ဒီဇင်ဘာ ၃-၂၀၁၃
M-Media
သီရိ
ရန်ကုန် ။ ။ မြန်မာနိုင်ငံတွင် မကြာမီ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇-ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲတော် အထိမ်းအမှတ် အမှတ်တရ ဈေးရောင်းပွဲတော်ကြီးကို ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)တွင် ဒီဇင်ဘာလ ၃-ရက်နေ့မှ ဒီဇင်ဘာလ ၇-ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ပါသည်။
ထိုအခမ်းအနားကြီး၏ ဖွင့်ပွဲကို ယနေ့ဒီဇင်ဘာလ ၃-ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းထိုက် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးသန်းမြင့် တို့မှ ပြပွဲကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ၎င်းနောက် ပြပွဲခန်းမအားလိုက်လံကြည့်ရူ လေ့လာခဲ့ကြသည်။
ကုန်စည်ပြပွဲတွင် ငွေထည်ပစ္စည်းများ၊ ဖောင်းကြွပန်းချီကားများ၊ ပန်းချီ ပန်းပုလက်ရာများ၊ ယွန်းထည်များ၊ ရွှေချည်ထိုးများ၊ အနုပညာလက်မှုပစ္စည်းများ၊ ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာများ၊ ကြိမ်ထည်ပစ္စည်းများ၊ SEA GAME အမှတ်တရ အင်္ကျီများ၊ ဦးထုပ်များ၊ သော့ချိတ်များ၊ စာအုပ်များ၊ DVD ခွေများ၊ စတပ်ကာများ၊ အိတ်များ စသည်ဖြင့် ပြပွဲကြီးတွင် စုံလင်စွာခင်းလင်းပြသထားပါသည်။
၎င်းပြပွဲကြီးကို နံနက် ၉-နာရီမှ ည ၉-နာရီထိ ၅ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး လာရောက်ကြည့်ရူလေ့လာ ၀ယ်ယူသူများနှင့် စည်းကားလျက်ရှိနေပါသည်။
Leave a Reply
You must be logged in to post a comment.