ဇူလိုင် ၂၅၊ ၂၀၁၆
M-Media
– သုံးစွဲသူပြည်သူတွေထံကနေ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အူရီဒူးရဲ့ ‘ခုဖြေခုထော’ အစီအစဉ်ကို ရပ်ဆိုင်းထားလိုက်ပြီး၊ ဒီအစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ သူတွေအားလုံးကို ကုန်ကျငွေတွေ ပြန်ပေးသွားမယ်လို့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း အော်ပရေတာတစ်ခုဖြစ်တဲ့ Ooredoo က သူ့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ကြေငြာလိုက်ပါတယ်။
ပဟေဠိမေးခွန်းတွေ မေးမြန်းပြီး မက်ဆေ့ကနေတစ်ဆင့် ဖြေဆိုသူတွေအနေနဲ့ မှန်ကန်ပါက ကျပ်သိန်းရာနဲ့ချီ ရရှိနိုင်မယ်လို့ မက်လုံးပေးထားတဲ့ အဲဒီ ‘ခုဖြေခုထော’ အစီအစဉ်ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ပြည်သူတွေဘက်ကတော့ ဒီအစီအစဉ်ဟာ လောင်းကစားဆန်ကာ မသမာမှုတွေရှိနေတယ်လို့ ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။
ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း ဒီအစီအစဉ်ဟာ ဆက်သွယ်ရေးကဏ္ဍရဲ့ ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေများနဲ့အညီ ကြိုတင်အသိပေး ဆောင်ရွက်ခြင်းမရှိတာကြောင့် ရပ်တန့်ဖို့နဲ့ ရှင်းလင်းတင်ပြဖို့ ဇူလိုင် ၂၃ ရက်နေ့ရက်စွဲနဲ့ အသိပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင် ၂၅ ရက်နေ့ (ယနေ့) နေ့လည်ပိုင်းက အူရီဒူးရဲ့ တရားဝင် Facebook စာမျက်နှာဖြစ်တဲ့ Ooredoo Myanmar မှာ မိမိတို့အနေနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး အဲဒီလို ပြုလုပ်နေစဉ်အတွင်းမှာ ‘ခုဖြေခုထော’ အစီအစဉ်ကို ရပ်ဆိုင်းထားမှာဖြစ်ကာ၊ ပါဝင်ခဲ့သူတွေကိုလည်း ကုန်ကျငွေတွေ ပြန်လည်ထုတ်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဆွေးနွေးပွဲရလဒ်ကို အကြောင်းပြုပြီး အစီအစဉ်ပြန်လည်စတင်တဲ့အခါမှာလည်း ရရှိထားတဲ့အမှတ်များက ဆက်လက်အကျုံးဝင်နေမှာဖြစ်ကြောင်း၊ ငွေပြန်ထုတ်ပေးဖို့အတွက် ၄၈ နာရီခန့် စောင့်ဆိုင်းပေးဖို့လိုအပ်ကြောင်း၊ အဆင်မပြေမှုတွေအတွက် သုံးစွဲသူများကို အနူးအညွတ်တောင်းပန်ပါကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။
Leave a Reply
You must be logged in to post a comment.