News @ M-Media
Tag: UK
  • Huawei ကုမ္ပဏီကိစ္စ သတင်းပေါက်ကြားမှုအတွက် ကာကွယ်ရေးဝန်ကြီးကို ဗြိတိန် ထုတ်ပယ်
    Huawei ကုမ္ပဏီကိစ္စ သတင်းပေါက်ကြားမှုအတွက် ကာကွယ်ရေးဝန်ကြီးကို ဗြိတိန် ထုတ်ပယ်
    မေ ၂၊ ၂၀၁၉
    M-Media
    ရာထူးမှထုတ်ပယ်ခံလိုက်ရသည့် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ၀ီလီယံဆန်
    – နိုင်ငံတော်လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့တဲ့ Huawei ကုမ္ပဏီကိစ္စ သတင်းပေါက်ကြားမှုအတွက် ကာကွယ်ရေးဝန်ကြီးကို ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက မနေ့မှာ ရာထူးကနေ ချက်ခြင်း ထုတ်ပယ်လိုက်ပါတယ်။
    နိုင်ငံတော်လုံခြုံရေးကောင်စီဟာ ဗြိတိန်ရဲ့ နိုင်ငံတော်လုံခြုံရေးကိစ္စ၊ ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စနဲ့၊ ကာကွယ်ရေး မဟာဗျူဟာတွေကို အဓိကထား ဆွေးနွေးတဲ့ အဖွဲ့အစည်းဖြစ်ပြီး အစိုးရတာဝန်ကြီးတွေထဲမှာတောင် တစ်ချို့သာ တက်ရောက်ခွင့်ရပါတယ်။
    အမေရိကန်က ကန့်ကွက်မှုတွေ ရှိနေပေမယ့် နိုင်ငံရဲ့ 5G ကွန်ယက် တည်ဆောက်ရေးလုပ်ငန်းမှာ တရုတ် ဆက်သွယ်ရေးကုမ္ပဏီ Huawei ကို ပါဝင်ခွင့်ပေးမယ်ဆိုတဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီက ဆွေးနွေးမှုဟာ အပြင်ကို ပေါက်ကြားခဲ့ပြီး ပြီးခဲ့တဲ့လမှာ Telegraph သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဗြိတိန်ဟာ Huawei ကို အကန့်အသတ်နဲ့သာ ပါဝင်ခွင့်ပေးမယ်လို့ သတင်းရင်းမြစ်တွေက Telegraph ကို ပြောကြားခဲ့ပါတယ်။
    ဥရောပနိုင်ငံတွေမှာ 5G ကွန်ယက် တည်ဆောက်ရေး လုပ်ငန်းတွေမှာ Huawei ကုမ္ပဏီဟာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတာပါ။အမေရိကန်ကတော့ Huawei ဟာ တရုတ်အစိုးရအတွက် ထောက်လှမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ စွပ်စွဲထားပြီး မဟာမိတ်နိုင်ငံတွေကို Huawei နဲ့ ကင်းကင်းရှင်းရှင်းနေကြဖို့ သတိပေးထားပါတယ်။
    ကာကွယ်ရေးဝန်ကြီး ဂါဗင် ၀ီလီယံဆန်က ဒီသတင်းပေါက်ကြားမှုဟာ သူ့ကြောင့်မဟုတ်ဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။ ၀ီလီယံဆန်ဟာ ထရီဇာမေရဲ့ မဟာမိတ်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဥရောပသမဂ္ဂကနေ ခွဲထွက်လိုတဲ့ မေရဲ့ဆန္ဒကို အစိုးရအဖွဲ့အတွင်း ကန့်ကွက်မှုတွေ များနေတဲ့အချိန် ၀ီလီယံဆန်ကို ရာထူးကနေ ထုတ်ပယ်လိုက်မှုဟာ ထရီဇာမေအတွက် ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်ပါတယ်။
    စုံစမ်းစစ်ဆေးရာမှာ သတင်းပေါက်ကြားမှုအတွက် ကာကွယ်ရေးဝန်ကြီးမှာ တာဝန်ရှိတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရခဲ့ရတယ်လို့ ၀ီလီယံဆန်ကိုပေးပိုတဲ့ ထရီဇာမေရဲ့စာမှာ ဖော်ပြထားပါတယ်။
    ၂၀၁၆ ခုနှစ်မှာ ထရီဇာမေကို ၀န်ကြီးချုပ်အဖြစ် ထောက်ခံပြီးတဲ့နောက် ကွန်ဆာဗေးတစ်ပါတီမှာ ထိပ်တန်းနေရာကို လျင်လျင်မြန်မြန် ရရှိခဲ့တဲ့ ၀ီလီယံဆန်က ဒီကိစ္စမှာ တာဝန်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
    “နိုင်ငံတော်လုံခြုံရေးကောင်စီကနေ လတ်တလော သတင်းပေါက်ကြားမှုဟာ ကျွန်တော့်ရဲ့ဌာနက ဖြစ်ပွားတယ်လို့ ခင်ဗျား ယူဆနေတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဒီလိုမဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ဒီပေါက်ကြားမှုမှာ ကျွန်တော် တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်တယ်ဆိုတဲ့ ပြောကြားမှုတွေကိုလည်း ယတိပြတ် ငြင်းဆိုပါတယ်”
    ထရီဇာမေဟာ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ပန်နီ မိုရ်ဒေါင့်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီးကာကွယ်ရေးဝန်ကြီး ဖြစ်လာပါတယ်။
    Ref: Reuters
  • WikiLeaks တည်ထောင်သူ ဂျူလီယန် အာဆန့်ဂ်ျကို ဗြိတိန် ဖမ်းဆီး
    WikiLeaks တည်ထောင်သူ ဂျူလီယန် အာဆန့်ဂ်ျကို ဗြိတိန် ဖမ်းဆီး
    ဧပြီ ၁၁၊ ၂၀၁၉
    M-Media
    – အာဖဂန်နစ္စတန်နဲ့ အီရတ်ကျူးကျော်စစ်က အချက်အလက်တွေအပါအ၀င် အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ချက် တော်တော်များများကို ဖော်ထုတ်ခဲ့တဲ့ WikiLeaks ကို တည်ထောင်သူ ဂျူလီယန် အာဆန့်ဂ်ျကို လန်ဒန်ရဲတပ်ဖွဲ့က ဒီကနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
    အာဆန့်ဂ်ျဟာ ၂၀၁၂ ခုနှစ်ကတည်းကစလို့ လန်ဒန်မြို့က အီကွေဒေါသံရုံးမှာ ခိုလှုံခွင့်တောင်းကာ နေထိုင်နေတာဖြစ်ပြီး အီကွေဒေါအစိုးရက သူ့ရဲ့ ခိုလှုံခွင့်ကို ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် ဒီလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အီကွေဒေါသံရုံးက လန်ဒန်ရဲတပ်ဖွဲ့ကို ဒီကနေ့မှာ ၀င်ရောက်ခွင့် ပေးခဲ့ပြီး တပ်ဖွဲ့ဝင်တွေက အာဆန့်ဂ်ျကို ဆွဲထုတ်ကာ ရဲကားပေါ် တင်ဆောင်သွားပါတယ်။
    အီကွေဒေါသမ္မတ လီနင် မိုရီနိုက အာဆန့်ဂ်ျရဲ့ ရိုင်းစိုင်း၊ ရန်လိုတဲ့လုပ်ရပ်တွေ၊ နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ နေ့စဉ် စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်မှု စတာတွေကြောင့် ခိုလှုံခွင့်ကို ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    သံတမန်ဆိုင်ရာ ခိုလှုံခွင့်ရပ်ဆိုင်းတာဟာ အီကွေဒေါရဲ့ လုပ်ပိုင်ခွင့်ဖြစ်ပြီး မိမိတို့အနေနဲ့ နိုင်ငံတကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
    ဆွီဒင်က မုဒိမ်းမှုနဲ့ဖမ်းဆီးဖို့ ဆောင်ရွက်တဲ့အတွက် အာဆန့်ဂ်ျဟာ ၂၀၁၂ ခုနှစ်မှာ လန်ဒန်ကို ထွက်ပြေးလာကာ အီကွေဒေါသံရုံးမှာ ခိုလှုံခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုကို ဆွီဒင်က ပိတ်လိုက်ပေမယ့် ဗြိတိန်အာဏာပိုင်တွေက အာဆန့်ဂ်ျရဲ့ ထွက်ပြေးမှုဟာ အာမခံနဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်ရာရောက်တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဗြိတိန်ဟာ အာဆန့်ဂ်ျကို အမေရိကန်ထံ လွှဲပြောင်းပေးဖွယ် ရှိနေပါတယ်။
    Ref: Aljazeera
  • မွတ်စလင်သမိုင်းအမွေအနှစ်စင်တာသို့ ဗြိတိသျှအိမ်ရှေ့မင်းသား သွားရောက်လည်ပတ်
    မွတ်စလင်သမိုင်းအမွေအနှစ်စင်တာသို့ ဗြိတိသျှအိမ်ရှေ့မင်းသား သွားရောက်လည်ပတ်
    ဧပြီ ၄၊ ၂၀၁၉
    M-Media
    – ဗြိတိသျှမွတ်စလင် သမိုင်းအမွေအနှစ်စင်တာ British Muslim Heritage Centre ရဲ့ လုပ်ဆောင်ချက်တွေကို ဗြိတိသျှ အိမ်ရှေ့စံ ချားလ်စ်မင်းသားက ချီးကျူးခဲ့ပြီး အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းဟာ တိုင်းပြည်မှာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
    ယူကေ အနောက်မြောက်ပိုင်းက လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှု တစ်စိတ်တစ်ပိုင်းအဖြစ် ချားလ်စ်မင်းသားဟာ မန်ချက်စတာမြို့ Whalley Range ဒေသမှာရှိတဲ့ British Muslim Heritage Centre စင်တာကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။
    စင်တာမှာ မွတ်စလင်ကျောင်းသားလူငယ်တွေက ဗြိတိသျှအလံကို ဝှေ့ယမ်းကာ ကြိုဆိုခဲ့ပြီး မင်းသားကလည်း စင်တာအတွင်းက ပြခန်းတွေကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ British Muslim Heritage Centre ဟာ ၁၀ နှစ်သက်တမ်း ရှိပြီ ဖြစ်ပါတယ်။
    ဗြိတိသျှမွတ်စလင် သမိုင်းအမွေအနှစ်စင်တာရဲ့ ဆောင်ရွက်ချက်တွေနဲ့ လူ့အဖွဲ့အစည်းတွေအကြား ပေါင်းကူးပေးတဲ့ လုပ်ဆောင်မှုတွေကို ချားလ်စ်မင်းသားက
    ချီးကျူးပြောဆိုခဲ့ပါတယ်။
    “ပြောရရင် ခင်ဗျားတို့ကို ချီးကျူးချင်တယ်။ ခင်ဗျားတို့ ဒီမှာလုပ်ထားတွေအားလုံးကို ကျွန်တော် လေးစားအားကျမိတယ်။ ဒီတိုင်းပြည်မှာ ခင်ဗျားတို့လူ့အဖွဲ့အစည်းဟာ ဘယ်လောက်အထိ ရေးပါလဲဆိုတာကိုလည်း သိလာရပါတယ်”
    စင်တာရဲ့ ပြခန်းဆိုင်ရာအကြီးအကဲ အက်ရှ်ရက်ဖ်အလီက ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မွတ်စလင်တွေအကြောင်း ပြသထားတဲ့ Stories of Sacrifice Exhibition ပြခန်းကို မင်းသားက အထူးစိတ်ဝင်စားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    မင်းသားရဲ့ အဘေးဖြစ်သူ ပဉ္စမမြောက် ဂျော့ဂ်ျဘုရင်ဟာ ဗြိတိသျှစစ်တပ်က မွတ်စလင်မြင်းတပ်ကို ဦးစီးစဉ် ခေါင်းပေါင်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း အက်ရှ်ရက်ဖ်အလီက ပြသခဲ့ရာမှာ ချားလ်စ်မင်းသားက အံ့သြခဲ့ပါတယ်။ မင်းသားဟာ ဒေသတွင်းက မွတ်စလင်ခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
    Ref: Asia Image
  • အင်္ဂလန်ရှိ ဗလီဝတ်ကျောင်းတော် ၅ လုံး ဖျက်ဆီးခံရ
    အင်္ဂလန်ရှိ ဗလီဝတ်ကျောင်းတော် ၅ လုံး ဖျက်ဆီးခံရ
    မတ် ၂၁၊ ၂၀၁၉
    M-Media
    ဖျက်ဆီးခံရသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး
    – အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့က ဗလီဝတ်ကျောင်းတော် ၅ လုံး ဒီကနေ့မနက်မှာ တိုက်ခိုက်ခံခဲ့ရပြီး ယူကေ အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
    မြို့မြောက်ပိုင်း ဗလီတစ်လုံးကို လူတစ်ယောက်က ဆယ်ပေါင်တူနဲ့ လာရောက်ဖျက်ဆီးနေတယ်လို့ ဒီကနေ့မနက်ပိုင်း ၂ နာရီခွဲလောက်မှာ သတင်းရရှိခဲ့ပြီး၊ နောက်ပိုင်းမှာ ဗလီဝတ်ကျောင်းတော် ၅ လုံးအထိ ဖျက်ဆီးခံရတယ်ဆိုတာကို တွေ့ခဲ့ရကြောင်း ၀က်စ်မစ်ဒ်လန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
    ဒီတိုက်ခိုက်မှုတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေမယ်လို့ ရဲတပ်ဖွဲ့က ယူဆနေပြီး လုပ်ဆောင်ရတဲ့အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ယူကေ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဌာနကလည်း ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေပါတယ်။ တိုက်ခိုက်မှုကြောင့် ဗလီဝတ်ကျောင်းတော်တွေရဲ့ ပြတင်းပေါက်တွေ၊ တံခါးတွေ ပျက်ဆီးခဲ့ပါတယ်။
    ယူကေ ပြည်ထဲရေးဝန်ကြီး ဆာဂျစ် ဂျာဗစ်က ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။
    “တော်တော်လေးကို စိတ်ပျက်စရာပါပဲ။ ရှင်းရှင်းလင်းလင်းပြောချင်တာက အမုန်းဆောင်တဲ့ သဘောထားမျိုးအတွက် ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ နေရာမရှိသလို၊ ဘယ်တော့မှလည်း ဒါကို လက်ခံမှာ မဟုတ်ပါဘူး” လို့ ၀န်ကြီးက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီဝတ်ကျောင်းတော်နှစ်လုံးကို သြစတေးလျနိုင်ငံသား လူဖြူအစွန်းရောက်တစ်ဦးက အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တစ်ပတ်အကြာ ယူကေမှာ ဒီတိုက်ခိုက်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    “ခရိုက်ချက်က ဖြစ်ရပ်ဆိုးနောက်ပိုင်း ၀က်စ်မစ်ဒ်လန်းက တာဝန်ရှိသူတွေ၊ ၀န်ထမ်းတွေဟာ ဒေသတွင်းမှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်ကာ ဗလီတွေ၊ ဘုရားကျောင်းတွေ၊ ၀တ်ပြုရာနေရာတွေ ပံ့ပိုးကူညီပေးနေပါတယ်”
    Ref: CNN
  • စပိုင်လုပ်သည်ဟု သတင်းထွက်နေသည့် Huawei ကို ကြောက်စရာမလိုကြောင်း ဗြိတိန် သုံးသပ်
    စပိုင်လုပ်သည်ဟု သတင်းထွက်နေသည့် Huawei ကို ကြောက်စရာမလိုကြောင်း ဗြိတိန် သုံးသပ်
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉
    M-Media
    The Huawei logo is pictured outside their research facility in Ottawa, Ontario, Canada, February 14, 2019. REUTERS/Chris Wattie
    – 5G ကွန်ယက် စီမံကိန်းမှာ ဟွာဝေးကုမ္ပဏီက ပစ္စည်းတွေကို အသုံးပြုမှုကနေ ဖြစ်လာနိုင်မယ့် လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေကို လျှော့ချနိုင်တယ်လို့ ဗြိတိန်အစိုးရက သုံးသပ်ခဲ့ကြောင်း Financial Times သတင်းစာက မနေ့မှာ ဖော်ပြလိုက်ပါတယ်။
    တရုတ် ဆက်သွယ်ရေးပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ ဟွာဝေးနဲ့ ZTE တို့ဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲပြောကြားခဲ့ပြီးတဲ့နောက် ဗြိတိန် အမျိုးသား ဆိုက်ဘာ လုံခြုံရေးစင်တာ NCSC က ဟွာဝေးပစ္စည်း အသုံးပြုမယ့် ကိစ္စအတွက် သုံးသပ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
    ဥရောပနိုင်ငံတွေအနေနဲ့ ဗြိတိသျှအစိုးရရဲ့ အကြံပြုချက်တွေကို လိုက်နာသမျှ ကာလပတ်လုံး ဆက်သွယ်ရေးကုမ္ပဏီတွေ တရုတ်ပစ္စည်းအသုံးပြုတဲ့အပေါ် အလွန်အမင်းစိုးရိမ်စရာမလိုဘဲ ဗြိတိန်အနေနဲ့ ဖြစ်လာနိုင်တဲ့ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေကို လျှော့ချနိုင်တယ်လို့ NCSC က သုံးသပ်ခဲ့ကြောင်း ဒီကိစ္စနဲ့ နီးစပ်တဲ့ ရင်းမြစ်တစ်ခုက Financial Times ကို ပြောကြားခဲ့ပါတယ်။
    တရုတ်အစိုးရအတွက် သူလျှိလုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဟွာဝေးက ငြင်းဆိုထားပါတယ်။
    ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲက 5G ကွန်ယက်တည်ဆောက်ရေး စီမံကိန်းမှ ကုမ္ပဏီတစ်ခုတည်းကို မှီခိုရတာမျိုးမဖြစ်အောင် မိမိတို့ ဆောင်ရွက်သွားမှာ ဖြစ်ပေမယ့် ဟွာဝေးကုမ္ပဏီကိစ္စမှာ အလွန်အမင်း စိုးရိမ်ရမယ့်အနေအထားမျိုး မရှိဘူးလို့ အခုလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
    ဟွာဝေးတည်ထောင်သူရဲ့ သမီးဖြစ်ပြီး ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအကြီးအကဲလည်းဖြစ်တဲ့ မန်ဝမ်ကျိုးကို ကနေဒါက ဒီဇင်ဘာမှာ ဖမ်းဆီးခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုကို ချိုးဖောက်ကာ အီရန်နဲ့ ဆက်သွယ်ခဲ့တဲ့အတွက် ဇန်န၀ါရီမှာ အမေရိကန်က တရားစွဲဆိုခဲ့ပါတယ်။ မန်ဝမ်ကျိုးကို ကနေဒါက အမေရိကန်ထံ လွှဲပြောင်းပေးဖို့ ရှိနေပါတယ်။
    NCSC က ဟွာဝေးရဲ့ နည်းပညာနဲ့ လုံခြုံရေးလုပ်ဆောင်နိုင်စွမ်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း အစောပိုင်းက ပြောကြားထားပေမယ့် Financial Times ရဲ့ မနေ့က ဖော်ပြချက်အတွက် တုန့်ပြန်တာမျိုး မရှိသေးပါဘူး။
    Ref: Reuters