သြဂုတ် ၂၈၊ ၂၀၁၆
M-Media
– အာဖရိကနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမည့် ၃ နှစ်အတွင်း ဂျပန်နိုင်ငံက ကန်ဒေါ်လာ ဘီလီယံ ၃၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကင်ညာတွင်ပြုလုပ်ခဲ့သည့် အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး တိုကျိုနိုင်ငံတကာညီလာခံ TICAD တွင် ပြောကြားလိုက်သည်။
ယခုနှစ်မှစတင်ကာ ဂျပန်နိုင်ငံမှာ အာဖရိကတိုက်ရှိ အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားရရှိရေး၊ မြို့ပြ သယ်ယူပို့ဆောင်ရေး၊ လမ်းနှင့် ဆိပ်ကမ်းများ စသည့် ကဏ္ဍများတွင် ဖြစ်သည်။
ကျန်ရှိသည့် ဘီလီယံ ၂၀ ကိုမူ ဂျပန်နိုင်ငံ၏ ၃ နှစ်အတွင်း ဂျပန်နိုင်ငံ၏ ပုဂ္ဂလိက လုပ်ငန်းများမှတစ်ဆင့် အာဖရိကတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်ဟု အာဘေးက ထပ်လောင်းပြောကြားခဲ့သည်။
ဂျပန်-အာဖရိက စီးပွားရေးဖိုရမ် ကျင်းပရေးနှင့် ဂျပန်အစိုးရ တာဝန်ရှိသူများ၊ စီးပွားရေးခေါင်းဆောင်များက အာဖရိကသို့ ၃ နှစ်လျှင်တစ်ကြိမ် လည်ပတ်မည့် အစီအစဉ်တို့ကိုလည်း အာဘေးက ကြေငြာခဲ့သည်။
စနေ၊ တနင်္ဂနွေ ၂ ရက် ကျင်းပခဲ့သည့် အဆိုပါညီလာခံတွင် အာဖရိကနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင် ၃၀ ခန့် တက်ရောက်ခဲ့ကြပြီး၊ သဘောတူညီချက် ၇၀ ခန့် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ TICAD ညီလာခံကို ၆ ကြိမ်ကျင်းပခဲ့ပြီး ယခုတစ်ကြိမ်မှာ အာဖရိကမြေတွင် ပထမဆုံး ကျင်းပခြင်းဖြစ်သည်။
ကုလသမဂ္ဂ၊ အာဖရိကသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နှင့် ဂျပန်တို့ ပူးပေါင်းပြုလုပ်သည့် အဆိုပါ ညီလာခံ၏ ရည်ရွယ်ချက်မှာ အာဖရိကဒေသတွင် ကုန်သွယ်ရေးနှင့် အကူအညီများ တိုးမြှင့်ပေးရန်နှင့် ဒေသအတွင်း ဂျပန်နိုင်ငံ၏ သြဇာလွှမ်းမိုးရန်ဖြစ်သည်။
Ref : Aljazeera
Leave a Reply
You must be logged in to post a comment.