မတ် ၂၉၊ ၂၀၁၅
M-Media
– ဂျာမန်လေကြောင်းလိုင်း Germanwings မှ ခရီးသည်တင်လေယာဉ်မှာ တွဲဘက်လေယာဉ်မှူးကြောင့် ပျက်ကျခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ဂျာမနီအပါအ၀င် ဥရောပနိုင်ငံများမှ လေကြောင်းလိုင်းများမှာ လေယာဉ်မောင်းခန်းအတွက် ဥပဒေအသစ်ကို ပြဌာန်းလိုက်သည်ဟု သိရသည်။
အင်္ဂါနေ့က ပြင်သစ်နိုင်ငံ အလ်ပ်စ်တောင်တန်းတွင် ပျက်ကျသွားခဲ့သည့် အဆိုပါလေယာဉ်မှ ရရှိသော မှတ်တမ်းများအရ ပျက်ကျသည့်အချိန်တွင် လေယာဉ်မှူးအခန်းတွင် တွဲဘက်လေယာဉ်မှူးတစ်ဦးသာ ရှိပြီး အခန်းကိုလည်း သော့ပိတ်ထားသောကြောင့် အခြားလေယာဉ်မှူးမှာလည်း အထဲသို့ ၀င်၍ မရခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
ထိုအဖြစ်အပျက်ကြောင့် ဂျာမနီရှိ လေကြောင်းလိုင်းများမှာ ၎င်းတို့၏ လေယာဉ်ခရီးစဉ်များတွင် ခရီးစဉ်တစ်လျှောက်လုံး၌ လေယာဉ်မှူး ၂ ဦး လေယာဉ်မောင်းခန်းထဲတွင် ရှိနေရမည်ဟု စည်းကမ်းသတ်မှတ်ခဲ့သည်။
“လေယာဉ်မောင်းအခန်းထဲမှာ တစ်ချိန်လုံး အခွင့်အာဏာရှိသူ ၂ ဦး ရှိဖို့ လိုအပ်တယ်ဆိုတဲ့ ကနဦး လုပ်ငန်းစဉ်ကို ပထမခြေလှမ်းအဖြစ် သတ်မှတ်ခဲ့ပါတယ်” ဟု ဂျာမန်လေကြောင်းဌာန BDL က သောကြာနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
BDL မှ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတင်း ကိုလ်မာကမူ Germanwings ၏ မိခင်ကုမ္ပဏီဖြစ်သော Lufthansa Group အပါအ၀င် မိမိတို့လက်အောက်ရှိ လေကြောင်းလိုင်းများအားလုံးမှာ အဆိုပါ စည်းကမ်းကို လိုက်နာရမည်ဟု ဆိုသည်။ ထို့ပြင် ၎င်းတို့လက်အောက်ခံမဟုတ်သည့် လေကြောင်းလိုင်းအများအပြားမှာလည်း အဆိုပါ စည်းကမ်းချက်အသစ်ကို ချမှတ်အသုံးပြုရန် ဆန္ဒရှိနေသည်။
နော်ဝေလေကြောင်းလိုင်း၊ အိုက်စလန်လေကြောင်းလိုင်းတို့ အပါအ၀င် ဥရောပရှိ အခြားသောလေကြောင်းလိုင်းများမှာလည်း ၎င်းတို့၏ လေယာဉ်မှူးအခန်း စည်းမျဉ်းများကို ပြေားလဲလိုက်ပြီဟု ကြေညာခဲ့သည်။
ဥရောပ လေကြောင်းအန္တရာယ်ကင်းရှင်းရေး အေဂျင်စီ EASA က သောကြာနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ လေယာဉ်ခရီးစဉ်တစ်လျှောက် လေယာဉ်မောင်းခန်းထဲတွင် (လေယာဉ်မှူး ၂ ဦးအပြင်) အနည်းဆုံး လေယာဉ်အမှူထမ်း ၂ ဦး ရှိနေရမည်ဖြစ်ပြီး ထိုအထဲမှ အနည်းဆုံး တစ်ဦးမှာ အသိအမှတ်ပြုလက်မှတ်ရ လေယာဉ်မှူးဖြစ်ရမည်ဟု အကြံပြုခဲ့သည်။
ထို့ပြင် လေယာဉ်မောင်းအခန်းထဲမှ အမှုထမ်းတစ်ဦး လုပ်ငန်းပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ လိုအပ်ချက်ကြောင့် အပြင်သို့သွားခြင်းနှင့် သက်ဆိုင်သော ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို လေကြောင်းလိုင်းများက ပြန်လည် ဆန်းစစ် အဖြေရှာသင့်သည်ဟုလည်း EASA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
Ref: Xinhua
Leave a Reply
You must be logged in to post a comment.