သြဂုတ် ၃၀၊ ၂၀၁၆
M-Media
– ၂၀၁၈ ခုနှစ်တွင် ရုရှား၌ပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးပါက နိုင်ငံတကာ ဘောလုံးသမားဘ၀မှ အနားယူရန် အစီအစဉ်ရှိနေသည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။
ရူနီမှာ အင်္ဂလန်နည်းပြသစ် ဆမ်အလာဒိုက်စ် လက်ထက်တွင်လည်း လက်ရွေးစင်နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး လာမည့် တနင်္ဂနွေနေ့ ကမ္ဘာဖလားခြေစစ်ပွဲ ဆလိုဗက်ကီးယားနှင့်ပွဲတွင် အင်္ဂလန်အသင်းအား ဦးဆောင်သွားမည်ဖြစ်သည်။
သို့သော်လည်း လာမည့် ၂၀၁၈ ကမ္ဘာဖလားပွဲမှာ မိမိအတွက် နောက်ဆုံး ဖြစ်မည်ဖြစ်ပြီး နိုင်ငံတကာ ကစားသမားဘ၀မှ အနားယူချိန်တန်ပြီဖြစ်ကြောင်း စိတ်ပိုင်းဖြတ်ထားသည်ဟု ဆိုသည်။
“ကျွန်တော့်ရဲ့ နိုင်ငံတကာ ကစားသမားဘ၀ဟာ အခုအချိန်အထိ တော်တော်လေး ကျေနပ်စရာကောင်းတယ်။ ပွဲတွေအများကြီး ကစားခဲ့ရပြီး မိနစ်တိုင်းအတွက်လည်း ကျွန်တော် ကျေနပ်ပါတယ်။ ဒါပေမယ့် အဆုံးသတ်ချိန်က ရောက်လာမှာပါ။ ကျွန်တော် မအိုသေးပါဘူး။ အသက် ၃၀ ပဲ ရှိပါသေးတယ်။ ရုရှားပြိုင်ပွဲဟာ နိုင်ငံတာကာ ကစားသမားဘ၀ကို နှုတ်ဆက်ဖို့ ကျွန်တော့်အတွက် အချိန်ကောင်းပါပဲ။ ကျွန်တော်ကတော့ ဆုံးဖြတ်ပြီးပါပြီ။ ဒါပေမယ့် ဆမ်အလာဒိုက်စ်အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော် နိုင်ငံအသင်းအတွက် ရွေးချယ်ခံရမယ်ဆိုရင် အဲဒီပြိုင်ပွဲဟာ နောက်ဆုံးပွဲ ဖြစ်မှာပါ။ အတက်အကျတွေရှိခဲ့ပေမယ့် ကျွန်တော် ဂုဏ်ယူပါတယ်” ဟု ရူနီက ပြောကြားခဲ့သည်။
ရူနီမှာ အင်္ဂလန်ဘောလုံသမိုင်းတွင် ၅၃ ဂိုးဖြင့် ဂိုးအများဆုံး သွင်းယူထားသည့် ကစားသမားတစ်ဦးဖြစ်ပြီး ပွဲပေါင်း ၁၁၅ ပွဲ ကစားထားပြီးဖြစ်သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.