နိုဝင်ဘာ ၂၀၊ ၂၀၁၅
M-Media
– အမေရိကန်အား လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည့် အစ္စရေးသူလျှို ဂျိုနသန် ပိုလာ့ဒ်မှာ ထောင်ဒဏ် နှစ် ၃၀ ကျခံရပြီးနောက် ယနေ့တွင် မြောက်ကယ်ရိုလိုင်းနားရှိ အကျဉ်းထောင်မှ လွတ်မြောက်လာသည်ဟု သိရသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ပိုလာ့ဒ် လွတ်မြောက်လာမှုအတွက် ကြိုဆိုခဲ့သည်။ အသက် ၆၀ အရွယ် ရှိပြီဖြစ်သည့် ပိုလာ့ဒ်မှာ အမေရိကန် ရေတပ်ထောက်လှမ်းရေး အရာရှိဟောင်းဖြစ်ပြီး အမရိကန်စစ်တပ်နှင့် ထောက်လှမ်းရေး၏ လျှို့ဝှက် စာရွက်စာတမ်းများကို အစ္စရေးသို့ လွှဲပြောင်းပေးမှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရသူဖြစ်သည်။
၎င်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး အလုပ်တစ်ခုနှင့် နယူးယောက်ဧရိယာတွင် အိမ်တစ်လုံး ရရှိသည်ဟု ရှေ့နေဖြစ်သူက ပြောကြားခဲ့သည်။
လွတ်ငြိမ်းချမ်းသာခွင့်အရ ၎င်းမှာ အမေရိကန်တွင် ၅ နှစ်ဆက်တိုက် နေထိုင်ရမည်ဖြစ်သော်လည်း နေတန်ယာဟုနှင့် အမေရိကန်ကွန်ဂရက်မှ အမတ်တစ်ချို့အပါအ၀င် ပိုလာ့ဒ်အား ထောက်ခံသူများမှာ အစ္စရေးသို့ ချက်ခြင်းပြောင်းရွှေ့ခွင့်ရရေး ခွင့်ပြုချက် တောင်းခံနေကြသည်။
အစ္စရေးကလည်း ပိုလာ့ဒ်မှာ ၎င်းတို့အတွက် သူလျှိုလုပ်ပေးခဲ့သည်ဟု ၁၉၉၀ ပြည့်နှစ်များတွင် ၀န်ခံခဲ့ပြီး နိုင်ငံသားပေးမည်ဟုလည်း အာမခံထားသည်။
အမေရိကန် တာဝန်ရှိသူများကမူ ပိုလာ့ဒ်မှာ မိမိတို့၏ ထောက်လှမ်းရေး မှတ်စုများ၊ အကျိုးသက်ရောက်မှု ကြီးမားသည့် ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်း အမြောက်အများ၊ အစ္စရေးက ရန်သူအဖြစ် သတ်မှတ်ထားသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အလုပ်ဆောင်ချက်များကို အစ္စရေးအစိုးရသို့ ပေးအပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ပိုလာ့ဒ်ကလည်း သူလျှိုလုပ်ခဲ့သည်ဟု ၁၉၈၆ ခုနှစ်တွင် ၀န်ခံခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။ အိမ်ဖြူတော်ကမူ ပိုလာ့ဒ်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ဖော်ပြထားသည့် မည်သည့်အခြေအနေကိုမှ ပြောင်းလဲရန် ရည်ရွယ်ချက်မရှိဟု ပြောကြားခဲ့သည်။
ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အစ္စရေးက ပြန်လည်လုပ်ဆောင်ပါက ပိုလာ့ဒ်အား ပြန်လွှတ်ပေးမည်ဟု ပြီးခဲ့သည့်နှစ်က အမေရိကန်မှ မက်လုံးပေးခဲ့သော်လည်း ထိုဆွေးနွေးပွဲမှာ အထမမြောက်သောကြောင့် ပိုလာ့ဒ်မှာ ယခုမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.