News @ M-Media

Tag: UK

  • အကြားအာရုံချို့တဲ့သူများ ဂီတသံစဉ်ခံစားနိုင်မည့် ဂျာကင်

    အကြားအာရုံချို့တဲ့သူများ ဂီတသံစဉ်ခံစားနိုင်မည့် ဂျာကင်

    အောက်တိုဘာ ၁၁၊ ၂၀၁၉
    M-Media

    -အကြားအာရုံ ချို့တဲ့သူတွေ ဂီတသံစဉ်တွေကို ခံစားနိုင်မယ့် နည်းပညာမြင့် ဂျာကင်ကို လန်ဒန်အခြေစိုက် ဖက်ရှင်ကုမ္ပဏီ CuteCircuit က တီထွင် ထုတ်လုပ်လိုက်ပါတယ်။

    Sound Shirt လို့ အမည်ပေးထားတဲ့ အဲဒီဂျာကင်ကို ချည်နဲ့ပြုလုပ်ကာ ဆင်ဆာ ၁၆ ခု ထည့်သွင်းထားပါတယ်။ ၀တ်ဆင်ထားသူတွေအနေနဲ့ တယောသံကို လက်မောင်းတုန်ခါမှုကနေတစ်ဆင့် ခံစားရတာမျိုး၊ ဒရမ်သံကို ကျောဖက်ကနေ ခံစားရတာမျိုးလို ပုံစံမျိုးနဲ့ ဂီတသံစဉ်တွေကို နားထောင်နိုင်မှာ ဖြစ်ပါတယ်။

    ငယ်စဉ်ကတည်းက အကြားအာရုံ ချို့တဲ့ခဲ့တဲ့ ဘာရ်ဟာနီက ဒီဂျာကင်ဟာ ခံစားမှုအသစ်ကို ပေးစွမ်းနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဂီတကို နက်နက်ရှိုင်းရှိုင်း ခံစားရပြီး၊ သံစဉ်တွေထဲမှာ စီးမျောနေရသလိုပါပဲ”

    CuteCircuit ကုမ္ပဏီဟာ နည်းပညာအထောက်အကူပြု လူ့အသုံးအဆောင် ပစ္စည်းတွေကို တီထွင်ထုတ်လုပ်နေပြီး ပူးတွဲတည်ထောင်သူ ဖရန်ဆက်စကာ ရိုဆဲလာက အခုဂျာကင်အင်္ကျီဟာ အကြားအာရုံ ချို့တဲ့သူတွေ ဂီတသံစဉ်တွေကို စီးမျောခံစားရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “အင်္ကျီက ချည်သားသက်သက်နဲ့ ပြုလုပ်ထားတာပါ။ ဝါယာကြိုးတွေမသုံးဘဲ မိုက်ခရို အီလက်ထရောနစ်နည်းပညာ ပေါင်းစပ်ပြီး အသုံးပြုရအဆင်ပြေတဲ့ စမတ်ချည်မျှင်နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ အီလက်ထရောနစ် တုန်ခါမှုစနစ်ကို ချည်မျှင်နဲ့ တွဲစပ်ထားတာကြောင့် ပျော့ပြောင်းပြီး ၀တ်ရချွတ်ရ လွယ်ပါတယ်”

    ဒါပေမယ့် ဒီဂျာကင်ဟာ တစ်ထည်ကို ပေါင် ၃၀၀၀ လောက် ရှိနေတာကြောင့် ဈေးကွက်မှာ တွင်ကျယ်ဖို့ အတားအဆီးတွေ ရှိနေပါတယ်။

    Ref: Reuters

  • တိုင်းပြည်စည်းလုံးအောင် လုပ်ဆောင်မည်ဟု ဗြိတိန်ဝန်ကြီးချုပ်သစ် ပြော

    တိုင်းပြည်စည်းလုံးအောင် လုပ်ဆောင်မည်ဟု ဗြိတိန်ဝန်ကြီးချုပ်သစ် ပြော

    ဇူလိုင် ၂၄၊ ၂၀၁၉
    M-Media

    -အစိုးရသစ်ဟာ ခေတ်သစ်ဗြိတိန်ရဲ့ မတူကွဲပြားမှုကို ရောင်ပြန်ဟပ်မှာဖြစ်ပြီး၊ Brexit နဲ့ တိုင်းပြည်ညီညွတ်ရေးကို အဓိကထား လုပ်ဆောင်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။

    လန်ဒန်မြို့တော်ဝန်ဟောင်း ဂျွန်ဆင်ဟာ မနေ့က ကွန်ဆာဗေးတစ်ပါတီ အကြီးအကဲအဖြစ် ရွေးချယ်ခံခဲ့ရပြီး ဒီကနေ့မှာတော့ ဗြိတိန်ဝန်ကြီးချုပ် ရာထူးကို တရားဝင်ရယူကာ အစိုးရဖွဲ့မှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့မှာ ဂျွန်ဆင်ဟာ အမျိုးသမီတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေ ပါဝင်မှုကို တိုးမြှင့်သွားဖို့ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

    ပါတီခေါင်းဆောင်ယှဉ်ပြိုင်မှာ နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်ကို အနိုင်ရခဲ့ပြီးတဲ့နောက် ဂျွန်ဆင်က သူဟာ ဗြိတိန် ဥရောပသမဂ္ဂကနေထွက်ရေး၊ တိုင်းပြည် စည်းလုံးညီညွတ်ရေးနဲ့ အတိုက်အခံ လေဘာပါတီ ဂျယ်ရီမီ ကွရ်ဘာန်ကို အနိုင်ရရှိရေး အဓိကထား လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော့်ကို မယုံတဲ့သူတွေကို ပြောချင်တာက – ကျွန်တော်တို့ဟာ တိုင်းပြည်ကို အားဖြည့်ကာ၊ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး Brexit ကိစ္စကို ပြီးအောင် လုပ်သွားမယ် ဆိုတာပါ”

    လက်ရှိဝန်ကြီးချုပ် ထရီဇာမေဟာ ဒီကနေ့ ဘက်ကင်ဟမ် နန်းတော်မှာ ဘုရင်မကြီးထံ နှုတ်ထွက်စာ တင်သွင်းမှာဖြစ်ပြီး၊ အဲဒီနောက်မှာတော့ ဂျွန်ဆင်ကို ၀န်ကြီးချုပ်သစ်အဖြစ် ဘုရင်မကြီးက ခန့်အပ်မှာ ဖြစ်ပါတယ်။

    အစိုးရသစ်မှာ ပါတီအတွင်းက အရည်အချင်းရှိသူတွေအားလုံး ပါဝင်လာမှာဖြစ်ပြီး ခေတ်သစ်ဗြိတိန်ကို ရောင်ပြန်ဟပ်လိမ့်မယ်လို့ ဂျွန်ဆင်နဲ့ နီးစပ်တဲ့ ရင်းမြစ်တစ်ခုက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အမျိုးသမီးတွေ၊ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းက လူတွေလည်း အစိုးရသစ်မှာ ပိုမိုပါဝင်လာဖို့ ရှိနေပါတယ်။

    ဥရောပသမဂ္ဂကနေ ဗြိတိန်နှုတ်ထွက်ရေး (Brexit) ကိစ္စမှာ ချောချောမွေ့မွေ့ ဖြစ်စေဖို့အတွက် ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ဂျွန်ဆင်က ကတိပြုထားပါတယ်။

    Ref: BBC, Reuters

  • ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်က ဖမ်းဆီးပြီးနောက် ဘာတွေဖြစ်လာလဲ

    ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်က ဖမ်းဆီးပြီးနောက် ဘာတွေဖြစ်လာလဲ

    ဇူလိုင် ၂၁၊ ၂၀၁၉
    M-Media

    အီရန်နှင့် အိုမန်နိုင်ငံအကြားရှိ ဟော်မုဇ်ရေလက်ကြား

    -ဟော်မုဇ်ရေလက်ကြားမှာ မဟာမိတ်တွေ ‘လွတ်လပ်ပြီး၊ အန္တရာယ်ကင်းတဲ့လမ်းကြောင်း’ ရရှိစေဖို့အတွက် စောင့်ကြည့်ရေးနဲ့ ထောက်လှမ်းရေး အစီအမံတစ်ခု လုပ်ဆောင်သွားမယ်လို့ အမေရိကန်က မနေ့မှာ ကြေငြာလိုက်ပြီး အီရန်က ဗြိတိန် ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ဒီလိုပြောကြားမှု ပေါ်ထွက်လာတာပါ။

    Stena Impero ရေနံတင်သင်္ဘောကို အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က သောကြာနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ သင်္ဘောဟာ နိုင်ငံတကာ ရေကြောင်းဥပဒေတွေကို လိုက်နာမှု မရှိဘူးလို့ ဆိပ်ကမ်းက တိုင်ကြားတဲ့အတွက် ဖမ်းဆီးရတာဖြစ်ပြီး စစ်ဆေးပြီးတာနဲ့ ပြန်လွှတ်ပေးမယ်လို့ အီရန်က ထုတ်ပြန်ထားပါတယ်။

    သင်္ဘောကို ရဟတ်ယာဉ်တွေ၊ ရှပ်ပြေးဘုတ်တွေနဲ့ ဝိုင်းပိတ် သိမ်းဆည်းခဲ့ပုံ ဗီဒီယိုကိုလည်း IRGC က ထုတ်ပြန်ခဲ့ပါတယ်။ သင်္ဘောပေါ်မှာ သင်္ဘောသား ၂၃ ဦး လိုက်ပါသွားပြီး ဗြိတိန်နိုင်ငံသား ပါဝင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

    အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူ ဂျွန်ရုဒ်က ဟော်မုဇ် ရေလက်ကြားနဲ့ ပါရှန်ပင်လယ်ကွေ့မှာ လွတ်လပ်ပြီး အန္တရာယ်ကင်းတဲ့ လမ်းကြောင်းတစ်ခုပေါ်လာရေး ကင်းလှည့်မယ့် အစီအစဉ်တစ်ခုကို လုပ်ဆောင်ဖို့ ရှိတယ်လို့ မနေ့ကပြုလုပ်တဲ့ Aspen Security ဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ နေတိုးအဖွဲ့၊ ပင်လယ်ကွေ့က အခြားနိုင်ငံတွေနဲ့ ဒီကိစ္စကို ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

    “ဒီအစီအစဉ်ဟာ ပါရှန် ပင်လယ်ကွေ့က အခြေအနေကို ထောက်လှမ်းစောင့်ကြည့်နိုင်ရေး ထပ်တိုး လုပ်ဆောင်သွားမယ့် အစီအစဉ်ပါ။ တည်ငြိမ်ဖို့နဲ့ ပြန်လည်တုန့်ပြန်နိုင်စွမ်းရှိဖို့အတွက် ရေတပ်နဲ့ လေတပ်အင်အားတွေ ချထားတာလည်း ပါဝင်မှာ ဖြစ်ပါတယ်”

    အမေရိကန်ဟာ အီရန်နဲ့ ပဋိပက္ခမဖြစ်ချင်ပေမယ့် မိမိတို့တပ်ဖွဲ့တွေ၊ ပြည်သူတွေကို ကာကွယ်ရေး အသေအချာလုပ်ဆောင်သွားမယ်ဆိုတာ အီရန်က သိထားရမှာဖြစ်ကြောင်း၊ အီရန်ဟာ ခြေလှမ်းအမှားတွေ လှမ်းလာနိုင်တဲ့အခြေအနေမျိုး မြင့်မားနေပြီး၊ ဗြိတိန်သင်္ဘောကို ဖမ်းဆီးလိုက်တာက ဟော်မုဇ်ရေလက်ကြားမှာ မရည်ရွယ်တဲ့ ပဋိပက္ခ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ ရုဒ်က သတိပေးခဲ့ပါတယ်။

    ရှုတ်ချ

    ရေနံတင်သင်္ဘော ဖမ်းဆီးတဲ့လုပ်ရပ်ကို ယူကေနဲ့ ဥရောပနိုင်ငံတွေက ရှုတ်ချလိုက်ပြီး၊ ရေလက်ကြားမှာ တင်းမာမှုတွေ လျော့ကျဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်က ဒီကိစ္စကို ထိထိရောက်ရောက် တုန့်ပြန်သွားဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တင်းမာမှုတွေ လျော့ချမယ်လို့ အီရန်က ပြောကြားခဲ့ပေမယ့် လက်တွေ့မှာ ဆန့်ကျင်ဘက်လုပ်နေတာကြောင့် စိတ်ပျက်မိတယ်လို့လည်း ဟန့်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ပြေလည်မယ့် နည်းလမ်းတစ်ခု ရှာချင်တယ်ဆိုရင် အပြောထက်၊ အလုပ်က အဓိက ကျပါတယ်။ ဗြိတိန် သင်္ဘောလိုင်းတွေကို ကာကွယ်ရမှဖြစ်ပြီး၊ ကာလည်းကာကွယ်သွားမှာပါ”

    ဟော်မုဇ်ရေလက်ကြားဟာ ကုန်သွယ်ရေးမှာ အရေးပါတဲ့ ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး ကမ္ဘ္ဘာ့
    ရေနံတင်ပို့မှုရဲ့ ၅ ပုံ ၁ ပုံဟာ ဒီလမ်းကြောင်းက သွားနေတာ ဖြစ်ပါတယ်။

    ဟန့်ကတော့ ရေနံတင်သင်္ဘောကို အီရန်က သိမ်းဆည်းလိုက်တာဟာ အန္တရာယ်ရှိတဲ့၊ မတည်ငြိမ်မယ့် လမ်းကြောင်းကို ရွေးနေတယ်ဆိုတဲ့ စိုးရိမ်ဖွယ်ရာ လက္ခဏာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျီဘရော်တာ ရေလက်ကြားမှာ အီရန် ရေနံတင်သင်္ဘောကို ဗြိတိန်က ဖမ်းဆီးထိန်းသိမ်းခဲ့တာဟာ တရားနည်းလမ်းကျပြီး ဥရောပရဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ကာ ဆီးရီးယားကို ရေနံတင်ပို့တဲ့အတွက် ဖြစ်တယ်လို့လည်း သူက ကာကွယ်ပြောကြားခဲ့ပါတယ်။

    အီရန်ကတော့ ဗြိတိန်ရဲ့ ဒီလုပ်ရပ်ဟာ ပင်လယ်ဓားပြလုပ်ရပ် ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    မနေ့က အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ရဲ့ Twitter မှတ်ချက်မှာ၊ အီရန်က ဗြိတိန်ရေနံတင်သင်္ဘောကို သိမ်းပိုက်တာဟာ ဗြိတိန်လို ပင်လယ်ဓားပြလုပ်ရပ်ကို လုပ်ဆောင်တာမဟုတ်ဘဲ ရေကြောင်းသွားလာရေး စည်းကမ်းတွေကို လိုက်နာအောင် ဆောင်ရွက်တာဖြစ်ကြောင်း၊
    ဟော်မုဇ်ရေလက်ကြား လုံခြုံရေးကို အီရန်က အပြည့်အ၀ အာမခံကြောင်း ဖော်ပြထားပါတယ်။

    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရေနံတင်သင်္ဘောနဲ့အတူ ဗြိတိန် စစ်သင်္ဘောတစ်စင်း လိုက်ပါလာပြီး မိမိတို့ရဲ့ ဖမ်းဆီးမှုကို နှောက်ယှက်ခဲ့ကြောင်း၊ တရားနည်းလမ်းကျတဲ့ လုပ်ငန်းတွေပြီးရင် သင်္ဘောကို လွှတ်ပေးမှာဖြစ်ကြောင်း အလ်ဂျာဇီးရား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ခရစ်ကတ် ကမ္ဘ္ဘာ့ချန်ပီယံ အင်္ဂလန်အသင်း၏ လူမျိုးစုံ၊ ဘာသာစုံမှုကို အသင်းခေါင်းဆောင် ဂုဏ်ယူ

    ခရစ်ကတ် ကမ္ဘ္ဘာ့ချန်ပီယံ အင်္ဂလန်အသင်း၏ လူမျိုးစုံ၊ ဘာသာစုံမှုကို အသင်းခေါင်းဆောင် ဂုဏ်ယူ

    ဇူလိုင် ၁၆၊ ၂၀၁၉
    M-Media


    ခရစ်ကတ် ကမ္ဘ္ဘာ့ချန်ပီယံ အင်္ဂလန်အသင်

    -မိမိတို့အသင်း ကမ္ဘ္ဘာ့ဖလား ခရစ်ကတ်ချန်ပီယံဖြစ်မှုမှာ မတူကွဲပြားစွာ ညီညွတ်မှုက အရေးပါတယ်လို့ အင်္ဂလန် ခရစ်ကတ်အသင်းရဲ့ အသင်းခေါင်းဆောင် အိုအင် မော်ဂန်က ပြောကြားလိုက်ပါတယ်။

    အင်္ဂလန်အသင်းဟာ ဇူလိုင် ၁၄ ရက်နေ့က ကစားခဲ့တဲ့ ခရစ်ကတ် ကမ္ဘ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ နယူးဇီလန်ကို အနိုင်ရပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ခရစ်ကတ် ကမ္ဘ္ဘာ့ချန်ပီယံ ဖြစ်ခဲ့တာပါ။

    အသင်းခေါင်းဆောင် မော်ဂန်ဟာ အိုင်ယာလန်နွယ်ဖွားဖြစ်ပြီး ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက အိုင်းရစ်ရှ်လူမျိုးတစ်ယောက်ရဲ့ ကံတရားကြောင့် အင်္ဂလန်အသင်း ဗိုလ်စွဲခဲ့တယ်ထင်လားလို့ မေးခဲ့ပါတယ်။

    “အလ္လာဟ်အရှင်မြတ်လည်း ကျွန်တော်တို့နဲ့အတူ ရှိခဲ့ပါတယ်။ ပွဲအကြောင်း အဒီလ်ရာရှစ်နဲ့ ဆွေးနွေးတဲ့အခါ သူက – စိတ်မပူနဲ့ အလ္လာဟ်က ငါတို့နဲ့အတူ ကျိန်းသေရှိနေမှာ – လို့ပြောတယ်။ ကျွန်တော်ကလည်း ငါတို့ ကံကောင်းမှာပါလို့ ပြန်ပြောခဲ့တယ်။ ကျွန်တော်တို့အသင်းက စံနမူနာယူရမယ့်အသင်းဗျ။ လူမျိုးစုံ၊ ဘာသာစုံပါတယ်။ မိုးထဲရေထဲ ရောက်တဲ့အခါမျိုးမှာလည်း ပျော်ပျော်ပါးပါးပဲ အတူတူ ကျော်ဖြတ်ခဲ့ကြတယ်” လို့ မော်ဂန်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

    အင်္ဂလန် ခရစ်ကတ်အသင်းမှာ နိုင်ငံခြားနွယ်ဖွား ကစားသမား တော်တော်များများ ပါဝင်ပြီး အဲဒီအထဲက ရာရှစ်နဲ့ မိုအင် အလီတို့ဟာ နိုင်ငံခြားနွယ်ဖွား အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပါတယ်။ ဂျိုဖရာ အာချာဟာ ဘာဘာဒို့စ်နွယ်ဖွားဖြစ်ပြီး၊ ဘင်စတုတ်က နယူးဇီလန်နွယ်ဖွား၊ ဂျေဆန်ရွိုင်က တောင်အာဖရိကနွယ်ဖွားတွေ ဖြစ်ပါတယ်။

    အသင်းခေါင်းဆောင် မော်ဂန်ရဲ့ ဒီလိုဖြေကြားမှုကို ယူကေပြည်သူတွေက ဆိုရှယ်မီဒီယာတွေမှာ ချီးကျူးပြောဆိုခဲ့ကြပါတယ်။

    ခရစ်ကတ် ကမ္ဘ္ဘာ့ချန်ပီယံ ဖြစ်လာတာကြောင့် အင်္ဂလန်အသင်းဟာ ဘောလုံး၊ ခရစ်ကတ်နဲ့ ရပ်ဘီ အားကစားနည်းတွေမှာ ကမ္ဘ္ဘာ့ချန်ပီယံဖြစ်တဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်လာပါတယ်။

    Ref: The Sun



  • မိမိတို့ရေနံတင်သင်္ဘောကို အီရန်က တားဆီးရန်ကြိုးစားဟု ယူကေ ထုတ်ပြန်

    မိမိတို့ရေနံတင်သင်္ဘောကို အီရန်က တားဆီးရန်ကြိုးစားဟု ယူကေ ထုတ်ပြန်

    ဇူလိုင် ၁၁၊ ၂၀၁၉
    M-Media

    ဂျီဘရော်တာ ရေလက်ကြားတွင် ဖမ်းဆီးခံထားရသည့် အီရန် ရေနံတင်သင်္ဘော

    -ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ မိမိတို့ရဲ့ ရေနံတင်သင်္ဘောကို အီရန် စစ်ရေယာဉ်တွေက တားဆီးဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ဘူးလို့ ယူကေအစိုးရက ဒီကနေ့မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

    အဲဒီအဖြစ်အပျက်ဟာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ သင်္ဘော ၃ စီးဟာ British Heritage သင်္ဘောနားကို ချဉ်းကပ်လာခဲ့ပေမယ့် သင်္ဘောကို စောင့်ရှောက်ဖို့ လိုက်ပါလာတဲ့ ယူကေရေတပ်သင်္ဘောက နှုတ်နဲ့ သတိပေးခဲ့ပြီးတဲ့နောက် ပြန်လှည့်သွားကြတယ်လို့ ဆိုပါတယ်။

    ဒီလုပ်ရပ်အတွက် မိမိတို့ စိုးရိမ်မိပြီး ဒေသတွင်းကအခြေအနေတွေကို တင်းမာအောင် မလုပ်ဖို့ အီရန်အာဏာပိုင်တွေကို တိုက်တွန်းကြောင်း ယူကေက ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ယူကေရဲ့ ပြောကြားမှုတွေကို ငြင်းဆိုခဲ့ပြီး၊ တင်းမာမှုတွေ ဖန်တီးချင်တဲ့အတွက် အခြေအမြစ်မရှိတဲ့ ဒီလိုစကားတွေကို ပြောကြားတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ကလည်း ဒီကိစ္စမှာ သူတို့ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုပါတယ်။

    အမေရိကန်အစိုးရ တာဝန်ရှိသူ ၂ ဦးက တော်လှန်ရေးအစောင့်တပ်ဖွဲ့ကလို့ ယုံကြည်ရတဲ့ သင်္ဘော ၅ စီး ဒီကိစ္စမှာ ပါဝင်တယ်လို့ ဒီကနေ့ မနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်စစ်တပ်ကလည်း ဒီကိစ္စအတွက် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ် ဖော်ပြခြင်း မရှိပါဘူး။

    ပြီးခဲ့တဲ့တစ်ပတ်က စပိန်နိုင်ငံအနီး ဂျီဘရော်တာ ရေလက်ကြားမှာ အီရန် ရေနံတင်သင်္ဘောတစ်စင်းကို ယူကေက ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒီအဖြစ်အပျက် ပေါ်ထွက်လာတာပါ။ ဗြိတိသျှအစိုးရက အဲဒီ သင်္ဘောဟာ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ဆီးရီးယားက အာဆတ်အစိုးရထံ ရေနံတွေ တင်ပို့တာကြောင့် ဖမ်းဆီးရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန်ကတော့ သူတို့သင်္ဘောဟာ ဆီးရီးယားကို သွားမယ့်သင်္ဘောမဟုတ်ဘဲ ဖမ်းဆီးမှုဟာ ပင်လယ်ဓားပြလုပ်ရပ် ဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera