News @ M-Media

ပါကစ္စတန်လူငယ်တစ်ဦး ကမ္ဘာအမြင့်ဆုံးတောင်နှစ်ခုကို တက်နိုင်သည့် အငယ်ဆုံးလူသားအဖြစ် မှတ်တမ်းဝင်

ဇူလိုင် ၂၈၊ ၂၀၂၁
M-Media

-ပါကစ္စတန်က အသက် ၁၉ နှစ်အရွယ် အမျိုးသား ရှဟ်ရိုဇ် ကာရှစ်ဖ်ဟာ ကမ္ဘာ့ဒုတိယအမြင့်ဆုံးတောင် K2 ကို တက်ရောက်နိုင်တဲ့ အသက်အငယ်ဆုံးသူအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

အမြင့် ၈၆၁၁ မီတာရှိတဲ့ အဲဒီ K2 တောင်ထိပ်ကို အင်္ဂါနေ့ ​ဒေသစံတော်ချိန် မနက် ၈ နာရီ ၁ မိနစ်မှာ ရောက်ခဲ့တာပါ။

ကာရှစ်ဖ်ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက တောင်တွေကို စတင်တက်ရောက်ခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်မှာပဲ ၈၀၄၇ မီတာမြင့်တဲ့ ကမ္ဘာ့ ၁၂ ခုမြောက် အမြင့်ဆုံးတောင် Broad Peak ကို တက်ရောက်နိုင်ခဲ့ပါတယ်။

မေလအတွင်းက ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ကို တက်ရောက်နိုင်တဲ့ အသက်အငယ်ဆုံးသူအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ဧ၀ရက်တောင်နဲ့ K2 နှစ်ခုစလုံးကို တက်ရောက်နိုင်တဲ့ အသက်အငယ်ဆုံးသူလည်း ဖြစ်ပါတယ်။

ပါကစ္စတန်မြောက်ပိုင်းမှာရှိတဲ့ ကမ္ဘာ့ဒုတိယအမြင့်ဆုံးတောင် K2 ဟာ အလွန်ကြမ်းတမ်းတဲ့ ရာသီဥတုရှိပြီး လေတိုက်နှုန်း တစ်နာရီကို ကီလိုမီတာ ၂၀၀ ကျော် တိုက်လေ့ရှိပြီး၊ အပူချိန်ကလည်း အနှုတ် ၆၀ ဒီဂရီအထိ ရှိတတ်ပါတယ်။ ဆောင်းတွင်းကာလ တောင်ထိပ်ကို ရောက်အောင်တက်ဖို့ဟာ တောင်တက်သမားတွေအတွက် စိန်ခေါ်မှုအများဆုံး ဖြစ်ပါတယ်။

ဧ၀ရက်တောင်ကို တောင်တက်သမား အများအပြား တက်ဖို့ ကြိုးစားကြပေမယ့် K2 တောင်ကိုတော့ အန္တရာယ်များလွန်းတဲ့အတွက် တက်ဖို့ကြိုးစားသူဟာ ဧ၀ရက်တောင်နဲ့ယှဉ်ရင် နည်းပါးပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွက် ပါကစ္စတန်က လူငယ်တစ်ချို့ K2 တောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။

Ref: Aljazeera