မတ် ၁၇၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများကို အမေရိကန်ပြည်ထောင်စု အခြေစိုက် Alliance for Smile အဖွဲ့နှင့် ၀ိတိုရိယ ပုဂ္ဂလိကဆေးရုံတို့မှ ပူးပေါင်းပြီး မတ်လ ၁၀ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ထိ ရန်ကုန်မြို့ ၀ိတိုရိယ ပုဂ္ဂလိကဆေးရုံ၌ အခမဲ့ခွဲစိတ် ကုသပေး လျက်ရှိပါသည်။
ခွဲစိတ်ကုသပေးမည့်အကြောင်းကို သက်ဆိုင်ရာဆေးရုံများ၊ နိုင်ငံပိုင် သတင်းစာများမှ ဖော်ပြထားပြီး နှုမ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ၁၂၈ ယောက် လာရောက်လျောက်ထားခဲ့ရာ ကလေးများထဲမှ အသက်အရွယ်၊ ပေါင်ချိန်၊ သွေးနီဥပြည့် မပြည့် စသည့် ခွဲစိတ်ကုသမှုကို ခံယူနိုင်မည့် ကလေးများကို ရွေးချယ်ခဲ့ရာ အယောက် ၁၀၀ ကိုခွဲစိတ် ကုသပေးနေကြောင်းသိရသည်။
“ကျွန်မတို့ဆေးရုံကို Alliance for Smile ဆိုတဲ့ ပရဟိတအဖွဲ့က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ လာကမ်းလှမ်းတော့ ကျွန်မတို့လက်ခံခဲ့ပြီး ကူညီ ဆောင်ရွက်ပေးတယ်။ ကလေးတွေကို Alliance for Smile က အဓိက Doctor နှစ်ယောက်က ခွဲစိတ်ပေးတယ်။ မြန်မာပြည်က ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင်ကလည်း သူတို့နဲ့ အတူ ကူညီဆောင်ရွက်ပေးပါတယ်။ ကလေးတွေနဲ့ ပါလာတဲ့လူနာစောင့်တွေကိုလည်း ၈ မိုင်က ပေါက်စေတီ ကျောင်းမှာတည်းဖို့ စီစဉ်ပေးထားပြီး အစားအသောက်ကအစ ကျွန်မတို့ဆေးရုံဘက်က တာဝန်ယူပေးပါတယ်၊ ခွဲစိတ်တာကိုတော့ Alliance for Smile ကတာဝန်ယူထားပါတယ်” ဟုဝိတိုရိယဆေးရုံမှ တာဝန်ရှိသူ ဒေါက်တာ ခိုင်သဉ္ဇာမောင်က ပြောကြားခဲ့သည်။
အသက် ၁-နှစ်အရွယ် ကလေးငယ်မှအစ အသက် ၂၃-နှစ်အထိ စုစုပေါင်း ၁၀၀-ဦးကို တစ်နေ့လျှင် ၁၀ ယောက်နှုန်းဖြင့် ခွဲစိတ်ကုသပေးလျက် ရှိနေပါသည်။ “ကလေးငယ်များကိုအနာဂတ်တွင် လှလှပပပြုံးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ခွဲစိတ်ကုသပေးတာဖြစ်ပါတယ်” ဟု ၀ိတိုရိယဆေးရုံမှ တာဝန်ရှိဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။
ခွဲစိတ်အောင်မြင်ပြီးဖြစ်သော ဗန်းမော်မြို့နယ်နေ ရွှေကူကျေးရွာမှ မောင်ငြိမ်းခန့်ထွေး၏မိခင်ဖြစ်သူ ဒေါ်တင်တင်သန်းက “ကျွန်မ ကလေးက မွေးရာပါ နှုမ်းခမ်းရော အာခေါင်ရော ကွဲနေတာပါ။ ကလေးကအခု ၂ နှစ်နဲ့ ၇ လရှိနေပြီ မကုသနိုင်သေးပါဘူး။ ကျွန်မတို့က ရွှေကူဆေးရုံကြီးကနေ အခုလို ရန်ကုန်မှာ ခွဲစိတ်ပေးမယ်လို့ လာပြောတော့ အရမ်းဝမ်းသာသွားပြီး စာရင်းပေးလိုက်တယ်။ ကလေးကိုလည်းစစ်ဆေးပြီး ခွဲစိတ်လို့ ရတယ်ဆိုတာနဲ့ ဒီနေ့ မနက်ပဲခွဲစိတ်လိုက်ပါတယ်။ အခုတော့ သားလေးပုံမှန်ဖြစ်တော့မယ်ဆိုတော့ အရမ်းဝမ်းသာမိပါတယ်” ဟု ပြောခဲ့သည်။
၎င်းအာခေါင်ကွဲ၊ နှုမ်ခမ်းကွဲကလေးများသို့ ဆရာတော် အရှင်ဆေကိန္ဒ၊ အရှင်ဆန္ဒာဓိက၊ ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသော ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ချစ်သုဝေ၊ လင်းလင်း တို့က လာရောက် အားပေးစကားများ ပြောခဲ့ကြကြောင်းလည်း သိရသည်။ Alliance for Smile ပရဟိတအဖွဲ့တွင် လုပ်အားပေး ၁၇ ယောက်ပါရှိပြီး မြန်မာနိုင်ငံ ခရီးစဉ်ပြီးပါက တရုတ်နိုင်ငံသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရပါသည်။
Leave a Reply
You must be logged in to post a comment.