ဧပြီ ၂၈၊ ၂၀၁၉
M-Media

– အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက ဂျူးဘုရားကျောင်းတစ်ခုကို သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကာ အာဏာပိုင်တွေကတော့ ဒါဟာ အမုန်းဆောင်ရာဇ၀တ်မှုလို့ ထုတ်ပြန်ထားပါတယ်။
ပိုဝေမြို့ Chabad of Poway ဆိုတဲ့ ဂျူးဘုရားကျောင်းမှာ မနေ့က ၀တ်ပြုဆုတောင်းသူနေစဉ် အသက် ၁၉ နှစ်အရွယ် လူဖြူအမျိုးသား ဂျွန်အန်းနက်စ်ဆိုသူက ချေမှုန်းရေးရိုင်ဖယ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မြို့နယ် ငြိမ်ဝပ်ပိပြားရေး အရာရှိ ၀ီလီယံဂိုရီက သေနတ်ဟာ ပစ်ခတ်နေစဉ် ဂျမ်းဖြစ်သွားတဲ့လက္ခဏာ ရှိခဲ့တယ်လို့ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
အန်းနက်စ်ဟာ ပစ်ခတ်မှုပြုလုပ်ပြီးတဲ့နောက် ကားနဲ့ထွက်ပြေးသွားပေမယ့် နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ထံ လက်နက်ချ အဖမ်းခံခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်အပါအ၀င် အမေရိကန်အစိုးရအရာရှိတွေက ဒီပစ်ခတ်မှုကို ရှုတ်ချခဲ့ပြီး ဒါဟာ ဂျူးမုန်းတီးရေး တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း လူ ၄ ဦး ထိခိုက်ခဲ့ပြီး အဲဒီအထဲက အဘွားအိုတစ်ဦးဟာ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပါတယ်။
ပိုဝေးမြို့တော်ဝန် စတီဗ် ဗက်စ်က သေနတ်သမား ဘုရားကျောင်းထဲ ၀င်ရောက်လာစဉ်အချိန်မှာ ဟစ်အော်ခဲ့တဲ့ စကားတွေကြောင့် ဒီတိုက်ခိုက်မှုဟာ အမုန်းရာဇ၀တ်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘာ့ကြောင့် ဒီလိုပစ်ခတ်ရလဲဆိုတာကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ရဲတပ်ဖွဲ့အကြီးအကဲ ဂိုရီကတော့ စုံစမ်းစစ်ဆေးသူတွေဟာ အန်းနက်စ်ရဲ့ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ သူ့ရဲ့ ‘ကြေငြာစာတမ်း’ တို့ကို သုံးသပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အန်းနက်စ်ဟာ ရာဇ၀တ်မှုမှတ်တမ်းမရှိပေမယ့် ပိုဝေးမြို့အနီး အက်စ်ကွန်ဒီဒိုမြို့မှာ ပြီးခဲ့တဲ့လက ဗလီတစ်လုံးကို မီးရှို့ခဲ့တယ်လို့ သူကိုယ်တိုင် ၀န်ခံထားတဲ့ ကိစ္စကို တာဝန်ရှိသူတွေက စစ်ဆေးနေပါတယ်။ ဗလီမီးလောင်မှုမှာ ပျက်ဆီးမှုတွေ ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှု မရှိပါဘူး။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်နေ့က ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က Tree of Life ဂျူးဘုရားကျောင်းကို လူဖြူအစွန်းရောက် အသက် ၄၆ နှစ်အရွယ် ရောဘတ် ဂရီဂိုရီ ဘောင်ဝါဆိုသူက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ၁၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံ သမိုင်းမှာ ဂျူးလူမျိုးတွေကို ပစ်မှတ်ထားတဲ့ အကြီးမားဆုံး ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့် အာဏာရပြီးနောက်ပိုင်း အမေရိကန်မှာ လူဖြအစွန်းရောက် ၀ါဒနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး သမ္မတရဲ့ လူမျိုးရေးခွဲခြားတဲ့စကားတွေ၊ အပြုအမူတွေက လူဖြူအစွန်းရောက်တွေကို အားပေးသလို ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
Ref: Aljazeera