ဒီဇင်ဘာ ၁၆၊ ၂၀၁၅
M-Media
– ၂၀၁၅ ခုနှစ်အတွင်း ဂျာနယ်လစ်များအား ဖိနှိပ်ချုပ်ချယ်မှု အများဆုံးနိုင်ငံများစာရင်းတွင် တရုတ်၊ အီဂျစ်၊ အီရန်တို့က ထိပ်ဆုံး၌ရှိနေပြီး၊ ပြီးခဲ့သည့်နှစ်ကထက်စာလျှင် ယခုနှစ်တွင် ဂျာနယ်လစ်များ ဖမ်းဆီးထောင်ချခံရမှုမှာ အနည်းငယ် ကျဆင်းခဲ့သည်ဟု စာနယ်ဇင်းလွတ်လပ်ခွင့် စောင့်ကြည့်အဖွဲ့ Protect Journalists အဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
နယူးယောက်အခြေစိုက်ဖြစ်သော အဆိုပါ အဖွဲ့က ၂၀၁၅ ခုနှစ်အတွင်း ထောင်သွင်းအကျဉ်းချခံခဲ့ရသော ဂျာနယ်လစ်ပေါင်း ၁၉၉ ယောက် ရှိခဲ့ပြီး၊ ပြီးခဲ့သည့်နှစ်က ၂၂၁ ယောက်ထိရှိကြောင်း နှိုင်းယှဉ်ထောက်ပြခဲ့သည်။
ထောင်ချခံရသူများအနက်မှ လေးပုံသုံးပုံခန့်မှာ တရုတ်နိုင်ငံတွင် ဖြစ်ပြီး ကမ္ဘာ့အဆိုးရွားဆုံး စာနယ်ဇင်းဖိနှိပ်သည့်နိုင်ငံအဖြစ် ၂ နှစ်ဆက်တိုက် ရှိနေခြင်းလည်းဖြစ်သည်။ တရုတ်နိုင်ငံတွင် ထောင်ကျနေသည့် သတင်းထောက်အရေအတွက်မှာ ၄၉ ဦး ရှိနေပြီး ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက စံချိန်တင် ကျဆင်းမှုဖြစ်သည်။
အီရန်၊ ဗီယက်နမ်နှင့် အီသီယိုးပီးယားတို့တွင်လည်း ယခင်ကထက်စာလျှင် ဖမ်းဆီးခံ ဂျာနယ်လစ်အရေအတွက်များ လျော့နည်းသွားပြီဖြစ်သည်။ သို့သော်လည်း ၎င်းနိုင်ငံများတွင် ပြန်လည်လွှတ်မြောက်လာသူများမှာပြည်နှင်ဒဏ်အပါအ၀င် ငွေဒဏ်များဆောင်ရခြင်း၊ ပြင်းထန်သည့်ကန့်သတ်ချက်များကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။
အစီရင်ခံစာများအရ တူရကီတွင်လည်း မီဒီယာလွတ်လပ်ခွင့်များ တစ်ဖန်ပြန်၍ ဆိုးရွားလာပြီး ဖမ်းဆီးခံဂျာနယ်လစ်များ အရေအတွက်သည် ၂၀၁၄ ထက် နှစ်ဆတိုးလာသည်ကို တွေ့ရသည်။
“တူရကီနိုင်ငံက ဂျာနယ်လစ်တွေကိုထောင်ချမှု အဆိုးဝါးဆုံးအဖြစ် ၂ နှစ်ဆက်တိုက် ရပ်တည်ခဲ့ပြီးတဲ့နောက် ၂၀၁၄ မှာ ဂျာနယ်လစ် ဒါဇင်ပေါင်းများစွာ လွှတ်ပေးခဲ့ပြီး ၂၀၁၅ မှာတော့ အသစ်ထပ်မံဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကာ ဂျာနယ်လစ်တွေကို ထောင်ချတဲ့နိုင်ငံများစာရင်းက နံပါတ် ၅ မှာ ရပ်တည်နေပါတယ်” ဟု Protect Journalists ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဂျာနယ်လစ်များကို ထောင်ချခဲ့သည့် အခြားနိုင်ငံများတွင် အဇာဘိုင်ဂျန်နိုင်ငံက ၈ယောက်၊ ဆော်ဒီနှင့် ဆီးရီးယားတွင် ၇ ယောက်စီ၊ ဗီယက်နမ်နိုင်ငံက ၆ ယောက်၊ ဘာရိန်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် ငါးယောက်စီ ရှိနေသည်။
အစိုးရမဟုတ်သောအဖွဲ့များက ဂျာနယ်လစ်များအား ဖမ်းဆီးမှုမှာ ဆီးရီးယားတွင် အများဆုံးဖြစ်ခဲ့ပြီး ၂၆ ယောက် ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ISIS အဖွဲ့ကမူ ဆီးရီးယားနှင့် အီရတ်တွင် ၁၈ ယောက်ခန့် ဖမ်းဆီးခဲ့သည်။ အစီရင်ခံစာတွင် ၂၀၁၅ ခုနှစ်အတွင်း ပဋိပက္ခဖြစ်ပွားသောနေရာများ၌ ဂျာနယ်လစ် ၈ ယောက် ပျောက်ဆုံးနေကြောင်း ဖော်ပြထားသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.