ဇူလိုင် ၂၉၊ ၂၀၁၅
M-Media
– သတင်းထောက်တစ်ဦးအား ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် မက္ကဆီကိုလက်ရွေးစင်အသင်းမှာ ၎င်းတို့၏ နည်းပြဖြစ်သူ မီဂွဲလ် ဟာရဲရားအား ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု သိရသည်။
ဟာရဲရားမှာ တနင်္ဂနွေနေ့က ကစားခဲ့သော Gold Cup ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ဂျမေကာအား အနိုင်ရရှိကာ မက္ကဆီကိုအသင်း ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
ကွန်ကာကက်ဖ်ဒေသ၏ ချန်ပီယံဖြစ်ပြီး ၂၄ နာရီမပြည့်မီမှာပင် ဟာရဲရားမှာ ဖီလာဒဲလ်ဖီးယားလေဆိပ်၌ သတင်းထောက်တစ်ဦးအား ထိုးကြိတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။ ထို့နောက် မက္ကဆီကိုဘောလုံးအဖွဲ့ချုပ် FMF က ယမန်နေ့တွင်
နည်းပြ ဟာရဲရားအား ထုတ်ပယ်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဘောလုံးအဖွဲ့ချုပ် ဥက္ကဌအဖြစ် မကြာခင် တာဝန်ထမ်းဆောင်မည့် ဒီစီယို ဒီမာရီယာကမူ ဟာရဲရား၏ ထိုအပြုအမူကြောင့် ၎င်း၏အလုပ်အား ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ဘောလုံးအဖွဲ့ချုပ်မှာ အသီးသီးတာဝန်ယူထားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြောကြားမှုတွေကို နားထောင်ပြီးတဲ့နောက်ပိုင်းမှာ မီဂွဲလ် ဟာရဲရားကို နိုင်ငံအသင်းကနေ ထုတ်ပယ်ဖို့ ကျွန်တော် ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါဟာ သာမန်ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ” ဟု FMF ၏ ကိုယ်စား ထုတ်ပြန်သော ကြေညာချက်တွင် ဒီမာရီယာက ပြောကြားခဲ့သည်။
ထို့ပြင် လူတိုင်း၌ ရွေးချယ်မှုရှိသော်လည်း မိမိ၏တန်ဖိုးကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တနင်္လာနေ့က ဖီလာဒဲလ်ဖီးယားလေဆိပ်တွင် မြင်တွေ့ခဲ့ရသည့် အခြေအနေမျိုး၏ အပေါ်တွင် မည်သူမှ ရှိ၍မရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.