News @ M-Media

မက္ကဆီကို ရဲယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး

ဧပြီ ၈၊ ၂၀၁၅
M-Media

mexico shooting

– မက္ကဆီကို အနောက်ပိုင်း ပြည်နယ်တစ်ခုတွင် ရဲတပ်ဖွဲ့ယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရမှုကြောင့် ပြည်နယ်ရဲတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုမှာ ပြီးခဲ့သည့်နှစ်များအတွင်း မက္ကဆီကိုရဲတပ်ဖွဲ့အား ပစ်မှတ်ထားသော အဆိုးရွားဆုံးတိုက်ခိုက်မှုလည်း ဖြစ်သည်။

ဂျာလစ္စကိုပြည်နယ် ပူအာတို ဗာလာတာမြို့နှင့် ဂွာတာလာဂျာရာမြို့ အကြားရှိ ကျေးလက် အဝေးပြေးလမ်းမတစ်ခုတွင် ရဲတပ်ဖွဲ့ယာဉ်တန်းက မောင်းနှင်နေစဉ် တနင်္လာနေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ် တရာသူကြီးက ပြောကြားခဲ့သည်။

ယာဉ်တန်းတွင်ပါဝင်သော ကားများမှာ ဇကာပေါက်ဖြစ်သွားပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦးလည်း ဒဏ်ရာရခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ ၂၀၁၀ ခုနှစ်က အနီးရှိ မီချိုအာကန်ပြည်နယ်တွင် ဖက်ဒရယ်ရဲတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့သော တိုက်ခိုက်မှုနောက်ပိုင်း ဥပဒေစိုးမိုးရေးအရာရှိများကို ပစ်မှတ်ထားသည့် အဆိုးဝါးဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။

ဂျာလစ္စကိုပြည်နယ်မှာ Jalisco New Generation ဟုအမည်ရသည့် မူးယစ်ဂိုဏ်း ကျက်စားသည့်ဒေသဖြစ်ပြီး ထိုဂိုဏ်းမှာ မက္ကဆီကိုတွင် အင်အားအကြီးဆုံး ဂိုဏ်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ တရားသူကြီးများကမူ တနင်္လာနေ့က အဆိုပါတိုက်ခိုက်မှုတွင် မူးယစ်ဂိုဏ်းက ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးဟု ဆိုသော်လည်း ဂျာလစ္စကိုပိုင်နက်အတွင်း ထိုကဲ့သို့ တိုက်ခိုက်မှုကြီးကို အခြားသော မူးယစ်ဂိုဏ်းက ပြုလုပ်သည်ဟု ယူဆရန် ခက်ခဲသည်ဟု ဆိုသည်။

ပြည်နယ်လုံခြုံရေးကော်မရှင်နာ အလက်ဂျန်ဒရို ဆိုလိုရီယိုကမူ တိုက်ခိုက်မှုများ မည်ကဲ့သို့ ဖြစ်ပွားသည်ကို ပြောကြားခဲ့ခြင်း မရှိဘဲ အဆိုပါတိုက်ခိုက်မှုမှာ သရဲဘောကြောင်သည့် တိုက်ခိုက်မှုဟု သမုတ်ခဲ့သည်။

ဒေသတွင်းမီဒီယာများကမူ သေနတ်သမားများမှာ ရဲတပ်ဖွဲယာဉ်တန်း ရပ်တန့်သွားစေရန် ကားတစ်စီးအား ခိုးယူ၍ လမ်းမအလယ်တွင် မီးရှို့ခဲ့သည်ဟု ဆိုသည်။

“ဒါဟာ စီစဉ်ထားတဲ့ တိုက်ခိုက်မှုပါ။ သေနတ်သမားအများကြီး ပါဝင်ခဲ့ပါတယ်။ သူတို့ဟာ အဝေးပြေးလမ်းမကို ပိတ်လိုက်ပြီး (ရဲတပ်ဖွဲ့ဝင်တွေကို) ၀ိုင်းပြီးပစ်ခတ်ခဲ့ကြတာပါ” ဟု လုံခြုံရေး ကျွမ်းကျင်သူ ရာအူးလ် ဘန်နီတက်ဇ်က ပြောကြားခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply