ဇန်န၀ါရီ ၇၊ ၂၀၁၅
M-Media
– မန်ယူအသင်း၏ အားထားရသည့် နောက်ခံလူတစ်ဦးဖြစ်သူ မားကို့စ်ရိုဂျိုမှာ ကိုလံဘီယာ မူးယစ်ရာဇာတစ်ဦး၏ ဓာတ်ပုံကို ဆိုရှယ်မီဒီယာတွင် လွှင့်တင်မှုကြောင့် ဝေဖန်မှုများ ခံနေရသည်ဟု သိရသည်။
အသက် ၂၄ နှစ်အရွယ်ရှိ အာဂျင်တိုင်းသား ရိုဂျိုမှာ ၁၉၈၀နှင့် ၁၉၉၀ ပြည့်နှစ်များအတွင်းက ကိုလံဘီယာတွင် ဖြစ်ပွားခဲ့သော ပြည်သူရာပေါင်းများစွာ သေဆုံးမှုနှင့် ဆက်စပ်ပတ်သက်နေသည့် မူးယစ်ရာဇာ ပါဘလို အက်စ်ကိုဘာ၏ ပုံကို ၎င်း၏ Twitter
စာမျက်နှာတွင် ပြီးခဲ့သည့် ရပ်ပိုင်းအတွင်းက လွှင့်တင်ခဲ့သည်။
အဆိုပါ ဓာတ်ပုံတွင် `ဘ၀အချိုးအကွေ့တစ်ခုမှာ အဆိုးတွေနဲ့ ကြုံတွေ့ရတုန်း ကျွန်တော်နဲ့အတူ အငတ်ခံခဲ့တဲ့သူတွေ၊ ကျွန်တော့်ဘေးနားမှာ ရှိခဲ့တဲ့သူတွေသာလျှင် ကျွန်တော့်ရဲ့စားပွဲဝိုင်းမှာ ထိုင်ရမှာပါ´ ဟု အဓိပ္ပါယ်ရသည့် စာတန်းကိုလည်း ရေးသားခဲ့သည်။
လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် မူးယစ်ရာဇာတစ်ဦးအား အမွှမ်းတင်သော ရိုဂျို၏ ထိုလုပ်ရပ်ကြောင့် ကိုလံဘီယာပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။
ဂျာမီ အော်တီဂါအမည်ရှိ Twitter သုံးစွဲသူတစ်ဦးကမူ `အသုံးမကျတဲ့ အာဂျင်တိုင်းကောင်။ အက်စ်ကိုဘာကို သူတို့က အမွှမ်းတင်မှာပေါ့။ ငါတို့တိုင်းပြည်မှာ ခံစားခဲ့ရတဲ့ နာကျင်မှုမျိုးတွေကို သူတို့မှ မခံစားဘူးတာ။ ကိုလံဘီယာမှာထက် အာဂျင်တီးနားမှာ အဲဒီကောင်တွေကို
ရှိစေချင်လိုက်တာ´ ဟု ရေးသားခဲ့သည်။
အက်စ်ကိုဘာမှာ ဘိန်းလုပ်ငန်းဖြင့် ပေါင် ၂၀ ဘီလီယံခန့် ရှာဖွေခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်တွင် ကိုလံဘီယာရှိ မီဒယ်လင်မြို့၌ ရဲတပ်ဖွဲ့၏ ပစ်သက်မှုကို ခံခဲ့ရသည်။ ရိုဂျိုကမူ ၎င်း၏ ထိုလုပ်ရပ်အတွက် မည်သည့်ပြောဆိုမှုမျိုးကိုမှ ယခုအချိန်အထိ မပြုလုပ်သေးပေ။
Ref: dailymail


Leave a Reply
You must be logged in to post a comment.