News @ M-Media

ပါကစ္စတန်တွင် လေကြောင်းမှ ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို ရပ်တန့်ရန် အိုဘားမားအား မာလာလာတောင်းဆို

အောက်တိုဘာ၊ ၁၃
M-Media

ku-bigpic

သူမ၏ တိုင်းပြည်အတွင်း အမေရိကန်မှ လေကြောင်းမှ ဒရုန်းများဖြင့် တိုက်ခိုက်နေမှုများမှာ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒကို ပိုမိုကြီးထွားစေသဖြင့် ထိုကဲ့သို့တိုက်ခိုက်မှုများကို ရပ်တန့်ရန် ပါကစ္စတန်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ မာလာလာ ယူစွဖ်ဇိုင်က အမေရိကန်သမ္မ အိုဘားမားအား
အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အမျိုးသမီးများ ပညာသင်ကြားခွင့်ရရန် ကြိုးပမ်းခဲ့သောကြောင့် ပြီးခဲ့သည့်နှစ်က တာလီဘန်အဖွဲ့၏ လုပ်ကြံခြင်းခံခဲ့ရသည့် မာလာလာမှာ အမေရိကန်သမ္မတ အိုဘားမား၊ ၎င်း၏ဇနီးတို့နှင့် သောကြာနေ့က အိမ်ဖြူတော်တွင်တွေ့ဆုံခဲ့သည်။

“ပါကစ္စတန်၊ အာဖဂန်နစ္စတန်နိုင်ငံတွေရဲ့ ပညာရေးနဲ့ ဆီးရီးယား ဒုက္ခသည်များအတွက် ထောက်ပံ့ပေးနေတဲ့ အမေရိကန်ရဲ့လုပ်ဆောင်ချက်တွေအတွက် သမ္မတအိုဘားမားကို ကျေးဇူးတင်ရှိပါတယ်” ဟု မာလာလာက ပြောကြားခဲ့သည်။

ထို့ပြင် ပါကစ္စတန်နယ်စပ်ရှိ ဒေသများအား အမေရိကန်မှ ဒရုန်းများဖြင့် တိုက်ခိုက်မှုများနှင့်ပက်သက်ပြီး မာလာလာက “ဒီလိုတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်ဝါဒကို ပိုမိုကြီးထွားစေနိုင်တယ်လို့ ကျွန်မရဲ့ စိုးရိမ်မှုတွေကိုလည်း ပြောပြခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားတွေ သေဆုံး ရပြီး ပါကစ္စတန်ပြည်သူတွေကြား မှာလည်း အမုန်းတရားတွေကိုဖြစ်စေပါတယ်။ တကယ်လို့ ကျွန်မတို့အနေနဲ့ ပညာရေး အတွက်ကြိုးပမ်းမှုကို အာရုံစိုက်မယ်ဆိုရင် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဒရုန်း များဖြင့် တိုက်ခိုက်မှုများမှာ အာဖဂန်နစ္စတန်ရှိ အမေရိကန်နှင့် နိုင်ငံတကာတပ်ဖွဲ့များအား ခြိမ်းခြောက်နေသည့် တာလီဘန်များကို အဓိကထား၍ သုတ်သင်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်က ပြောဆိုခဲ့သော်လည်း ကုလသမဂ္ဂမှ တားမြစ်ထားသော ထိုတိုက်ခိုက်မှုများကြောင့် ပါကစ္စတန် အရပ်သားများ သေကြေ ဒဏ်ရာရမှုများကိုသာ တွေ့မြင်နေရသည်။

Ref:Press TV

Comments

Leave a Reply