News @ M-Media

မြန်မာစာပေ ချစ်မြတ်နိုးသူများ အသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး ကျင်းပ

ဒီဇင်ဘာ ၂၉၊ ၂၀၁၃
M-Media
A.N.Lay

DSC02632

ရန်ကုန်  ။          ။ မြန်မာစာပေချစ်မြတ်နိုးသူများအသင်း နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ – သီရိ ခန်းမ၌ ယနေ့ နေ့လည် ၂ နာရီအချိန်တွင် ကျင်းပခဲ့သည်။

အဆိုပါ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး အခမ်းအနားတွင် စောင်းတီးခတ်ပြီး တေးသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာစာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဌ ဂုဏ်ထူးဦးသိန်းနိုင်က မြန်မာစာပေထိန်းသိမ်းရေး၊ မြင့်တင်ရေးတို့ကို ဘေး၊ ဘိုး၊ ဘီ၊ ဘင် အစဉ်အဆက် တို့တာဝန်ကျေပွန်စွာ ထမ်းရွက်ခဲ့ကြပြီးဖြစ်သလို မြန်မာစာကို တစ်ထစ်ပြီး တစ်ထစ်တက်လှမ်းနိုင်စေရန် တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်း၍ ပေးအပ်ခဲ့ကြရာ ယခုအခါ ပြည်သူအားလုံးလက်တွင်းသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဤကာလအတွင်းမှာပင် ဗဟိုအလုပ်အမှုဆောင်များနှင့်တကွ အသင်းဝင်တို့သည် အသင်းသားတိုးပွားရေး၊ အနယ်နယ်အရပ်ရပ်၌ “မြန်စာချစ်” ဖွဲ့စည်းနိုင်ရေး၊မြန်မာစာပေဆိုင်ရာစာကောင်းပေကောင်းများ
ထုတ်ဝေနိုင်ရေး၊ စာပေဟောပြောပွဲများ၊ မြန်မာစာထူးချွန်သူများအား ဆုချီးမြင့်ခြင်းအပါအဝင် စာပေ့တာဝန်များစွာတို့ကို ဆောင်ရွက်ခဲ့ကြပြီ ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပန်းလှိုင်ဖောင်ဒေးရှင်းဂုဏ်ပြုသဝဏ်လွှာကို ပန်းလှိုင်ဖောင်ဒေးရှင်း၏ ဥက္ကဌ ဦးဇော်ဖေဝင်းက လည်းကောင်း၊ မြန်မာနိုင်ငံ ကဗျာ ဆရာများ သမဂ္ဂအဖွဲ့၏သဝဏ်လွှာကို ကဗျာဆရာများသမဂ္ဂ အတွင်းရေးမှုးဆရာမောင်ဝင်းရိပ်က လည်းကောင်း ဖတ်ကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ ကဗျာဆရာများအဖွဲ့မှ ကဗျာဆရာများကလည်း ကဗျာများရွတ်ဆိုခဲ့ပါသည်။

ဤအခမ်းအနားကို မြန်မာနိုင်ငံမှ စာပေစိတ်ဝင်စားသူများတက်ရောက်ကြ၍ တက်ရောက်သူများကို အစားအသောက်များနှင့် ဧည့်ခံကြပြီး အခမ်းအနား ကို ညနေ ၄.၃၀ အချိန်တွင်ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

 

Comments

Leave a Reply