News @ M-Media

တရုတ်ရန်ကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး မရိန်းတပ်ဖွဲ့ကို ဂျပန်ဖွဲ့စည်း

ဧပြီ ၇၊ ၂၀၁၈
M-Media

အသစ်ဖွဲ့စည်းလိုက်သည့် ဂျပန်မရိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ချို့

– ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်စစ်တပ်မှာ မရိန်းတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး အရှေ့တရုတ်ပင်လယ်အစွန်းရှိ ဂျပန်ပိုင်ကျွန်းများအား ကျူးကျော်သိမ်းပိုက်သူများကို ကာကွယ်ရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

Amphibious Rapid Deployment Brigade (ARDB) ဟု အမည်ပေးထားသည့် မရိန်းတပ်ဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့မနက်ပိုင်းက နိုင်ငံအနောက်တောင်ပိုင်း ကျူရှုးကျွန်းရှိ ဆာဆီဘိုမြို့အနီး စစ်စခန်းတွင် ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်မှာ စစ်ရေးပြခဲ့ကြသည်။

“ဂျပန်နိုင်ငံပတ်ဝန်းကျင်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေ ခက်ခဲမှု မြင့်တက်လာတာကြောင့် ကျွန်တော်တို့ရဲ့ ကျွန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ မလုပ်မဖြစ်တဲ့ တာဝန်မျိုး ဖြစ်လာပါတယ်” ဟု ဒုတိယကာကွယ်ရေးဝန်ကြီး တိုမိုဟီရို ယာမာမိုတိုက ပြောကြားခဲ့သည်။

မရိန်းတပ်ဖွဲ့ဝင်များမှာ ဝေလံခေါင်ဖျားသည့် ကျွန်းတစ်ခုကို ရန်သူများလက်မှ ပြန်သိမ်းသည့် မိနစ် ၂၀ ကြာ စစ်ရေးပြမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။

ယခုဖွဲ့စည်းလိုက်သည့် မရိန်းတပ်ဖွဲ့ကို အသုံးပြု၍ အိမ်နီးချင်းနိုင်ငံများအား ခြိမ်းခြောက်လာနိုင်သည်ဟု ကျွမ်း ကျင်သူများက သတိပေးမှု ရှိနေသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံ၏ အခြေခံဥပဒေတွင် စစ်ပွဲတိုက်ခိုက်မှုကို စွန့်လွှတ်ကြောင်း ဖော်ပြထားသည်။

ဂျပန်၏ ယခုတပ်ဖွဲ့သစ်တွင် ရဟတ်ယာဉ်များ၊ ကုန်း/ရေ နှစ်မျိုးစလုံးတွင် မောင်းနှင်နိုင်သောယာဉ်များအပါအ၀င် ခေတ်မီ မရိန်းတပ်ဖွဲ့တစ်ခုတွင် အသုံးပြုရမည့် ပစ္စည်းကိရိယာများ၊ ယာဉ်များ ပါဝင်ပြီး ပစိဖိအနောက်ခြမ်းတွင် တရုတ်က အလွယ်တစ်ကူ ၀င်ရောက်နိုင်မှုကို ဟန့်တားရန် ဖြစ်သည်။

တရုတ်မှာ အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်က ထိန်းချုပ်ထားသော ကျွန်းများကို ပိုင်ဆိုင်ကြောင်း ပြောကြားထားသည်။

ယခု ARDB တပ်ဖွဲ့တွင် စစ်သား ၂၁၀၀ ခန့် ပါဝင်ပြီး အမေရိကန်၏ US Marine Expeditionary Unit (MEU) ကဲ့သို့ အခြေစိုက်စခန်းနှင့် အလွန်ဝေးသည့် ပယ်လယ်ပြင်တွင် စစ်ဆင်ရေး လုပ်ဆောင်နိုင်သည့် တပ်ဖွဲ့မျိုး ဖွဲ့စည်းရန် ခြေလှမ်းအစလည်းဖြစ်သည်။

Ref: CNA