News @ M-Media

လူနည်းစုဝင်တွေ ဆက်လက် ဖိနှိပ်ခံနေရမှု လန်ဒန်ရောက် မြန်မာအချို့ ဆန္ဒပြ

စက်တင်ဘာ ၁၂ ၊ ၂၀၁၆
M-Media
သတင်း-မြတ်သူရအောင်
14238254_1254516197905908_8993740816512879410_n
ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ၁၂ နာရီတွင် လန်ဒန်မြို့ မြန်မာသံရုံးအရှေ့မှာ Burmese Muslim Association (BMA-UK) မှဦးဆောင်၍ ယူကေရောက် မြန်မာအချို့ဟာ မြန်မာအစိုးရကို ဆန့််ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲ တရပ်ပြုလုပ်ခဲ့ပါတယ်။

မြန်မာပြည်က အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ သူတွေအပါအဝင် လူနည်းစုများ ခွဲခြားဆက်ဆံ ခံနေရခြင်း ကိစ္စ ၊ လူနည်းစုဝင်တွေကို Identity Card for National (NVC) အစိမ်းရောင်ကဒ်တွေ ထုတ်ပေးနေပြီး အထောက်အထားမဲ့ ဧည့်နိုင်ငံသားအဖြစ် သတ်မှတ်ရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်သည့် အနေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ သိရှိရပါတယ်။

” ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ စတက်လာပြီး မကြာခင် ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက မွတ်စလင်မ်တွေဟာ ဧည့်နိုင်ငံသားတွေ ဖြစ်တယ်လို့ မီဒိယာတခုကို ပြောခဲ့တယ်။  နောက်တခါ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ချာခ်ျဝင်းထဲမှာ မြိုင်ကြီးငူဆရာတော်ရဲ့ ကျူးကျော် စေတီ တွေ အတင်းဝင်ရောက်တည်ဆောက်ခဲ့တယ်။ နောက်ပြီး ရွှေဂွန်းက ဗလီ ဘေးလမ်းကြားမှာ စေတီ ထပ်ပြီး တည်ခဲ့တယ်။ သူရဲသမိန်နဲ့ လုံးခင်းမှာ ဗလီတွေ ဖျက်ခံရတယ်။ မီးရှို့ခံရတယ်။ ကျနော်တို့ဟာ စစ်အစိုးရ လက်ထက် မှာ တောက်လျောက်အဖိနှိပ် အကြမ်းဖက်ခံခဲ့ရတယ်။ NLD အစိုးရ တက်လာတဲ့အခါမှာ ကျနော်တို့ နိုင်ငံသားအခွင့်အရေး တန်းတူရဖို့ အများကြိး မျှော်လင့်ချက်ထားခဲ့ပါတယ်။ ဒါပေမယ့် ဖိနှိပ်မှုတွေ ဆက်ဖြစ်နေတယ်။ အခု မွတ်စလင်မ်နဲ့ လူနည်းစု ဝင်တွေကို NVC ဆိုတဲ့ အစိမ်းရောင်ကဒ် ပေးပြီးတော့ အထောက်အထားမဲ့ တဲ့လူတွေ ဖြစ်အောင် ဆက်လုပ်နေတယ်လို့ သိရတယ်။ ဒါတွေကို ဆန့်ကျင်တယ်ဆိုတဲ့ အကြောင်း သံရုံးမှာ ဆန္ဒထုတ်ဖော်ရင်းနဲ့ ကျနော် တို့ မက်ဆစ်ပေးခဲ့တာဖြစ်ပါတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ကို မုန်းလို့ မဟုတ်ပါဘူး။ လိုအပ်ချက်အရ တိုင်းပြည်ခေါင်းဆောင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဆီ တောင်းဆိုရတာဖြစ်ပါတယ် “လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုကျော်စွာက  M-Media ကို ပြောပြပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ  ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို တရားဝင် ခရီးစဉ်အဖြစ် ရောက်ရှိနေတာဖြစ်ပြီး မနက်ဖြန်မှာ အမေရိကန်ပြည်ထောင်စုကို ဆက်လက်ထွက်ခွါမယ်လို့ သိရှိရပါတယ်။

14291848_1254514037906124_5530652928303341794_n

14330034_1254515627905965_8611808964666718385_n

14344359_1254513824572812_6878032901653648378_n

Comments

Leave a Reply