News @ M-Media

IS ၏ တိုက်ခိုက်မှုကြောင့် အာဖဂန် စက်ရုပ်အဖွဲ့ခေါင်းဆောင်၏ ဖခင် သေဆုံး

သြဂုတ် ၃၊ ၂၀၁၇
M-Media

ဖာတီမဟ် ကွာဒါရ်ယန် (ယာအစွန်)

– အမေရိကန်စက်ရုပ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် အာဖဂန် အမျိုးသမီး စက်ရုပ်အသင်းခေါင်းဆောင်၏ ဖခင်ဖြစ်သူမှာ အင်္ဂါနေ့က IS အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု သိရသည်။

ဟီရတ်မြို့ရှိ ရှီအာဗလီတစ်လုံးအား အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ဖာတီမဟ် ကွာဒါရ်ယန်မှာ ထိုဖြစ်ရပ်အတွက် ‘စိတ်ဆိုးကာ၊ ကြေကွဲဝမ်းနည်းနေသည်’ ဟု နည်းပြဖြစ်သူ အလီ ရီဇာ မဟရ်ဘန်က ပြောကြားခဲ့သည်။

“ဖာတီမဟ်ရဲ့အဖေဟာ ဒဏ်ရာရရှိပြီး သေဆုံးသွားပါတယ်။ သူမဟာ တော်တော် စိတ်ထိခိုက်နေပြီး အစာလည်း မစားဘူး၊ ဘယ်သူ့ကိုမှလည်း စကားမပြောပါဘူး။ သူဟာ အင်တန်မှ ခက်ခဲတဲ့အချိန်ကို ဖြတ်ကျော်နေရတာပါ” ဟု အလီ ရီဇာက ပြောကြားခဲ့သည်။

ရှီအာဗလီအား တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၃၆ ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လက The First Global နှင့် အင်တာဗျူးတွင် ကွာဒါရ်ယန်က ဖခင်ဖြစ်သူမှာ သူမအား အလွန် ပံ့ပိုးကူညီပေးခဲ့သည်ဟု ဖြေကြားခဲ့သည်။

၎င်းတို့အဖွဲ့မှာ အမေရိကန်ဝင်ခွင့်ဗီဇာကို ၂ ကြိမ်တိုင်တိုင် ပယ်ချခံခဲ့ရပြီး နိုင်ငံတကာက ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဗီဇာရရှိခဲ့သည်။ နိုင်ငံပေါင်း ၁၅၀ ကျော်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အဆိုပါ ပြိုင်ပွဲတွင် ရဲစွမ်းသတ္တိရှိမှုအတွက် ငွေတံဆိပ်ဆု ရရှိခဲ့ပြီး၊ ဒိုင်လူကြီးများကလည်း ၎င်းတို့၏ အားထုတ်မှုများအတွက် ချီးကျူးခဲ့သည်။

အာဖဂန်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့များ၏ တုန့်ပြန်မှု အားနည်းခြင်းအတွက် ပြည်သူများက ဆန္ဒပြခဲ့ကြသည်။

Ref: Aljazeera