News @ M-Media

Tag: US

  • သရဲမျက်နှာဖုံးဖြင့် ကလေးများကိုခြောက်သည့် ဆရာမများ ညှင်းပမ်းမှုဖြင့် တရားစွဲခံရ

    သရဲမျက်နှာဖုံးဖြင့် ကလေးများကိုခြောက်သည့် ဆရာမများ ညှင်းပမ်းမှုဖြင့် တရားစွဲခံရ

    အောက်တိုဘာ ၂၃၊ ၂၀၂၂

    M-Media 


    -အမေရိကန်ပြည်ထောင်စု မစ္စစီပီ နေ့ကလေးထိန်းကျောင်းက ဆရာမ ၅ ဦးဟာ ကလေးငယ်တွေအပေါ် ညှင်းပမ်းမှုနဲ့ တရားစွဲဆို ခံလိုက်ရပါတယ်။ 

    သရဲမျက်နှာဖုံးတွေ၀တ်ကာ ကလေးတွေကို ခြောက်လှန့်ပြီး ငြိမ်အောင် ထိန်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ 

    Lil’ Blessings Child Care & Learning Center နေ့ကလေးထိန်းစင်တာက ဆရာမတွေ ဟောလို၀င်းပွဲက သရဲမျက်နှာဖုံး၀တ်ပြီး ကလေးတွေကို ခြောက်လှန့် ထိန်းကြောင်းနေတဲ့ ဗီဒီယို ၂ ခု စက်တင်ဘာလနဲ့ အခုလအစောပိုင်းမှာ ဆိုရှယ်မီဒီယာပေါ် ပြန့်နှံ့ခဲ့ပြီး ၀ေဖန်မှုတွေလည်း ရှိလာပါတယ်။ 

    အခင်းဖြစ်ပွားတဲ့ မွန်ရိုခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ကီဗင် ကရွတ်က ဆရာမ ၄ ဦးကို ကလေးငယ်တွေ ညှင်းပမ်းမှု စွဲချက် ၃ ခုနဲ့ တရားစွဲဆိုခဲ့ပြီး အခြားတစ်ဦးကို တိုင်ကြားဖို့ ပျက်ကွက်မှုနဲ့ တရားစွဲဆိုခဲ့တယ်လို့ ပြောပါတယ်။ 

    ဒီလို ခြောက်လှန့်မှုကြောင့် အသက် ၂ နှစ်အရွယ် သမီးဖြစ်သူမှာ စိတ်ဒဏ်ရာရနေပြီး ညဖက်တွေမှာ ကြောက်လန့်ကာ အိပ်မပျော်ဖြစ်နေတယ်လို့ မိခင်တစ်ဦးဖြစ်တဲ့ ကာတီလင် ဂျွန်ဆင်က ပြောပါတယ်။ 

    “မျက်နှာဖုံး၀တ်ထားထား မထားထား သူတို့ရဲ့ အပြုအမူက လက်ခံနိုင်စရာ မရှိပါဘူး။ ကျွန်မ သွေးတွေဘာတွေတောင်တိုးတယ်။ ကလေးအတွက်လည်း စိတ်မကောင်းဘူး။ ဒေါသထွက်ရပါတယ်”

    ရဲအရာရှိ ကရွတ်က အခုလို တရားစွဲဆိုမှုဟာ တစ်ခြားသူတွေ သင်ခန်းစာယူဖို့ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Washington Post

  • လွှတ်တော်ကို တိုက်ခိုက်ရန် လှုံ့ဆော်မှုအတွက် ဖြေရှင်းရတော့မယ့် ကန်သမ္မတဟောင်း

    လွှတ်တော်ကို တိုက်ခိုက်ရန် လှုံ့ဆော်မှုအတွက် ဖြေရှင်းရတော့မယ့် ကန်သမ္မတဟောင်း

    အောက်တိုဘာ ၂၂၊ ၂၀၂၂

    M-Media

    -ပြီးခဲ့တဲ့နှစ်က လွှတ်တော်ကို လူအုပ်ကြီးက ၀င်ရောက်စီးနင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လာရောက်ရှင်းလင်းဖို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီက ဆင့်ခေါ်လိုက်ပါတယ်။ 

    ထရမ့်ဟာ နို၀င်ဘာရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်မခံဘဲ လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် သူ့ကိုထောက်ခံသူတွေဟာ ၀ါရှင်တန်က လွှတ်တော်အဆောက်အဦးကို ၀င်ရောက်စီးနင်း တိုက်ခိုက်တဲ့အထိ ဆိုးရွားခဲ့ပါတယ်။ 

    ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတဲ့ လွှတ်တော် အထူးကော်မတီက လာရောက်ဖြရှင်းဖို့ ထရမ့်ကို ဆင့်ခေါ်လိုက်ပါတယ်။ 

    “ခင်ဗျားဟာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားတဲ့ တစ်ဦးတည်းသော အမေရိကန်သမ္မတဖြစ်ပြီး ဒီကိစ္စမှာ အဓိက တာ၀န်ရှိသူလည်းဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး တရားမ၀င်ဘူးဆိုတာ ခင်ဗျားလည်း သိပြီးသားပါ” လို့ ဆင့်ခေါ်စာမှာ ဖော်ပြထားပါတယ်။ 

    ကော်မတီဟာ စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတစ်ချို့ကိုလည်း ထရမ့်ဆီက တောင်းထားပါတယ်။ နို၀င်ဘာ ၄ ရက်နေ့မတိုင်မီ ဒီစာရွက်စာတမ်းတွေကို ပေးရမှာဖြစ်ပြီး နို၀င်ဘာ ၁၄ ရက်နေ့မှာ ကော်မတီရှေ့မှောက် မေးမြန်းစစ်ဆေးခံရမှာဖြစ်ပါတယ်။ 

    ထရမ့်ရဲ့ရှေ့နေက ကော်မတီဟာ စံနှုန်းတွေကို မလိုက်နာဘဲ နို၀င်ဘာလအတွင်းလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို အာရုံလွှဲဖို့အတွက် ဒီလို ဆောင်ရွက်တာလို့ ပြစ်တင်၀ေဖန်ခဲ့ပါတယ်။ 

    ထရမ့်အနေနဲ့ ကော်မတီရဲ့ ဆင့်ခေါ်မှုကို မလိုက်နာရင် တရားရေးဌာနရဲ့ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေး တရားစွဲဆိုခြင်းကို ခံရမှာ ဖြစ်ပါတယ်။ 

    Ref: BBC

  • တရုတ်ရန်မှ ထိုင်၀မ်ကို စစ်ရေးဖြင့် ကာကွယ်ပေးမည်ဟု ဂျိုးဘိုင်ဒန် ပြော

    တရုတ်ရန်မှ ထိုင်၀မ်ကို စစ်ရေးဖြင့် ကာကွယ်ပေးမည်ဟု ဂျိုးဘိုင်ဒန် ပြော

    စက်တင်ဘာ ၁၉၊ ၂၀၂၂
    M-Media

    -တရုတ်က ထိုင်၀မ်ကို ကျူးကျော်လာရင် အမေရိကန်တပ်တွေက ထိုင်၀မ်ကို ကာကွယ်ပေးမယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

    ထိုင်၀မ်ကိစ္စမှာ စစ်ရေးအရ ပါ၀င်ဖို့ အမေရိကန်က ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောကြားလိုက်တာဖြစ်ပါတယ်။

    တရုတ်က ထိုင်၀မ်ဟာ သူတို့ပိုင်တဲ့ ဒေသဖြစ်ပြီး လိုအပ်ရင် စစ်အင်အားသုံး သိမ်းပိုက်သွားမယ်လို့ ကြေငြာထားတာပါ။

    ဒီကိစ္စမှာ စစ်ရေးအရ ပါ၀င်ပတ်သက်မှာလားဆိုတာကို အမေရိကန်တာ၀န်ရှိသူတွေ အရင်တုန်းက တိတိကျကျ မပြောခဲ့ပါဘူး။

    CBS 60 သတင်းဌာနနဲ့ မနေ့က အင်တာဗျူးမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထိုင်၀မ်ကို တရုတ်က ရုတ်တရက် တိုက်ခိုက်လာရင် အမေရိကန်က ကာကွယ်ပေးသွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

    ယူကရိန်းမှာလို လက်နက်ထောက်ပံ့တာမျိုး မဟုတ်ဘဲ အမေရိကန် စစ်သားတွေကိုယ်တိုင် ၀င်တိုက်ပေးမှာလို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ထိုင်၀မ်နဲ့ပတ်သက်ပြီး အမေရိကန်ဟာ စစ်ရေးအရ ပါ၀င်တိုက်ခိုက်မလားဆိုတာ တိတိကျကျ မဆုံးဖြတ်ထားတဲ့ ‘strategic ambiguity’ မူ၀ါဒအတိုင်းပဲ ဆက်ရှိသွားမယ်လို့ မှတ်ချက်ပေးပါတယ်။

    ဘိုင်ဒန်ရဲ့ ဒီလိုပြောကြားမှုအတွက် ကျေးဇူးတင်ရှိပြီး၊ ကာကွယ်ရေးအင်အားကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမယ်လို့ ထိုင်၀မ်နိုင်ငံခြားရေး၀န်ကြီးက ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • အရှေ့အလယ်ပိုင်းကို ဆက်လက်စောင့်ရှောက်မည်ဟု အမေရိကန် ကတိပြု

    အရှေ့အလယ်ပိုင်းကို ဆက်လက်စောင့်ရှောက်မည်ဟု အမေရိကန် ကတိပြု

    ဇူလိုင် ၁၆၊ ၂၀၂၂
    M-Media

    -အမေရိကန်ဟာ အရှေ့အလယ်ပိုင်းကနေ ခွာမှာမဟုတ်ဘဲ ဆက်လက်စောင့်ရှောက်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

    အာရပ်ခေါင်းဆောင်တွေနဲ့ ဂျိုးဘိုင်ဒန်တို့ ပါ၀င်တဲ့ ထိပ်သီးအစည်းအ၀ေးကို ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာ ဒီကနေ့ကစတင်ပြီး ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။

    ဒေသတွင်း လုံခြုံရေးနဲ့ အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် ခေါင်းဆောင်းတွေက ဆွေးနွေး ကြမှာပါ။

    “အရှေ့အလယ်ပိုင်းကို ကျွန်တော်တို့ ပစ်သွားမှာမဟုတ်ပါဘူး။ ဒီလိုသာ ပစ်သွားရင် တရုတ်၊ ရုရှားနဲ့ အီရန်တို့က ဒီနေရာကို ၀င်သွားပါလိမ့်မယ်။ တက်ကြွ၊ စည်းစနစ်ရှိပြီး အမေရိကန်ရဲ့ ဦးဆောင်မှုနဲ့ ဒီအနေအထားကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်”

    အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ အမေရိကန်စစ်သည် အမြောက်အများ ပါ၀င်တဲ့ စစ်ပွဲမျိုး မရှိတော့တာကို ဂုဏ်ယူမိတယ်လို့လည်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အစည်းအ၀ေးကို ဆော်ဒီ၊ ကာတာ၊ ဘာရိန်း၊ ကူ၀ိတ်၊ အိုမန်၊ ယူအေအီး၊ ဂျော်ဒန်၊ အီဂျစ်နဲ့ အီရတ်နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းက နိုင်ငံအများဟာ အာဏာရှင်နိုင်ငံတွေဖြစ်ပြီး ဒေသတွင်းမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအပါအ၀င် လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့လည်း ဘိုင်ဒန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    သမ္မတဘိုင်ဒန်ဟာ ဒီအစည်းအ၀ေးမှာ အရှေ့အလယ်ပိုင်းဒေသနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ရှေ့ဆက်သွားမယ့် မူ၀ါဒတွေအကြောင်း လာမယ့်ရက်တွေမှာ အသေးစိတ် ပြောသွားဖို့ ရှိနေပါတယ်။

    Ref: Aljazeera

  • နည်းပညာအမြင့်ဆုံး နျူဒုံးကျည်တပ် ရေငုပ်သင်္ဘောကို အမေရိကန် တည်ဆောက်နေ

    နည်းပညာအမြင့်ဆုံး နျူဒုံးကျည်တပ် ရေငုပ်သင်္ဘောကို အမေရိကန် တည်ဆောက်နေ

    ဇွန် ၁၈၊ ၂၀၂၂
    M-Media

    -နျူကလီးယား ကာကွယ်ရေးစွမ်းအားမှာ တစ်ခြား အင်အားကြီးနိုင်ငံတွေထက် ခေါင်းတစ်လုံးပိုသာမယ့် နည်းပညာမြင့် နျူဒုံးကျည်တပ် ရေငုပ်သင်္ဘော SSBN အမျိုးအစားသစ်ကို အမေရိကန်က တည်ဆောက်နပါတယ်။

    ဒီ ရေငုပ်သင်္ဘောသစ်ကို USS District of Columbia လို့ အမည်ပေးထားပါတယ်။ အမေရိကန်က တည်ဆောက်တဲ့ ရေငုပ်သင်္ဘောတွေထဲမှာ အကြီးဆုံး၊ နည်းပညာအမြင့်ဆုံး ရေငုပ်သင်္ဘော ဖြစ်ပြီး စုစုပေါင်း ၁၂ စီး တည်ဆောက်မှာပါ။

    ၁၉၇၆ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အတွင်း တည်ဆောက်ခဲ့တဲ့ Ohio အမျိုးအစား ရေငုပ်သင်္ဘော ၁၄ စီးနေရာမှာ အစာထိုးမှာ ဖြစ်ပါတယ်။

    အလျား ၁၇၀ မီတာ၊ အနံ ၁၃ မီတာရှိမယ့် ဒီရေငုပ်သင်္ဘောရဲ့ သက်တမ်းကို ၄၂ နှစ် သတ်မှတ်ထားပါတယ်။ သက်တမ်းတစ်၀က်မှာ အကြီးစားပြင်ဆင်မှုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပေမယ့် စရေချကတည်းက ၂၀၈၀ ပြည့်နှစ်တွေအထိ လောင်စာြဖည့်စရာမလိုတဲ့ စနစ်မျိုး ပါ၀င်လာပါလိမ့်မယ်။

    လျှပ်စစ်တွန်းအားပေးစနစ် (electric-drive propulsion) ပါ၀င်တာကြောင့် ရေအောက်မှာ ပိုမိုတိတ်ဆိတ်စွာ သွားလာနိုင်မှာ ဖြစ်ပါတယ်။

    Ohio အမျိုးအစား ရေငုပ်သင်္ဘောတွေမှာ နျူတိုက်ချင်းပစ်ဒုံးကျည် ၂၄ လုံး တပ်ဆင်ထားပေမယ့် USS District of Columbia ကတော့ နျူဒုံးကျည် ၁၆ လုံးသာ တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

    Virginia အမျိုးအစား ရေငုပ်သင်္ဘောမှာ တပ်ဆင်တဲ့ ဒုံးပစ်လောင်ချာတွေကို အသုံးပြုကာ ကုန်ကျစားရိတ် လျော့ကျအောင် လုပ်ဆောင်ဖို့အတွက် ဒုံးပစ်လောင်ချာအရေအတွက်ကို လျော့ချလိုက်တာ ဖြစ်ပါတယ်။

    ရေငုပ်သင်္ဘောမှာ ၇၄၆၀ ကီလိုမီတာအထိရောက်မယ့် Trident II D5 ဒုံးကျည်တွေ တပ်ဆင်မှာဖြစ်ပါတယ်။ ဒီဒုံးကျည်တွေဟာ W76-MK4/MK4A နဲ့ W88-MK5 နျူထိပ်ဖူးတွေကို တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

    တရုတ်နဲ့ ရုရှား

    ပြိုင်ဘက် တရုတ်နဲ့ ရုရှားတို့ကလည်း သူတို့ရဲ့ ရေအောက် နျူကလီးယား ကာကွယ်ရေးအင်အားကို အဆင့်မြှင့်တင်ဖို့ အဆက်မပြတ် လုပ်ဆောင်နေပါတယ်။

    တရုတ်မှာ လက်ရှိ Type 094 နဲ့ Type 094As အဆင်မြင့် ရေငုပ်သင်္ဘော ၆ စီးရှိပြီး တစ်စီးစီမှာ နျူကလီးယား တိုက်ချင်းပစ်ဒုံးကျည် JL-2 SLBM ၁၂ လုံး တပ်ဆင်နိုင်ပါတယ်။ အမေရိကန်ကုန်းမကြီးအထိ ရောက်နိုင်တဲ့ ဒုံကျည်မျိုး မဟုတ်ပေမယ့် အလာစကာ၊ ဂူအမ်နဲ့ ဟာ၀ိုင်ယီတို့လို အမေရိကန်ပိုင် နယ်မြေတွေကို ပစ်ခတ်နိုင်စွမ်းရှိပါတယ်။

    အဆင်မြင့် JL-3 SLBM နျူဒုံးကျည် တပ်ဆင်ထားတဲ့ JL-3 SLBM ရေငုပ်သင်္ဘော အမျိုးအစားသစ်ကို တရုတ်က ဆောက်လုပ်နေပါတယ်။ ၂၀၃၀ ရောက်ရင် နျူတိုက်ချင်းပစ်ဒုံးကျည် တပ်ဆင်ပစ်ခတ်နိုင်မယ့် ရေငုပ်သင်္ဘော SSBN စုစုပေါင်း ၈ စီး တရုတ်က ပိုင်ဆိုင်လာလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနက သုံးသပ်ထားပါတယ်။

    ရုရှားကတော့ နျူဒုံးကျည်တပ် ရေငုပ်သင်္ဘော Borei ၅ စီး လက်ရှိမှာ ပိုင်ဆိုင်ထားပြီး ၂၀၂၇ ခုနှစ်မတိုင် နောက်ထပ် ၁၀ စီး တပ်တော်၀င်မှာပါ။ ရုရှားရေတပ်မှာ ၂၀၄၀ လောက်အထိ Borei ရေငုပ်သင်္ဘောတွေက အဓိက ကျနေမှာ ဖြစ်ပါတယ်။

    ဗျူဟာမြောက်

    နျူတိုက်ချင်းပစ်ဒုံးကျည်တပ် ရေငုပ်သင်္ဘော SSBN တွေဟာ နျူကလီးယား အခြေပြု ကာကွယ်ရေးဗျူဟာမှာ ခေါင်းတစ်လုံးပိုသာတဲ့ လက်နက်မျိုး ဖြစ်ပါတယ်။

    ရေအာက်ထဲငုပ်သွားရင် ရှာဖွေဖျက်ဆီးဖို့ ခက်တာကြောင့် ဗျူဟာအရ SSBNတွေကို ချေမှုန်းဖို့ မဖြစ်နိုင်ပါဘူး။

    အရင်က ဒီလို ရေငုပ်သင်္ဘောမျိုးကို အမေရိကန်၊ ပြင်သစ်၊ ယူကေ၊ ရုရှားနဲ့ တရုတ်တို့လောက်သာ ပိုင်ဆိုင်ကြပေမယ့် လက်ရှိမှာတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားလို နိုင်ငံမျိုးတွေကလည်း ပိုင်ဆိုင်ဖို့ ကြိုးစားလာကြပါတယ်။

    လက်ရှိမှာ SSBN ရေငုပ်သင်္ဘောတွေကို ရှာဖွေချေမှုန်းဖို့ ခက်ပေမယ့် ရေအောက်ရေဒါစနစ်တွေကို အဆင်မြှင့်တင်နိုင်အောင် ကမ္ဘာ့နိုင်ငံတွေက ကြိုးစားလာကြတာကြောင့် ၂၀၅၀ လောက်မှာ ကိုယ်ပျောက်ရေငုပ်သင်္ဘောတွေကို ရှာနိုင်မယ့် နည်းပညာမျိုး ပေါ်ထွက်လာလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

    Ref: Asia Times