News @ M-Media

Facial recognition ဖြင့် ရာဇ၀တ်ကောင်ကိုရှာသည့် စနစ်ကို မလေးရှားတွင် စတင်အသုံးပြု

ဇန်န၀ါရီ ၂၊ ၂၀၁၈
M-Media

– လုံခြုံရေးကင်မရာတွေကနေတစ်ဆင့် မျက်နှာကိုကြည့်ပြီး ဘယ်သူဘယ်ဝါဆိုတဲ့ ဖော်ထုတ်နိုင်မယ့် (facial recognition) စနစ်ကို မလေးရှားနိုင်ငံ ပီနန်မြို့အစိုးရက ဒီကနေ့မှာ စတင်မိတ်ဆက်လိုက်ပြီး ရာဇ၀တ်မှုတွေ လျော့ကျစေဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။

မိတ်ဆက်ပွဲအခမ်းအနားမှာ ပီနန်ပြည်နယ်ဝန်ကြီးချုပ် Chow Kon Yeow က ဒီစနစ်ဟာ ပီနန်မြို့တော်ကောင်စီက တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာ ၇၆၇ ခုရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပီနန်ဟာ မလေးရှားမှာ ဒီစနစ်ကိုအသုံးပြုတဲ့ ပထမဆုံးပြည်နယ် ဖြစ်လာပါတယ်။

“ရာဇ၀တ်မှုတွေ အထူးသဖြင့် လမ်းပေါ်မှာဖြစ်တဲ့ဟာတွေကို လျှော့ချဖို့၊ ပြည်သူလူထု လုံခြုံဖို့နဲ့ သာယာဝပြောဖို့ အတွက် CCTV ကင်မရာနဲ့ စောင့်ကြည့်တဲ့စနစ်ကို ပီနန်ပြည်နယ်အစိုးရက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ပီနန်ပြည်နယ်ရဲချုပ် A Thaiveegan က ကင်မရာကနေ မျက်နှာကိုကြည့်ပြီ ဘယ်သူဘယ်ဝါမှန်း ဖော်ထုတ်နိုင်မယ့် ဒီစနစ်ဟာ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေမှာဖြစ်ကြောင်း၊ ရာဇ၀တ်ကောင် ဒါမှမဟုတ် အလိုရှိသူရဲ့ ဓာတ်ပုံကို စနစ်မှာထည့်သွင်းပြီး ဒီလူ ဘယ်ရောက်နေလဲဆိုတာကို အလျင်အမြန် သိရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုဖော်ထုတ်နိုင်တာနဲ့ ချက်ခြင်း ဖမ်းဆီးသွားမှာမဟုတ်ဘဲ ရဲတပ်ဖွဲ့မှာ ရှိနေတဲ့ အခြားအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှသာ အရေးယူသွားမှာဖြစ်တယ်လို့ ရဲချုပ်က ဆိုပါတယ်။

မျက်နှာကို စောင့်ကြည့်ကင်မရာကနေတစ်ဆင့် ကြည့်ရှုကာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ထုတ်တဲ့စနစ်ကို တရုတ်နိုင်ငံမှာ အကြီးအကျယ် အသုံးပြုနေပြီး၊ ကမ္ဘာ့ အခြားဒေသတွေမှာလည်း အသုံးပြုနေကြပါတယ်။

Ref: CNA