသူများကို နှိမ်နင်းရမယ်လို့ သောကြာနေ့က ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြည်သူတွေ ကို ဆော်သြလိုက်တယ်။ ဒါက အကျင့်ပျက်ခြစားမှုစုံစမ်းရေးကို လျစ်လျူရှုခြင်း ဖြစ်ပါတယ်။

    “ကျုပ်တို့ကို အဂတိလိုက်စားတယ်လို့ စွပ်စွဲ သမှန်သမျှဟာ လူလိမ်တွေပါ၊ သူတို့နဲ့ ဆက်နွှယ်နေသူအားလုံးကို ကျုပ်တို့ ဖမ်းဆီး အရေးယူပါမယ်” ဆိုပြီး မစ္စတာအာဒိုဂန် က သတိပေးလိုက်တယ်။

    အဆိုပါစုံစမ်းရေးကော်မရှင်အမြင်ကတော့ အဂတိလိုက်စားမှုထဲ ဝန်ကြီးချုပ်အပြင် မစ္စတာအာဒိုဂန်နဲ့နီးစပ်တဲ့ ဝန်ကြီးတွေလည်း ပါဝင်နေတယ်လို့ သုံးသပ်ထားပါတယ်။  ဆယ်စုနှစ်တစ်ခုကျော် သက်တမ်းရှိ မစ္စတာ အာဒိုဂန့် အာဏာကို အန္တရာယ်ပြုနိုင်တယ်လို့ ယူဆရတ ဝန်ကြီး ၃ ဦးကို ရာထူးကနေ အဓမ္မနုတ်ထွက်စေခဲ့တယ်။ ဒါကို အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် လူအများက ထင်မြင်ကြပါတယ်။

    မစ္စတာအာဒိုဂန်ရဲ့မဟာမိတ်ဟောင်းဖြစ်သူ မစ္စတာဂိုလန်းက စုံစမ်းစစ်ဆေးရေးရဲ့ ဘယ်အခန်းကဏ္ဍမှာမှ မိမိ ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုပါတယ်။

    ရဲအရာရှိများနဲ့အစိုးရရှေ့နေ ထောင်ပေါင်းများစွာကို သက်ဆိုင်ရာရာထူးကနေ ဖြုတ်ချပြီး တူရကီနိုင်ငံရှိ မစ္စတာဂိုလန်းရဲ့သြဇာကို အပြီးတိုင်ဖြိုလဲဖို့ မစ္စတာအာဒိုဂန် ကြိုးစားနေခြင်း ဖြစ်ပါတယ်။  အကြီးတန်းတရားစီရင်ရေး မဏ္ဌိုင်ကိုလည်း ပြန်လည်ဖွဲ့စည်းလိုက်ပြီး၊ စက်တင်ဘာလတုန်းက အဂတိလိုက်စားမှုနဲ့သံသယရှိသူ ၉၆ ဦးအပေါ် စွဲချက်မတင်နိုင်အောင် စီမံလိုက်တယ်။ အဲ့ဒီ ၉၆ ဦးဟာ  အာဒိုဂန်ရဲ့ ဘက်တော်သားတွေ ဖြစ်နေကြပါတယ်။

    “ဒီဆိုးဝါးတဲ့ဖြစ်ရပ်က အာဏာရှင်စနစ်ဆီ ဦးတည်နေတာပါ။ ဒါဟာ မီဒီယာလွတ်လပ်ခွင့်ကို အကြမ်းဖက်တိုက်ခိုက်တဲ့ လူထုချေမှုန်းမှု သက်သက်ပါပဲ” လို့  သတင်းစာဆရာ Cengiz Candar က မိမိရဲ့တွိစ်တာအကောင့်မှာ အစိုးရကို ဝေဖန်ရေးသားခဲ့တယ်။

    မီဒီယာလွတ်လပ်ခွင့်၊ လုပ်ထုံးလုပ်နည်းများနဲ့ တရားစီရင်ရေး လွတ်လပ်ခွင့်တို့က စစ်မှန်တဲ့ဒီမိုကရေစီစနစ်မှာ အခရာ အကျဆုံးဖြစ်ကြောင်း၊ တူရကီဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာလည်း ဖော်ပြပါရှိကြောင်း အမေရိကန်က Jen Psaki က မိမိရဲ့ကြေညာချက်တစ်ခုမှာ ထုတ်ပြန်ထားတယ်။ တူရကီရဲ့မိတ်ဆွေနဲ့မဟာမိတ် ဖြစ်တဲ့ အားလျော်စွာ အခြေခံတန်ဖိုးများနဲ့ တူရကီရဲ့ကိုယ်ပိုင် ဒီမိုကရေစီ အရင်းအမြစ်များကို မချိုးဖောက်ဖို့ တူရကီအာဏာပိုင်များကို ကျွန်တော်တို့ တိုက်တွန်းလိုက်ပါတယ် လို့လည်းပြောခဲ့တယ်။

    တူရကီက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ မျှော်မှန်းထားလို့ မီဒီယာသမားများကို မတရားဖမ်းဆီးခြင်းဟာ ဒီမိုကရေစီနည်းလမ်းနဲ့ မကိုက်ညီတဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ရိုးသားတဲ့ အခြေခံမူတွေ ချမှတ်နိုင်လိမ့်မယလို့ ကျွန်တော်တို့ မျှော်လင့် ထားခဲ့ပါတယ်။ စွပ်စွဲချက်များအတွက်  လွတ်လပ်ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ဘက်လိုက်မှုမရှိတဲ့ အခွင့်အရေးတွေကိုတောင်းဆို ပါကြောင်း အရာရှိများဖြစ်ကြတဲ့ Federica Mogherini နဲ့ ဂျိုဟန်ဟန်း ကပြောပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကလည်း စာနယ်ဇင်းသမားတွေအပေါ် စွဲချက်တင်ခြင်းကို ရှင်းလင်းချက်ပေးဖို့ တောင်း ဆိုထားပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ဝင် သုတေသီတစ်ဦးဖြစ်တဲ့ Emma Sinclair က “သတင်းထောက်နဲ့ အယ်ဒီတာများ ဖမ်းဆီးရေး အတွက် ဧရာမ စစ်ဆင်ရေးသစ် ဖန်တီးခြင်းဟာ  မီဒီယာနှိပ်ကွပ်ရေးနောက်က အရေးပါတဲ့ ထပ်မံကြိုးပမ်းမှုတစ်ခု ဖြစ်တယ်။ ဇမာန် သတင်းစာတိုက်နဲ့ Samanyolu ရုပ်မြင်သံကြားက အယ်ဒီတာများနဲ့ စာနယ်ဇင်းသမားများကို မတရားစွပ်စွဲပြီး အစ္စတန်ဘူလ် တရားသူကြီးရဲ့ဖမ်းဝရမ်းနဲ့ ဖမ်းဆီးခြင်းမှာ ခိုင်လုံတဲ့ သက်သေအထောက်အထားများပြသနိုင်ဖို့ အစိုးရအပေါ် တာဝန်ရှိပါတယ်” ဆိုပြီး သုံးသပ်ပါတယ်။

    မတ်လအတွင်း အစိုးရအရာရှိများနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအကြား အကျင့်ပျက်လာဘ်ပေးလာဘ်ယူမှုဆိုင်ရာ အသံဖိုင် ပြန့်နှံ့ သွားပြီးနောက် အစိုးရက တွိစ်တာနဲ့ ယူကျွပ် လူမှုကွန်ရက်များအသုံးပြုခြင်းတို့ကို ပိတ်ပစ်ခဲ့တယ်။ အစိုးရကိုဝေဖန်ရေးသားတဲ့  စာနယ်ဇင်းသမား များစွာတို့ဟာ လက်ရှိကာလများအတွင်း အလုပ်အကိုင်တွေ ဆုံးရှုံးသွားရုံမက တရားစွဲဆိုခြင်းကိုပါ ရင်ဆိုင်နေရတယ်။

    အစိုးရရဲ့ကြိုးပမ်းမှုမှန်သမျှဟာ  မစ္စတာဂူလမ်းနဲ့ သူ့ကိုထောက်ခံသူများကို အကြောင်းပြပြီး ပြည်သူကို အာရုံပြောင်းစေခြင်း ဖြစ်တယ်။  အစိုးရဲ့အမှားကို ထောက်ပြပြီး ဝေဖန်ရေးသားမယ့် မည်သည့်စာရေးဆရာ သို့မဟုတ် စာပေများကိုမဆို ဆက်လက်ဖိအားပေး ပိတ်ပင်ပါဦးမယ်” လို့ ဇမာန်သတင်းစာရဲ့အယ်ဒီတာ Ekrem Dumanli က အထိန်းသိမ်းမခံရခင် ဖုန်းအင်တာဗျူးတစ်ခု မှာ ပြောကြားခဲ့တယ်။  အဲ့ဒီအပြင် “အပြစ်ရှိသူတွေက ကြောက်ကြပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ မကြောက်ဘူး” ဆိုပြီး မစ္စတာ Dumanli က ရဲတွေနဲ့အတူ ထွက်ခွာမသွားခင် မိမိကုတ်အင်္ကျီကိုတောင်းယူရင်း ရုပ်မြင်သံကြားကင်မရာများရှေ့မှောက်မှာ ထပ်မံပြောကြားခဲ့ပါတယ်။

    သတင်းဌာနအဆောက်အဦရှေ့ကို  ထွက်လာတဲ့ အယ်ဒီတာကို ရာနဲ့ချီတဲ့ ဝန်ထမ်းများက လက်ခုပ်တီးသြဘာပေးကြတယ်။ အပြင်ရောက်တဲ့အခါ တူရကီအလံများဝှေ့ယမ်းပြီး လက်ခုပ်တီးအားပေးနေတဲ့ လူတစ်ထောင်အကြား မစ္စတာ Dumanli မှ အနိုင်နိုင် ဖြတ်ကျော်သွားရတယ်။ “တူရကီက သင့်ကို ဂုဏ်ယူတယ်” လို့ လူအုပ်ကြီးက ကြွေးကြော်နေခဲ့ကြပါတယ်။

    နိုင်ငံအနှံ့သတင်းဌာနတွေကို လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က တူရကီနိုင်ငံ အာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး သမ္မတ ရီဆက် တွိုင်ယစ် အာဒိုဂန် (Recep Tayyip Erdogan) ရဲ့ပြိုင်ဖက်အပေါ်ထောက်ခံကြသူ အနည်းဆုံး ၂၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

    ဒီလိုဖမ်းဆီးဖို့အတွက် သမ္မတက အမိန့်ပေးခဲ့တာဖြစ်ပြီး “သစ္စာဖောက်တွေရဲ့ကွန်ယက်အားလုံးကို ဖြိုခွင်းသွားမယ်၊ သူတို့လုပ်ရပ်အတွက် သူတို့ပေးဆပ်ရလိမ့်မယ်” လို့လည်း ပြောဆိုခဲ့ပါတယ်။

    ဖမ်းဆီးခံခဲ့ရသူတွေဟာ ၁၉၉၉ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုမှာ တိမ်းရှောင်နေထိုင်နေတဲ့ မွတ်ဆလင် ဘာသာရေးခေါင်းဆောင် ဖသ်ဟုလ္လာဟ် ဂူလန်း(Fethullah Gulen) ကို ထောက်ခံကြသူများ ဖြစ်တယ်။ အဖမ်းခံရသူတွေထဲမှာ တူရကီနိုင်ငံက အရောင်းရဆုံးသတင်းစာ ဇမာန် (Zaman) သတင်းစာတိုက်ရဲ့ အယ်ဒီတာချုပ် အက်ခရမ် ဒူမာလီ (Ekrem Dumanli) လည်း ပါဝင်ပါတယ်။

    ဒူမာလီကတော့ တူရကီမီဒီယာတွေဟာ ဒီမိုကရေစီကို ပျက်သုဉ်းအောင် ရည်ရွယ်နေတဲ့ မကောင်း ဆိုးရွားတစ်ကောင်နဲ့ ရင်ဆိုင်နေရတယ်လို့ ပြောခဲ့တယ်။ မီဒီယာတွေကို အာဏာသိမ်းသလို ထိန်းချုပ်ဖို့ အစိုးရက ကြိုးပမ်းနေတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။

    အတိုက်အခံ မီဒီယာတွေအပေါ် တူရကီ ရဲတပ်ဖွဲ့ရဲ့ကျူးလွန်နေမှုတွေဟာ ဥရောပက လက်ခံထားတဲ့ တန်ဖိုးတွေနဲ့ ဆန့်ကျင်နေတယ် ဆိုပြီး ဥရောပသမဂ္ဂ EU က တူရကီကို သတိပေးလိုက်ပါတယ်။

    တူရကီဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ သတင်းစာနဲ့ရုပ်မြင်သံကြားပေါ်တွေ့ရတဲ့ စာနယ်ဇင်းသမားတွေကို  တူရကီရဲတပ်ဖွဲ့ရဲ့ လတ်တလောဝင်ရောက်စီးနင်းဖမ်းဆီးမှုများကို ဥရောပပြည်သူ့ ပါတီအဖွဲ့က  ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ တူရကီနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ စာနယ်ဇင်းလွတ်လပ်မှုကို မထီမဲ့မြင်လုပ်ပြတဲ့ အရိပ်လက္ခဏာများ ပိုမို ဆိုးရွားလာပါတယ် လို့ အဲ့ဒီအဖွဲ့က ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

    ဒီဖြစ်ရပ်ဟာ အမေရိကန်အခြေစိုက် တူရကီ အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Fethullah Gulen နဲ့ဆက်နွှယ်နေကြတဲ့ ရုပ်မြင်သံကြားနဲ့သတင်းစာ မီဒီယာပိုင်းကို တူရကီရဲတွေက ဒီဇင်ဘာ ၁၄ ရက်နေ့ ဝင်ရောက်စီးနင်းမှုဖြစ်ပါတယ်။ ဝန်ထမ်း ၂၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ ဒီအပြုအမူဟာ မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်တယ် ဆိုပြီး  ဥရောပသမဂ္ဂနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်စာထဲမှာ ရေးသားထားပါတယ်။

    ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ချင်လို့ လျှောက်ထားတဲ့ မည်သည့်နိုင်ငံမဆို  ဒီမိုကရေစီလူ့အဖွဲ့အစည်းဆိုင်ရာ စံချိန်စံညွှန်းများကို လက်ခံကျင့်သုံးရမှာဖြစ်တယ်။ တူရကီအာဏာပိုင်များရဲ့လုပ်ရပ်တွေက အဲ့ဒီစံချိန် စံညွှန်း ကနေ ဝေးသထက်ဝေးနေကြောင်းကို ပြသနေ ပါတယ်။ အခြေခံအခွင့်အရေးကို ဆက်လက် ဖိနှိပ်ချုပ်ခြယ်မယ့်ကြိုးပမ်းချက်တွေ ရပ်တန့်ပေးဖို့ တူရကီနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးတော်ကို ကျွန်တော် တောင်းဆိုလိုက်ပါတယ် လို့ EPP အဖွဲ့မှ Sommer က ပြောလိုက်ပါတယ်။

    ကျော်မိုးသိန်း

    ကိုးကား – BBC Europe News: Turkey arrest: Raids target Gulen-linked critics of Erdogan
    – Today’s zaman : Global perception of  Turkey worsened by corruption
    – NY Times :  In push Against Muslim Cleric, Turkey Detains Police officers  and Journalists

  • မိမိမှာ အမျိုးသမီး အခွင့်အရေုး ကာကွယ်သူလို့ တူရကီ သမ္မတ အာဒိုဂန်ပြော၊ မီဒီယာများ ပုံဖျက်ဖော်ပြမှုကို ရှုတ်ချ

    မိမိမှာ အမျိုးသမီး အခွင့်အရေုး ကာကွယ်သူလို့ တူရကီ သမ္မတ အာဒိုဂန်ပြော၊ မီဒီယာများ ပုံဖျက်ဖော်ပြမှုကို ရှုတ်ချ

    နိုဝင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media

    -
    ၂၀၁၄ အောက်တိုဘာ ၁၄ ရက်၊ ပဲရစ်ရှိ အဲလစ္စီနန်းတော်၌ တွေ့ရသော တူရကီသမ္မတ ရီဆက် သွိုင်ယစ် အာဒိုဂန် (ယာဖက်သူ) – AFP PHOTO / POOL / THIBAULT CAMUS

    အမျိုးသားနဲ့အမျိုးသမီးကြားက တန်းတူညီမျှမှု အပေါ် မိမိရဲ့မှတ်ချက်များကို အငြင်းပွားဖွယ်ရာဖြစ်အောင် ပုံဖျက်နေတဲ့ မီဒီယာကို ရှုတ်ချပြီး တူရကီသမ္မတ ရီဆက် သွိုင်ယစ် အာဒိုဂန်က မိမိရဲ့နိုင်ငံရေးဘ၀ တစ်လျှောက်လုံး အမျိုးသမီးအခွင့်အရေးများကို ထောက်ခံအားပေး ဆောင်ရွက်လာခဲ့ကြောင်း အခိုင်အမာ ဆိုလိုက်ပါတယ်။

    “အမျိုသားနဲ့အမျိုးသမီးတွေကို (အခါခပ်သိမ်း) တပြေးညီအဖြစ် သတ်မှတ်လိုက်လို့ မဖြစ်နိုင်ပါဘူး။ တန်းတူညီမျှဖြစ်ခြင်းဆိုတာထက် တရားမျှတမှုကို အမျိုးသမီးတွေလိုအပ်တာပါ၊ ကျွန်တော် အဲ့ဒီလိုပြောခဲ့ခြင်းဖြစ်တယ်။ ကျွန်တော့်ရဲ့ နှစ်ပေါင်းလေးဆယ် နိုင်ငံရေးဘ၀ တစ်လျှောက်လုံး အမျိုးသမီးအရေး အတွက် ပုဂ္ဂလဆန်ဆန် ကာကွယ်လာခဲ့တယ်။ ဒါကို မြင်သာအောင်ကြည့်နိုင်မယ်ဆိုရင် ကျွန်တော့်ကိုဖြစ်စေ၊ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်များကိုဖြစ်စေ ဘယ်သူမှ သွားပုပ်လေလွင့် စွပ်စွဲနိုင်မှာ မဟုတ်ပါဘူး” လို့ အစ္စတန်ဘူလ်မှာ စီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံစဉ် အာဒိုဂန်က ပြောကြားပါတယ်။

    ပြီးခဲ့တဲ့တနင်္လာနေ့က ဘာသာရေးလေးစားတဲ့မွတ်စ်လင်မ်တစ်ဦးဖြစ်သူ အာဒိုဂန်က အပြည်ပြည်ဆိုင်ရာကွန်ဖရင့်တစ်ခုမှာ အမျိုးသမီးဆိုင်ရာအခွင့်အရေးနဲ့ တရားမျှတမှုအကြောင်း ပြောကြားခဲ့တယ်။ အမျိုးသားနဲ့အမျိုးသမီးကို အတူတူပါပဲလို့ သတ်မှတ်လို့မရကြောင်း၊ တူရကီမှာရှိတဲ့ အမျိုးသမီးအရေးလှုပ်ရှားသူများဟာ မိခင်ဘ၀ကို ငြင်းပယ်ဆန့်ကျင်နေကြောင်း သူက ဆိုပါတယ်။

    တန်းတူညီမျှဖြစ်ခြင်းဆိုတာထက် တရားမျှတမှုကို အမျိုးသမီးတွေလိုအပ်တာပါ၊ အလုပ်ကြမ်းတွေက အမျိုးသမီးတွေရဲ့ နှူးညံ့သိမ်မွေ့သောသဘောသဘာဝနဲ့ ဆန့်ကျင်နေပါတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ကျွန်တော့်ကိုထည့်သွင်းထားတဲ့ ပါတီတွင်းမှာပဲ ကြည့်လိုက်ပါ။ အမျိုးသမီးအရေးကို ကျွန်တော် ဘယ်လောက်ထိ အလေးထားသလဲဆိုတာ ထင်ထင်ရှားရှား တွေ့ရမှာဖြစ်တယ်။ ကျွန်တော့်ကို သိက္ခာချသူများအနေနဲ့ မိမိကိုယ်ကို မှန်ထဲပြန်ကြည့်ဖို့လည်း လိုအပ်ပါတယ်”။

    တန်းတူညီမျှလိင်အယူအဆကို ပယ်တဲ့ သူ့မှတ်ချက်များဟာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများအကြား ဂယက်ရိုက်ပြီး တူရကီနိုင်ငံရေးမြင်ကွင်းထဲ ဆယ်စုနှစ်တစ်ခု လွှမ်းမိုးနေတဲ့ အာဒိုဂန်ဟာ လိင်ပိုင်းဆိုင်ရာစက်ဆုပ်သူပါလို့ စွပ်စွဲခဲ့ကြတယ်။

    အာဒိုဂန်က မိမိရဲ့ပြောကြားမှုကို ပုံဖျက်ဖော်ပြခြင်းဟာ ကျင့်ဝတ်ကင်းမဲ့ခြင်းဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ မီဒီယာတွေအပေါ် ရှုတ်ချပြောဆိုလိုက်ပါတယ်။

    အာဒိုဂန်ဟာ ၂၀၀၂ နှစ်နှောင်းပိုင်း အာဏာရလာချိန်ကစပြီး တူရကီနိုင်ငံရေးအပေါ် ကြီးစိုးနေတဲ့ လက်ရှိအာဏာရ AKP ပါတီကို ပူးပေါင်းထူထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ သြဂုတ်လအတွင်း သမ္မတဖြစ်လာပြီးနောက် ဖွဲ့စည်းပုံစည်းမျဉ်းနဲ့အညီ ပါတီနဲ့ တရားဝင် ကူးလူးဆက်ဆံမှု ရှိနေပါတယ်။

    တူရကီအစိုးရပိုင်းမှာ မိသားစုနဲ့လူမှုရေးရာဝန်ကြီး Aysenur Islam တစ်ဦးတည်းသာ အမျိုးသမီးဝန်ကြီးဖြစ်နေတာကြောင့် AKP ပါတီက လိင်ပိုင်းဆိုင်ရာတန်းတူညီမျှမှု တိုးမြှင့်ဖို့လိုကြောင်း အသံထွက်လာပါတယ်။

    အမေရိကတိုက်ကို ပထမဆုံးရှာဖွေတွေ့ရှိသူက မွတ်စ်လင်မ်တွေဖြစ်ပြီး ၀တ်ကျောင်းတစ်ခုကိုပင် တည်ဆောက်ခဲ့တယ်လို့ ပြောကြားချက်ကြောင့် တူရကီမှာရော ကမ္ဘာအ၀ှန်းမှာပါ အာဒိုဂန်အပေါ် အာရုံစိုက်လာပြီး တစ်ပတ်အကြာမှာ အမျိုးသမီးဆိုင်ရာ သူ့မှတ်ချက်အပေါ် အငြင်းပွားမှုထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

    Agence France-Presse

  • ကုရ်ဘာနီ အီးဒ် ပွဲတော်မှ အသားများ ဂါဇာနှင့် ဆီးရီးယားသို့ တူရကီ လှူဒါန်းမည်

    ကုရ်ဘာနီ အီးဒ် ပွဲတော်မှ အသားများ ဂါဇာနှင့် ဆီးရီးယားသို့ တူရကီ လှူဒါန်းမည်

    အောက်တိုဘာ ၄ ၊ ၂၀၁၄
    M-Media
    1411945619535
    –  မကြာမီကျရောက်တော့မည့် အီဒွလ် အသွဟာပွဲတော်မှ ရရှိမည့် အသားများကို ဂါဇာနှင့် ဆီးရီးယားရှိ ဒုက္ခသည်များအား လှူဒါန်းသွားမည်ဟု တူရကီ လူသားချင်းစာနာမှု အကူအညီပေးရေး ဖောင်းဒေးရှင်း IHH က ကြေညာလိုက်သည်။

    တူရကီနိုင်ငံ၌ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် အီဒွလ်အသွဟာ ပွဲတော်အတွင်း သားကောင်ပေါင်း ၁၀၀၀၀ ခန့်မှ ရရှိသော အသားများကို အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော အဆိုပါ နေရာ ၂ ခုအား ပေးပို့သွားမည်ဟု IHH ဒုတိယဥက္ကဌ ယာဗူဇ် ဒီဒီက ပြောကြားခဲ့သည်။

    “ထောင်ပေါင်း များစွာသော ပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ပြီးတော့ မိဘမဲ့တွေ၊ ခင်ပွန်းမရှိတဲ့ဇနီးတွေလည်း ရှိနေပါသေးတယ်။ သူတို့ဟာ အကူအညီတွေ လိုအပ်နေကြပါတယ်။ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော်တို့ ဖြည့်ဆည်းပေးချင်ပါတယ်” ဟု ဒီဒီကဆိုသည်။

    ဆီးရီးယားနှင့် ဂါဇာသို့ ပေးပို့မည့် အဆိုပါပမာဏမှာ တူရကီနိုင်ငံတွင်ပြုလုပ်မည့် သားကောင်များ၏ ၅ ပုံ ၁ ပုံဖြစ်ပြီး ကျန်ရှိသည့် အသားများကိုလည်း နိုင်ငံပေါင်း ၇၀ မှ အတိ ဒုက္ခရောက်နေသူများအတွက် လှူဒါန်းသွားမည်ဖြစ်သည်။

    ဆီးရီးယားတွင် သုံးနှစ်ကြာပြည်တွင်းစစ်ကြောင့် လူပေါင်း သန်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဂါဇာတွင်လည်း အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေသူများစွာ ရှိနေကာ တူရကီက ထိုဒေသရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများကို အင်တိုက်အားတိုက် လုပ်ဆောင်နေသည်။

    ref_ AA

  • ဂါဇာအတွက် အစ္စရေးကုန်ပစ္စည်းများကို တူရကီ သပိတ်မှောက်မည်

    ဇူလိုင် ၂၄၊ ၂၀၁၄
    M-Media
    188562_newsdetail
    – ပါလက်စတိုင်း အရပ်သား ရာနှင့်ချီသေဆုံးခဲ့သည့် ဂါဇားအား အစ္စရေးမှ ကျူးတော်တိုက်ခိုက်မှုကို ဆန့်ကျင်သော အနေဖြင့် ဆိုရှယ်မီဒီယာများတွင် စတင်ခဲ့သည့် အစ္စရေးကုန်ပစ္စည်းသပိတ်မှောက်ရေး လှုပ်ရှားမှုတွင် တူရကီရှိ စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံအာဏာပိုင်များလည်း ပါဝင်ခဲ့သည်ဟု သိရသည်။

    ဂါဇာပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ပြသည့်အနေဖြင့် မြို့တော် အစ္စတန်ဘူလ်မှ အစပြုကာ မြို့ငယ်လေးများအထိ အုပ်ချုပ်ရေးအဖွဲ့များမှာ အစ္စရေးထုတ်ကုန်ပစ္စည်းများနှင့် အစ္စရေးနှင့် အဆက်အသွယ်ရှိသည့် ကုမ္ပဏီများမှ ကုန်ပစ္စည်းများကို မ၀ယ်ယူရန် ပြည်သူများအား တိုက်တွန်းထားသည်။

    ထို့ပြင် ထိုလှုပ်ရှားမှုတွင် အခြားသော မြို့နယ် ၁၂ ခုကလည်း ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး အချို့သော ကုန်ပစ္စည်းများကို ကော်ဖီဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဒေသတွင်း အစိုးရက စီစဉ်ပေးထားသည့် အပန်ဖြေနေရာများတွင် ရောင်းချမည်မဟုတ်ဟု ကြေညာခဲ့သည်။

    အစ္စရေးထုတ်ကုန်များကို တူရကီတွင် သပိတ်မှောက်မှုမှာ ၂၀၁၀ ခုနှစ်တွင် ဂါဇာသို့သွားသည့် အကူအညီပေးရေးသင်္ဘောအား အစ္စရေးက တိုက်ခိုက်မှုကြောင့် တူရီနိုင်ငံသား ၉ ဦးနှင့် တူရကီ-အမေရိကန် ၁ ဦး စုစုပေါင်း ၉ ဦး သေဆုံးပြီးနောက်ပိုင်း အကြီးဆုံး သပိတ်မှောက်မှုလည်းဖြစ်သည်။

    တူရကီမှ သပိတ်မှောက်မည့် အစ္စရေးထုတ်ကုန်များတွင် ကိုကာကိုလာအချိုရည်လည်း ပါဝင်မည်ဖြစ်ပြီး၊ အစ္စရေး ထုတ်ကုန်ပစ္စည်းများ သို့မဟုတ် အစ္စရေးအစိုးရနှင့် အဆက်အသွယ်ရှိသည်ဟု ယုံကြည်ရသည့် ကုမ္ပဏီများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများစာရင်းကို စာရင်းပြုစုကာ Facebook နှင့် Twitter စာမျက်နှာများတွင် တူရကီပြည်သူများက မျှဝေခဲ့ကြသည်။

    စူပါမားကတ်များနှင့် စတိုးဆိုင်များအနေဖြင့် အစ္စရေး၏ ကုန်ပစ္စည်းများ သပိတ်မှောက်ရေးကို ပြီးခဲ့သည့် တနင်္ဂနွေနေက ပြည်သူများမှ တိုက်တွန်းခဲ့ပြီး တူရကီရှိ စီးပွားရေးလုပ်ငန်းပေါင်း ၁.၅ သန်း ပါဝင်ဖွဲ့စည်းထားသည့် TESK အဖွဲ့ကလည်း ၎င်းတို့၏ အဖွဲ့ဝင်များ အစ္စရေးကုန်ပစ္စည်း သပိတ်မှောက်ရေးကို လာမည့် တနင်္လာနေ့တွင် တိုက်တွန်းသွားရန် ရှိနေသည်။

    ထိုလှုပ်ရှားမှုများမှတစ်ဆင့် ၎င်းတို့အား ပစ်မှတ်ထားလာမည်ကို တူရကီနိုင်ငံသား ဂျူးများက စိုးရိမ်နေကြပြီး တူရကီသမ္မတ အာဒိုဂန်ကမူ နိုင်ငံသားဂျူးများအပေါ် ဆိုးဝါးသော ဆက်ဆံမှုများကို လက်ခံသွားမည်မဟုတ်ဟု သပိတ်မှောက်ရေးလှုပ်ရှားမှု စတင်သည့်နေ့ကပင် ပြောကြားခဲ့သည်။

    “တူရကီနိုင်ငံသား ဂျူးတွေပေါ် ဆိုးရွားတဲ့ ပြုမူဆက်ဆံမှုမျိုးကို လက်ခံမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံသားတွေဖြစ်တဲ့အတွက် ကြောင့်ပါပဲ” ဟု အာဒိုဂန်က ဆိုသည်။

    သပိတ်မှောက်မည့် ကုပစ္စည်းများစာရင်းတွင် ပါဝင်သည့် အချို့ကုမ္ပဏီများကမူ အစ္စရေးနှင့် ဆက်သွယ်မှုရှိသည်ဆိုသည့် စွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။ ထိုကုမ္ပဏီများထဲတွင် Diesel ကုမ္ပဏီလည်း တစ်ခုအပါဝင်ဖြစ်ပြီး မိမိတို့အနေဖြင့် အစ္စရေးနှင့် ဆက်သွယ်မှုမရှိကြောင်းကို လိုအပ်ပါက လူသိရှင်ကြား အသေးစိတ်ချပြမည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးမှ ဂါဇာအား ကျူးကျော်တိုက်ခိုက်မှုများမှာ ယနေ့ဆိုလျှင် ၁၇ ရက်ရှိလာပြီဖြစ်ပြီး သေဆုံးသူ ၆၀၀ ကျော်လာကာ ဒဏ်ရာရရှိသူမှာ ၄၀၀၀ ကျောိနေသည်။

    Ref:Today’s Zaman