အောက်တိုဘာ ၁၇၊ ၂၀၁၄
M-Media
– ထိုင်းနိုင်ငံအခြေစိုက် ကမ္ဘာဗုဒ္ဓဘာသာအဖွဲ့ WFB ၏ ညီလာခံကို တရုတ်နိုင်ငံ ရှန်ဇီပြည်နယ်တွင် အောက်တိုဘာ ၁၆ ရက်နေ့က စတင်ပြုလုပ်ခဲ့သည်ဟု သိရသည်။
၃ ရက်တာကြာမြင့်မည့် အဆိုပါညီလာခံကို ဘောက်ဂျီမြို့ရှိ ဗုဒ္ဓဘုရားရှင်၏ ဓာတ်တော်မွေတော်များ တည်ရှိရာ Famen စေတီတော်တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၃၀ မှ ရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ် ၆၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
တရုတ်ပြည်မကြီးတွင် ပထမဆုံး ကျင်းပသည့် အဆိုပါ ဗုဒ္ဓဘာသာညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ ကမ္ဘာတစ်ဝှမ်းမှ ထိပ်ထိပ်ကြဲ သံဃာတော်များ တက်ရောက်ကာ မိန့်ခွန်များ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်း BAC မှ ဥက္ကဌ ဆရာတော် ချူအန်ယင်ကမူ ယခုညီလာခံမှာ WFB နှင့် BAC တို့အကြား ချစ်ကြည်ရင်းနှီးမှု အတွက် သမိုင်းမှတ်တိုင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါညီလာခံတွင် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ် တားဆီးရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအား ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အခြားသော ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။
WFB ၏ နောက်ဆုံး ညီလာခံကို ၂၀၁၂ ခုနှစ် ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံ ယိုဆူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ref_ ဆင်ဟွာ
Leave a Reply
You must be logged in to post a comment.