News @ M-Media

Tag: US

  • ယူကရိန်းတွင် ရုရှားက ဇီ၀၊ ဓာတုလက်နက် သုံးနိုင်ဟု ကန်သတိပေး

    ယူကရိန်းတွင် ရုရှားက ဇီ၀၊ ဓာတုလက်နက် သုံးနိုင်ဟု ကန်သတိပေး

    မတ် ၂၂၊ ၂၀၂၂

    M-Media 

    -ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းစစ်ပွဲမှာ ဓာတုလက်နက်၊ ဇီ၀လက်နက်တွေ အသုံးပြုဖို့ အကြောင်းရှာနေတယ်လို့ အမေရိကန်သမ္မ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ 

    ပူတင်ဟာ ယူကရိန်းကို အကြောင်းတစ်ခုခုရှာပြီး တိုက်လိမ့်မယ်လို့ စစ်မဖြစ်ခင် တစ်ပတ်ကျော်လောက်ကတည်းက ဘိုင်ဒန်က ထုတ်ပြောခဲ့ပြီး နောက်ပိုင်း ဒီစကားဟာ မှန်ကန်ခဲ့ပါတယ်။ 

    အခုလည်း ယူးကရိန်းမှာ အနောက်နိုင်ငံတွေရဲ့ ဇီ၀လက်နက်၊ ဓာတုလက်နက်စက်ရုံတွေ ရှိတယ်ဆိုတဲ့ ပူတင်ရဲ့ ပြောကြားမှုဟာ သူ့မှာရှိနေတဲ့ ဓာတု၊ ဇီ၀လက်နက်တွေ အသုံးပြုဖို့ ခေါင်းစဥ်ရှာနေတာလို့ မနေ့က အခမ်းအနားတစ်ခုမှာ သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။ 

    “ယူးကရိန်းမှာ ဇီ၀လက်နက်၊ ဓာတုလက်နက်တွေရှိတယ်လို့ သူတို့ ပြောပြောနေကြတယ်။ ဒါဟာ သူတို့မှာရှိတာကို သုံးဖို့ လုပ်နေတယ်ဆိုတာ ထင်ရှားစေတဲ့ လက္ခဏာပါ”

    ရုရှားဟာ ယူးကရိန်းစစ်ပွဲမှာ အသံထက်မြန်တဲ့ ဒုံးကျည်တွေကို သုံးနေပြီး၊ ရုရှားတပ်တွေက စစ်ရာဇ၀တ်မှု ကျူးလွန်တယ်ဆိုတဲ့ လက္ခဏာတွေ ထင်ထင်ရှားရှား တွေ့ရတယ်လို့ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။ 

    Ref: Reuters 

  • သမ္မတပူတင် စစ်ရာဇ၀တ်ကောင်အဖြစ် ကန်သမ္မတ သမုတ်

    သမ္မတပူတင် စစ်ရာဇ၀တ်ကောင်အဖြစ် ကန်သမ္မတ သမုတ်

    မတ် ၁၇၊ ၂၀၂၂

    M-Media 

    -ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမီပူတင်ကို စစ်ရာဇ၀တ်ကောင်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ခေါ်၀ေါ်သမုတ်လိုက်ပါတယ်။ 

    ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှု စတုတ္တပတ်ထဲကို ၀င်လာတဲ့အချိန် ကမ္ဘာခေါင်းဆောင်တစ်ဦးက ပူတင်ကို အပြင်းထန်ဆုံး ၀ေဖန်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ 

    မနေ့က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒန်က ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာသန်း ၈၀၀  ဖိုး  ထပ်ပေးမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ 

    ၃ ပတ်အတွင်း ယူကရိန်းကို အမေရိကန်ကပေးတဲ့ စစ်ရေးအကူအညီဟာ အနည်းဆုံး ဒေါ်လာ ၁.၄ ဘီလီယံဖိုးရှိလာပြီး ဒါဟာ သမိုင်းတစ်လျှောက် နိုင်ငံတစ်နိုင်ငံကို အမေရိကန်က အချိန်တိုတိုအတွင်း စစ်ဖက်ဆိုင်ရာ ထောက်ပံ့မှုမှာ အများဆုံး ဖြစ်ပါတယ်။ 

    သတင်းထောက်တွေက  သမ္မတပူတင်ကို စစ်ရာဇ၀တ်ကောင်လို့ သတ်မှတ်လားဆိုတဲ့ မေးခွန်းကို ကန်သမ္မတက မဖြေဘဲ လှည့်ထွက်သွားပြီးမှ ပြန်လာကာ စစ်ရာဇ၀တ်ကောင်လို့ ထင်ကြောင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။

    ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က သမ္မတဘိုင်ဒန်ရဲ့ ဒီမှတ်ချက်ဟာ လက်မခံနိုင်စရာ၊ ခွင့်မလွှတ်နိုင်စရာ ပြောဆိုမှုဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ 

    Ref: Reuters 

  • ယူကရိန်းကိစ္စ တတိယကမ္ဘာစစ်အထိ ဖြစ်လာနိုင်ကြောင်း ကန်သမ္မတ သတိပေး

    ယူကရိန်းကိစ္စ တတိယကမ္ဘာစစ်အထိ ဖြစ်လာနိုင်ကြောင်း ကန်သမ္မတ သတိပေး

    မတ် ၁၃၊ ၂၀၂၂

    M-Media

    -နေတိုးအဖွဲ့၀င်နိုင်ငံတွေရဲ့ပိုင်နက်ကို တစ်လက်မမှ ကျူးကျော်မခံဘဲ တတိယကမ္ဘာစစ်ဖြစ်မယ်ဆိုလည်း တိုက်ခိုက်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ 

    ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုဟာ ၂ ပတ်ကျော်လာပြီး ဖြစ်ပြီး ဒီပဋိပက္ခ ပိုမိုဆိုးရွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေတာပါ။

    ကန်ဒေါ်လာ သန်း ၂၀၀ ဖိုးရှိတဲ့ စစ်ဖက်ဆိုင်ရာ ပစ္စည်းတွေ ယူကရိန်းကို ထပ်မံထောက်ပံ့မှာဖြစ်ကြောင်း မနေ့က ကြေငြာမှုမှာ ဘိုင်ဒန်က ယူကရိန်းကို လေယာဥ်မပျံသန်းရဇုန်လုပ်တာ၊ တပ်ဖွဲ့၀င်တွေပို့တာလို ရုရှားနဲ့ ထိပ်တိုက်တွေ့တာမျိုး လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

    “ရှင်းရှင်းပဲပြောပါမယ်။ ရုရှားရဲ့ ကျူးကျော်ရန်ကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးသွားမှာပါ။ ဥရောပသားတွေ၊ ယူကရိန်းသားတွေရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ငွေကြေးနဲ့ စားနပ်ရိက္ခာအကူအညီလည်း ပေးသွားမှာ ဖြစ်ပါတယ်” 

    မဟာမိတ်တွေကို ကာကွယ်ဖို့တွက် လက်ဗီယား၊ အက်စတိုးနီးယား၊ လစ်သူယေးနီးယား၊ အက်စတိုနီးယား စတဲ့နိုင်ငံတွေမှာ တပ်ဖွဲ့၀င်တွေ စစ်လက်နက်ပစ္စည်းတွေ ချထားပြီး နေတိုးအဖွဲ့ရဲ့ပိုင်နက်ကို တစ်လက်မမှ အထိခံမှာမဟုတ်ဘူးလို့လည်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    “ရုရှားကကျွံလာမယ်၊ ကျွန်တော်တို့ကလည်း ပြန်တုန့်ပြန်မယ်ဆိုရင် အဲဒါ တတိယကမ္ဘာစစ်ပါပဲ။ ဒါပေမယ့် နေတိုးအဖွဲ့၀င်နိုင်ငံတွေကို ကာကွယ်ရမယ်ဆိုတဲ့ တာ၀န်တစ်ရပ် ရှိနေပါတယ်။ ယူကရိန်းမှာတော့ ကျွန်တော်တို့ တတိယကမ္ဘာစစ် ဆင်မှာမဟုတ်ပါဘူး။ ယူကရိန်းကို ပူတင်ရဲ့ကျူးကျော်မှုဟာ အောင်မြင်မှာလည်း မဟုတ်ပါဘူး”

    Ref: News18 

  • ယူကရိန်း-ရုရှား ပြဿနာက ကမ္ဘာ့စားနပ်ရိက္ခာကဏ္ဍကို ထိခိုက်လာနိုင်

    ယူကရိန်း-ရုရှား ပြဿနာက ကမ္ဘာ့စားနပ်ရိက္ခာကဏ္ဍကို ထိခိုက်လာနိုင်

    မတ် ၁၁၊ ၂၀၂၂

    M-Media 

    -ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုဟာ ကမ္ဘာ့စားနပ်ရိက္ခာကဏ္ဍကို ရိုက်ခတ်လာနိုင်ပြီး အထူးသဖြင့် အာရှပစိဖိတ်ဒေသက စားနပ်ရိက္ခာဖူလှုံမှုကို ထိခိုက်လိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။    

    ကမ္ဘာ့ ဂျုံနဲ့ ဘာလီတင်ပို့မှုရဲ့ သုံးပုံတစ်ပုံဟာ ရုရှားနဲ့ ယူကရိန်းတို့က လာတာဖြစ်ပြီး ယူကရိန်းဟာ  ပြောင်းဖူးအဓိကတင်ပို့တဲ့ နိုင်ငံတွေထဲမှာ ပါ၀င်ပါတယ်။

    ဟင်းချက်ဆီအဖြစ် အသုံးပြုတဲ့ နေကြာဆီတင်ပို့မှုမှာတော့ ယူကရိန်းဟာ ကမ္ဘာ့ နံပါတ်တစ်ပါ။ ယူကရိန်းနဲ့ ရုရှားတို့ဟာ မြေသြဇာနဲ့ စွမ်းအင်တင်ပို့တဲ့ အဓိကနိုင်ငံတွေလည်း ဖြစ်ပါတယ်။ 

    အခုစစ်ပွဲနဲ့ နောက်ဆက်တွဲ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ဂျုံ၊ ဘာလီ၊ ပြောင်းနဲ့ နေကြာဆီတင်ပို့မှုတွေ ကျဆင်းကာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအထိ စျေးတက်မယ့်အနေအထားကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

    ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလှုံရေးအဖွဲ့ အကြီးအကဲ ဂါဘရီယဲလ် ဖာရဲရိုး လိုမာ-အိုဆိုရီယိုက ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်ကတည်းက ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာရှားပါးမှု ပြဿနာ ဖြစ်ပွားနေတာဖြစ်ပြီး၊ ရုရှားရဲ့ ကျူးကျော်မှုကြောင့် စားနပ်ရိက္ခာ ရရှိမှုနဲ့ စျေးနှုန်းအပေါ် အကြီးအကျယ် ရိုက်ခတ်မှု ရှိလာနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။ 

    အစားအသောက်တွေမှာ ပြည်ပတင်သွင်းမှုကို မှီခိုနေရတဲ့ နိုင်ငံတွေအနေနဲ့ စားနပ်ရိက္ခာ ဖူလှုံရေးကို သတိထားကိုင်တွယ်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ 

    ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုနောက်ပိုင်း ကမ္ဘာ့စျေးကွက်မှာ ဂျုံပြတ်လတ်တာမျိုး မရှိသေးပေမယ့် စျေးကတော့ ၂ ဆကျော်လောက် မြင့်တက်လာပါတယ်။ 

    ကမ္ဘာတစ်၀ှမ်း စားနပ်ရိက္ခာ လုံလုံလောက်လောက် မရသူအရေအတွက်ဟာ ကိုဗစ်မတိုင်က အရေအတွက်ထက် ၁၆၁ သန်း ပိုများလာပြီး ၈၂၁ သန်းအထိ ရောက်လာပါတယ်။ 

    ကုလ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့  FAO အကြီးအကဲ ချွီဒန်ယွီက အာရှပစိဖိတ်ဒေသအတွင်း စားနပ်ရိက္ခာဖူလှုံရေးမှာ နှစ်နဲ့ချီ ရရှိထားတဲ့ တိုးတက်မှုတွေ နောက်ပြန်ဆုတ်သွားပြီး ရှားပါးမှုအနေအထား ပိုမိုမြင့်တက်လာမယ်လို့ သတိပေးခဲ့ပါတယ်။ 

    Ref: AP

  • ကာတာကို အဓိကမဟာမိတ်နိုင်ငံအဖြစ် အမေရိကန်က သတ်မှတ်ပြီး ဆက်ဆံရေး တစ်ဆင့်မြှင့်

    ကာတာကို အဓိကမဟာမိတ်နိုင်ငံအဖြစ် အမေရိကန်က သတ်မှတ်ပြီး ဆက်ဆံရေး တစ်ဆင့်မြှင့်


    မတ် ၁၁၊ ၂၀၂၂

    M-Media 

    အလ်သာနီ (၀ဲ) နှင့် ဂျိုးဘိုင်ဒန်

    -ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ကာတာကို နေတိုးအဖွဲ့၀င်မဟုတ်တဲ့ အဓိက မဟာမိတ်နိုင်ငံအဖြစ် အမေရိကန်က သတ်မှတ်လိုက်ပါတယ်။ 

    နှစ်နိုင်ငံဆက်ဆံရေးကို တစ်ဆင့်မြှင့်လိုက်တာဖြစ်ပြီး အခုသတ်မှတ်ချက်ကြောင့် ကာတာဟာ အမေရိကန်ထံကနေ စီးပွားရေးနဲ့ စစ်ရေးမှာ အထူးအခွင့်အရေးတွေ ရရှိမှာ ဖြစ်ပါတယ်။ 

    ဇန်န၀ါရီလက ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ်သာနီကို အိမ်ဖြူတော်မှာ တွေ့ဆုံမှုအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အဓိကမဟာမိတ်အဖြစ် သတ်မှတ်သွားမယ်လို့ ကတိပြုခဲ့ပြီး ကြာသာပတေးနေ့မှာတော့ အိမ်ဖြူတော်က တရား၀င် ကြေငြာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

    ကာတာကို နေတိုးအဖွဲ့၀င်မဟုတ်တဲ့ အဓိကမဟာမိတ်အဖြစ် သတ်မှတ်တာဟာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ အရေးပါမှုကို မီးမောင်းထိုးပြလိုက်တာလို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ 

    အရှေ့အလယ်ပိုင်းက ပင်လယ်ကွေ့ဒေသမှာ နေတိုးအဖွဲ့၀င်မဟုတ်တဲ့ အဓိက မဟာမိတ်နိုင်ငံအဖြစ် အမေရိကန်က သတ်မှတ်ထားတဲ့နိုင်ငံဟာ ၃ နိုင်ငံ ရှိလာပြီး ကူ၀ိတ်၊ ဘာရိန်းနဲ့ ကာတာနိုင်ငံတို့ ဖြစ်ပါတယ်။ 

    အမေရိကန်နဲ့ ကာတာတို့ဟာ အရင်ကတည်းက နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပြီး ဒေသတွင်းက ကိစ္စတော်တော်များများမှာ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    Ref: Aljazeera