News @ M-Media

Tag: US

  • ရုရှားရန်ရှိနေသည့် ယူကရိန်းသို့ အမေရိကန်က စစ်လက်နက်များ ပေးပို့

    ရုရှားရန်ရှိနေသည့် ယူကရိန်းသို့ အမေရိကန်က စစ်လက်နက်များ ပေးပို့

    ဇန်နဝါရီ ၂၄၊ ၂၀၂၂
    M-Media

    -အမေရိကန်က ပေးပို့ထောက်ပံ့တဲ့ လက်နက် ဒုတိယအသုတ် ရောက်ရှိလာတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

    ယူကရိန်းနယ်စပ်မှာ ရုရှားက စစ်သည် ၁ သိန်းလောက်နဲ့ စစ်လက်နက်ပစ္စည်းတွေ ထပ်တိုးချထားတဲ့အတွက် ယူကရိန်းကို ဝင်​တိုက်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေတဲ့အချိန် အမေရိကန်ရဲ့ ဒီလို ထောက်ပံ့မှု ပေါ်ပေါက်လာတာပါ။

    ကန်ဒေါ်လာ သန်း ၂၀၀ ဖိုးရှိတဲ့ လက်နက်ခဲယမ်းတွေ ယူကရိန်းကို ထောက်ပံ့သွားမယ်လို့ အမေရိကန်က ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။ စ​နေနေ့က ပထမအသုတ်နဲ့ တနင်္ဂနွေက ဒုတိယအသုတ် ယူကရိန်းမြို့တော် ကိဗ်ကို ရောက်လာတာ ဖြစ်ပါတယ်။

    ဝန်ကြီး Reznikov က မိတ်​ဆွေ အမေရိကန်ထံကနေ တန် ၈၀ ကျော်လောက်ရှိတဲ့ လက်နက်ခဲယမ်းတွေ ရောက်ရှိလာပြီး ဒါဟာ ယူကရိန်း ကာကွယ်ရေးစွမ်းအားကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဘော်လ်ကန် ၃ နိုင်ငံဖြစ်တဲ့ အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့က ယူကရိန်းကို လက်နက်ထောက်ပံ့ပေးဖို့လည်း အမေရိကန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ခွင့်ပြုခဲ့ပါတယ်။

    Ref: Reuters

  • မဲရှုံးသဖြင့် မဲပေးစက်များကို သိမ်းစည်းရန်အထိ ထရမ့်က ကြံစည်ခဲ့

    မဲရှုံးသဖြင့် မဲပေးစက်များကို သိမ်းစည်းရန်အထိ ထရမ့်က ကြံစည်ခဲ့

    ဇန်နဝါရီ ၂၂၊ ၂၀၂၂
    M-Media

    -အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးပြီး ရာထူးကမဆင်းခင် အီလက်ထရောနစ် မဲပေးစက်တွေကို သိမ်းဆည်းစစ်ဆေးဖို့အတွက် ကာကွယ်ရေးဝန်ကြီးကို အမိန့်ပေးဖို့ ကြိုးစားခဲ့မှု အထောက်အထားတွေ ပေါ်ထွက်လာပါတယ်။

    ၂၀၂၁ ခုနှစ် လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေက ဝင်ရောက်စီးနင်းတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးမှုမှာ အသုံးပြုနိုင်ဖို့ အမေရိကန် နိုင်ငံတော်မော်ကွန်းတိုက်က ထရမ့်လက်ထက် မှတ်တမ်းတွေတစ်ချို့ကို ထုတ်ပြန်ပေးခဲ့ပါတယ်။

    စာရွက်စာတမ်းပေါင်း ၇၅၀ လောက်ရှိတဲ့ အဲဒီမှတ်တမ်းတွေမှာ ထရမ့်ဟာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပစ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ရက်စွဲ တပ်ထားတဲ့ အိမ်ဖြူတော်ရဲ့ အမိန့်မူကြမ်းတစ်ခုမှာ ထရမ့်ဟာ သူမဲရှုံးတဲ့ ပြည်နယ်တွေမှာ အီလက်ထရောနစ် မဲပေးစက်တွေကို သိမ်းဆည်းကာ၊ အထူးကိုယ်စားလှယ်ခန့်ပြီး မဲမသမာမှုတွေကို စစ်ဆေးပေးဖို့ ကာကွယ်ရေးဝန်ကြီးကို ညွှန်ကြားထားတာ တွေ့ရပါတယ်။

    လက်နဲ့ရေတွက်တဲ့ မဲပုံးတွေကို သိမ်းဆည်းဖို့ ပြည်ထောင်စု ရဲတပ်ဖွဲ့ကို ညွန်ကြားမှုလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ဒီအမိန့်ကို ထရမ့်က လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါဘူး။

    ဂျိုးဘိုင်ဒန် အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစက်တွေ Hack ခံခဲ့ရသလို၊ ဗင်နီဇွဲလား၊ ကျူးဘားနဲ့ တရုတ်တို့လို ကွန်မြူနစ်နိုင်ငံတွေက ငွေကြေးသုံးပြီး ရလဒ်ပြောင်းအောင် ကြိုးစားခဲ့တယ်လို့ ထရမ့်နဲ့ သူ့အစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ချို့က စွပ်စွဲခဲ့တာပါ။

    ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုပြီး ထရမ့်အစိုးရက တရားရုံးကို တိုင်ကြားမှုတွေလုပ်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် ထရမ့်ရဲ့ လှုံ့ဆော်မှုတွေကြောင့် သူ့ကို ထောက်ခံသူတွေဟာ လွှတ်တော်ကို ဝင်စီးခဲ့ပြီး အမေရိကန်သမိုင်းတစ်လျှောက် အကျည်းတန်ဆုံးဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်အတွက် ထရမ့်မှာ အပြစ်ရှိတယ်လို့ လွှတ်တော်က သူရာထူးကမဆင်းခင် သီတင်းပတ်အနည်းငယ်အလိုမှာ ဆုံးဖြတ်ခဲ့ပါတယ်။

    Ref: CNA

  • သေပြီဟုသတင်းလွှင့်၍ မုဒိမ်းမှုကိုရှောင်ခဲ့သူ ကန်နိုင်ငံသား စကော့တလန်တွင် ပြန်ဖမ်းမိ

    သေပြီဟုသတင်းလွှင့်၍ မုဒိမ်းမှုကိုရှောင်ခဲ့သူ ကန်နိုင်ငံသား စကော့တလန်တွင် ပြန်ဖမ်းမိ

    ဇန်နဝါရီ ၁၅၊ ၂၀၂၂
    M-Media

    -မုဒိမ်းမှုနဲ့ အခြားအမှုတွေကို ရှောင်ရှားဖို့အတွက် သေဆုံးပြီလို့ သတင်းလွှင့် ထွက်ပြေးတဲ့ အမေရိကန်အမျိုးသားတစ်ဦးကို စကော့တလန်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

    အသက် ၃၄ နှစ်အရွယ်ရှိတဲ့ နီကိုလက်စ် အလာဗာဒီယန်ဆိုသူဖြစ်ပြီး ကိုဗစ်ကူးစက်မှုကြောင့် မြို့တော် ဂလက်စကိုက ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာပါ။

    အမေရိကန်ပြည်ထောင်စု ယူတာပြည်နယ်မှာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးကို ၂၀၀၈ ခုနှစ်က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့အတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့က အလာဗာဒီယန်ကို အလိုရှိနေတာ ဖြစ်ပါတယ်။ ယူတာမှာ သူ့ရဲ့အမည်က နီကိုလက်စ် ရော့စီ ဖြစ်ပါတယ်။

    အဲဒီအချိန်တုန်းက DNA ကို အလာဗာဒီယန်ရဲ့ မွေးရပ်ဖြစ်တဲ့ အိုဟိုင်ယိုးက မှတ်တမ်းတွေနဲ့ ၂၀၁၇ ခုနှစ်ရောက်မှ တိုက်ဆိုင် အတည်ပြုနိုင်ခဲ့တာပါ။

    ကြာသာတေးနေ့က ထုတ်ပြန်တဲ့ တရားရုံးမှတ်တမ်းတွေမှာ အမေရိကန် ရဲတပ်ဖွဲ့နဲ့ တရားရေးအဖွဲ့တို့က သူ့ကို သေသွားပြီလို့ထင်အောင် အလာဗာဒီယန်က လှည့်ဖျားနိုင်ခဲ့ပြီး စကော့တလန်နိုင်ငံ ရိုဒီကျွန်းမှာ လာရောက် ဇာတ်မြှုပ် နေထိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    မွေးစားမိဖတွေရဲ့ အကြွေးဝယ်ကတ်ကို အလွဲသုံးစားပြုမှုအတွက် အိုဟိုင်းယိုးပြည်နယ်က အလာဗာဒီယန်ကို အလိုရှိနေသလို​၊ လိင်ပိုင်းဆိုင်ရာ စော်ကားသူအဖြစ် မှတ်ပုံမတင်ခဲ့တဲ့အတွက် စကော့တလန် ရဲတပ်ဖွဲ့ကလည်း သူ့ကို အလိုရှိနေပါတယ်။

    အလာဗာဒီယန်ဟာ ရိုဒီကျွန်းက မိသားစုနဲ့ ကလေးသူများ စောင့်ရှောက်ရေးဌာနကို တစ်စိုက်မတ်မတ် ဝေဖန်သူဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ဖေဖော်၀ါရီလ ၂၉ ရက်မှာ သူသေဆုံးသွားတယ်ဆိုတဲ့ သတင်းနဲ့ ဘုရားကျောင်းမှာ အသုဘအခမ်းအနား ကျင်းပခဲ့တယ်ဆိုတဲ့သတင်း သတင်းစာတွေမှာ ပါလာခဲ့ပါတယ်။

    ဒါပေမယ့် အမှန်တကယ် မသေဆုံးဘူးဆိုတာ ရိုဒီကျွန်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ်မှာ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

    လက်ရှိ ဂလက်စကိုဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ အလာဗာဒီယန်ကို အမေရိကန်ဆီလွှဲပြောင်းဖို့ စကော့တလန်အာဏာပိုင်တွေက စီစဉ်ထားပြီး ဖြစ်ပါတယ်။

    Ref: Aljazeera

  • အင်ဒိုနီးရှားနှင့် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းရန် အမေရိကန် စိတ်ဆန္ဒရှိ

    အင်ဒိုနီးရှားနှင့် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းရန် အမေရိကန် စိတ်ဆန္ဒရှိ

    ဒီဇင်ဘာ ၁၄၊ ၂၀၂၁
    M-Media

    -အင်ဒိုနီးရှားနဲ့ မိတ်ဖက်ဆက်ဆံရေး ခိုင်ခိုင်မာမာထားရှိလိုတဲ့ စိတ်ဆန္ဒကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြသခဲ့တယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

    ဘလင်ကန်ဟာ အရှေ့တောင်အာရှ ၄ ရက်ကြာခရီးစဉ်ကို မနေ့က စတင်ခဲ့တာပါ။ ဒီခရီးစဉ်အတွင်း အင်ဒိုနီးရှား မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။

    မနေ့က အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံရာမှာ ဘလင်ကန်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အထူးသဖြင့် အခြေခံအဆောက်အဦးကဏ္ဍတွေမှာ ပူးပေါင်းဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တယ်လို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောပါယတ်။

    “အမေရိကန်ရဲ့ ဒီစိတ်ဆန္ဒဟာ တော်တော်လေး ခိုင်မာအားကောင်းပါတယ်”

    တရုတ်နဲ့ အမေရိကန်တို့ အားပြိုင်မှုမှာ အရှေ့တောင်အာရှက အဓိကျတဲ့နေရာမှာ ပါဝင်နေပြီး သမ္မတ ထရမ့်လက်ထက်မှာ အရှေ့တောင်အာရှနဲ့ ဆက်ဆံရေး အေးစက်ခဲ့ပေမယ့် သမ္မတ ဘိုင်ဒန်လက်ထက်မှာတော့ အားကောင်းအောင် ဆောင်ရွက်လာပါတယ်။

    G20 ဥက္ကဌနေရာကို ထမ်းဆောင်မယ့် အင်ဒိုနီးရှားအတွက် ဂုဏ်ယူပြီး အင်ဒို-ပစိဖိတ်ဒေသမှာ အင်ဒိုနီးရှားရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ပံ့ပိုးကူညီပေးသွားမယ်လို့လည်း ဘလင်ကန်က သမ္မတ ဝီဒိုဒိုကို ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ စီးပွားရေးအကြီးဆုံးနဲ့ လူဦးရေအများဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်ပါတယ်။

    Ref: Reuters

  • ယူကရိန်းကိုကျူးကျော်လျှင် အကြီးအကျယ် ပြန်ပေးဆပ်ရမည်ဟု ရုရှားကို ကန်သတိပေး

    ယူကရိန်းကိုကျူးကျော်လျှင် အကြီးအကျယ် ပြန်ပေးဆပ်ရမည်ဟု ရုရှားကို ကန်သတိပေး

    ဒီဇင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -ယူကရိန်းကို ကျူးကျော်သိမ်းပိုက်မယ်ဆိုရင် အကြီအကျယ် ပြန်ပေးဆပ်ရမှာဖြစ်ပြီး ပြင်းထန်တဲ့ စီးပွားရေးဆိုးကျိုးတွေကို ခံစားရမှာဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ကို သတိပေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

    ပူတင်နဲ့ ဘိုင်ဒန်တို့ဟာ ပြီးခဲ့တဲ့တစ်ပတ်က ၂ နာရီကြာ ဖုန်းနဲ့ ပြောဆိုဆွေးနွေးခဲ့တာပါ။

    ရုရှားက ကျူးကျော်လာရင် အမေရိကန်မြေပြင်တပ်ဖွဲ့တွေ ယူကရိန်းကိုစေလွှတ်ဖို့ မိမိတို့မှာ အစီအစဉ်လုံး၀မရှိဘူးလို့ သမ္မတ ဘိုင်ဒန်က သတင်းထောက်တွေကို မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နေ့တိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရှေ့ခြမ်းမှာ ကာကွယ်ရေး​တိုးမြှင့်ဖို့ လိုအပ်လာရင် စစ်သည်တွေ ပို့သွားမယ်လို့ ဆိုပါတယ်။

    “ယူကရိန်းမှာ အကွက်ရွှေ့လာရင် သူတို့တိုင်းပြည်ရဲ့ စီးပွားရေး ဆိုးဆိုးရွားရွားကို ထိခိုက်လိမ့်မယ်လို့ ကျွန်တော် ပူတင်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်”

    ယူကရိန်းကိုကျူးကျော်ရင် လက်ရှိ ကမ္ဘာကြီးမှာ ရုရှားရဲ့ ရပ်တည်မှု သိသိသာသာ ပြောင်းလဲသွားလိ့မ်မယ်လို့လည်း ဘိုင်ဒန်က ပူတင်ကို သတိပေးခဲ့ပါတယ်။

    G7 အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးတွေ မနေ့က လီဗာပူးလ်မြို့ တွေ့ဆုံပွဲအပြီးမှာ ရုရှားအနေနဲ့ ယူကရိန်းကို မကျူးကျော်ဖို့နဲ့ ကျူးကျော်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရမယ်လို့ သတိပေးခဲ့ပါတယ်။

    ရုရှားဟာ ယူကရိန်းနိုင်ငံရေးအကြပ်အတည်းကို အမြတ်ထုတ်ပြီး ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ယူကရိန်းနဲ့ကပ်နေတဲ့ နယ်စပ်ကို စစ်သားသောင်းချီနဲ့ စက်လက်နက်ပစ္စည်းအများအပြား ပို့ဆောင်ထားပါတယ်။

    ယူကရိန်းက ရုရှားဟာ မိမိတို့ကို ကျူးကျော်သိမ်းပိုက်ဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပြီး ရုရှားကတော့ ဒီပြောဆိုချက်ကို ငြင်းပါတယ်။

    Ref: Reuters