သြဂုတ် ၅ ၊ ၂၀၁၄
M-Media

ဂျပန်သို့လာရောက်မည့် မွတ်စ်လင်မ်ဧည့်သည်များမှာ (၂၀၁၃)ခုနှစ် ပမာဏထက် သုံးဆတိုး၍ (၂၀၁၀)ခုနှစ်၌ တစ်သန်းထိရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ခရီးသွားသုတေသန အဖွဲ့မှ သောကြာနေ့တွင် ပြောကြားသည်။
တိုကျိုမှ ဗီဇာလိုအပ်ချက်များ လျှော့ချလိုက်လျှင် မွတ်စ်လင်မ် ခရီးသွားများ အများဆုံးဝင်ရောက်နိုင်သည်မှာ အရှေ့တောင်အာရှဖြစ်သည်ဟု ဟလာလ် ခရီးသွား လုပ်ငန်းအား ဈေးကွက်မြင့်တင်မှု လုပ်နေသော စင်္ကာပူအခြေစိုက် CrescentRating ကလည်း ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံသားများအတွက် (၁၅)ရက်တာ အခမဲ့ပြည်ဝင်ခွင့်ပေးကြောင်း၊ မလေးနှင့် ထိုင်းနိုင်ငံသားတို့ အတွက်လည်း အလားတူ လျှော့ပေါ့ပြင်ဆင်ပေး လိုက်ကြောင်း ဇွန်လအတွင်း ဂျပန်မှ ကြေငြာခဲ့သည်။
အင်ဒိုနီးရှားသည် ကမ္ဘာ့မွတ်စ်လင်မ်လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး၊ (၂၀၁၃)ခုနှစ်အတွင်း ဂျပန်သို့လာရောက်ခဲ့သည့် မွတ်စ်လင်မ်ဧည့်သည် အဓိကဈေးကွက်များမှာ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူတို့ ဖြစ်ကြသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မိမိ၏လက်ထက်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအား အဓိကလုပ်ငန်းစဉ် တစ်ခုအဖြစ် ချမှတ်ဖော်ဆောင်လျက်ရှိသည်။ (၂၀၂၀)ခုနှစ်တွင် အိုလံပစ်ပွဲတော် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဂျပန်နိုင်ငံအဖို့ ခရီးသွား လုပ်ငန်းဖြင့် အကျိုးအမြတ် များစွာ ဖြစ်ထွန်းဦးမည်ဖြစ်ကြောင်း၊ ယမန်နှစ်မှစ၍ ထိုင်း၊ မလေး၊ စင်္ကာပူ၊ အင်ဒို အပါအ၀င် မွတ်စ်လင်မ်လူဦးရေ များပြားသည့် နိုင်ငံများအတွက် အထူးဗီဇာများကို စီမံပေးမှုကြောင့် အလားအလာကောင်းသည့် ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်းဟုလည်း ခရီးသွားဝန်ဆောင်မှုနှင့် နည်းပညာအုပ်စု Amadeus Asia Pacific ၏ ဆက်သွယ်ရေးနှင့်ဈေးကွက်ဌာန ဒုဥက္ကဌ Karun Budhraja က AFP သို့ ပြောကြားသည်။
Source : AFP

Leave a Reply
You must be logged in to post a comment.