News @ M-Media

Blog

  • လုပ်ဆောင်ချက် အသစ်များ ပါဝင်သည့် M-Media Android App Version အသစ်

    လုပ်ဆောင်ချက် အသစ်များ ပါဝင်သည့် M-Media Android App Version အသစ်

    ဇွန် ၂၃ ၊ ၂၀၁၅
    M-Media

    M-Media Cover copy

    M-Media မှ တင်ဆက်ပေးနေသတင်းများကို Android Smart ဖုန်းများမှ တဆင့် ဖတ်ရှုနေတဲ့ စာဖတ် ပရိတ်သတ် အတွက် လုပ်ဆောင်ချက် အသစ်များဖြင့် အဆင့်မြှင့်ထားတဲ့ M-Media Android Application အသစ်ကို ဖြန့်ဝေလိုက်ပါပြီ။

    Version 2.0 မှာ လုပ်ဆောင်ချက် အသစ်များပါဝင်ပြီး ဖုန်းတွေမှာ မြန်မာဖောင့် မရှိခဲ့ရင်လည်း ဖတ်ရှုနိုင်အောင်ဆောင်ရွက်ပေး ထားပါတယ်။

    Android 3.0 နှင့် အထက် Smart Phone များတွင် အသုံးပြုနိုင်ပြီး  Google Play ကနေ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

    M-Media Android app Update (သို့) Download လုပ်ရန် [2.29 MB]
    ———————————————-
    Play Store Link =>https://play.google.com/store/apps/details?id=com.app.news.mmedia

    .
    Apk Version လိုချင်သူများအတွက်
    _______________________
    Drop Box => https://dl.dropboxusercontent.com/u/401039/playstore/Mmedia.apk
    App Box => https://app.box.com/s/gj1aotaxfsk7chq51uoyc0j34r7tvxs3

    M-Media Android application ကို M-Media အဖွဲ့မှ နည်းပညာရှင် လူငယ်များ ကိုယ်တိုင် စုပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ပြီး စိတ်ချ ယုံကြည်စွာ အသုံးပြုနိုင်ကြောင်း အာမခံပါတယ်။

    ယခင် M-Media App Version 1.0 သွင်းထားသူများ Update လုပ်ရန် လမ်းညွှန်

    နဂို Version 1.0 သွင်းထားပြီးသူများ အတွက်တော့ Play Store ကတဆင့် Update လုပ်ရုံပါဘဲ။ Play Store မှ Update ပြုလုပ်ပုံ အဆင့်ဆင့်အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

    ** မင်နီပြထားသည့်များကို အဆင့်တိုင်းမှာ နှိပ်သွားရန်

    Update copy

     

    M-Media Android App  Version 2.0 ပါဝင်တဲ့ လုပ်ဆောင်ချက် အသစ်များ
    ______________________________________________
    မြန်မာ- အင်္ဂလိပ် ဗားရှင်း ၂ ခုစလုံးအတွက် Website မှာတင်သမျှသတင်းများအပြင် Facebook Page များမှာတင်သည့် ပိုစ်များကိုပါ App ထဲမှ ဖတ်ရှုနိုင်အောင် စုစုပေါင်း သတင်းအပိုင်းမှာ Channel  ၃ ခု ထည့်သွင်းပေးထားပါတယ်။
    News Chanel

    M-Media မြန်မာဗားရှင်းအတွက် Channel ၂ ခု ပါရှိပါတယ်။ M-Media အင်္ဂလိပ်ဗားရှင်းအတွက် Channel
    ၁ ခု ပါရှိပါတယ်။

    M-Media 1(MM) နှင့် M-Media 2(MM) မှာ သတင်းများ အတူတူသာဖြစ်ပြီး ရည်ရွယ်ချက်မှာ အကြောင်း အမျိုးမျိုးကြောင့် ပင်မ သတင်းဆိုဒ်ဖြင့် ချိတ်ဆက်ထားသည့် M-Media 1(MM) ဖတ်ရှု၍ မရခဲ့လျှင် အခြား တခုဖြစ်သော M-Media 2 (MM) မှ ဖတ်ရှုနိုင်ရန် အတွက်ဖြစ်ပါတယ်။

    ပုံမှန်အနေအထားတွင် Data မစားစေရန်  M-Media 1(MM) တခုကို ဘဲ ဖွင့်ထားရင် လုံလောက်ပါတယ်။ Channel ၃ ခု အနက်မှ မိမိတို့ ပိတ်ထားလိုသည့် Channel များကိုလည်း အောက်ဖော်ပြပါ ပုံအတိုင်း စိတ်ကြိုက်ရွေးချယ်ပြီး ပိတ်ထားနိုင်ပါတယ်။

    Edit Chanel

    M-Media YouTube (ရုပ်သံ)
    __________________
    M-Media YouTube Chanel မှ ရုပ်သံ သတင်းနှင့် မှတ်တမ်းများကို Youtube website ကို သွား၍ ကြည့်ရှုစရာလိုဘဲ M-Media App တွင် တိုက်ရိုက် ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။

    ရုပ်သံများကို ကြည့်ရှုတဲ့ အချိန်မှာတော့ အင်တာနက် Connection လိုအပ်မှာဖြစ်ပါတယ်။

     

    M-Media Tube

    Public Holidays အစိုးရရုံးပိတ်ရက်များ (မြန်မာ-စင်္ကာပူ)
    ________________________________
    အစိုးရ ရုံးပိတ်ရက်များကို ပြက္ခဒိန် သီးသန့်ကြည့်စရာမလိုဘဲ M-Media App ကို အသုံးပြုရုံဖြင့် အလွယ်တူ သိရှိနိုင်အောင် ထည့်သွင်းတဲ့ လုပ်ဆောင်ချက်အသစ်ပါ။ လတ်တလောမှာတော့ မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့ရဲ့ အစိုးရရုံး ပိတ်ရက်များကြည့်ရှုနိုင်ပါတယ်။ သတိပြုရမယ့် အချက်တခုကတော့ တချို့ပိတ်ရက်တွေဟာ ပုံသေ သတ်မှတ်ထားတာ မဟုတ်တဲ့ အတွက် တနှစ်ကုန်သွားပြီး နှစ်သစ်ရောက်သွားရင် Update List ဖြစ်ဖို့ အတွက် Online Connection ရှိနေတဲ့အချိန် Refresh လုပ်ပေးဖို့ လိုအပ်ပါတယ်။

     

    Public Holidays

    Useful Apps (အသုံးတည့်ပြီး ရေပန်းစားသော Apps များ)
    __________
    ဒီအပိုင်းကတော့ အသုံးတည့်ပြီး လူသုံးများတဲ့ Android App များကို ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်။ အချိန်အခါလိုက်ပြီး ပြောင်းလဲနေတဲ့ ရေပန်းစားသော App များကို မကြာခဏ ဆိုသလို Update လုပ်ပေးသွားမှာဖြစ်လို့ Latest Update List ကိုရရှိနိုင်ဖို့ အင်တာနက်  Connection ရှိနေတဲ့အချိန် Refresh လုပ်ပေးဖို့ လိုအပ်ပါတယ်။

     

    Useful Apps copy

     

    App settings အပိုင်း စိတ်ကြိုက်ပြု ပြင်ခြင်း
    ______________________________
    No-1
    သူလိုလို Update ဖြစ်စေမယ့် No-2 ကို ပိတ်ထား၊ ဖွင့်ထားလိုလျင် ပြုလုပ်ရမယ့် အပိုင်းဖြစ်ပါတယ်။

    No-2
    App မဖွင့်ထားဘဲ အချိန် ဘယ်လောက် အကြာမှာ တခါ သူအလိုလို refresh ဖြစ်နေအောင် လုပ်ထားတဲ့ အပိုင်းပါ။ ပုံ(၂) အတိုင်း မိမိစိတ်ကြိုက်ပြင်နိုင်ပါတယ်။ ဥပမာ ၈ နာရီလုပ်ထားမယ်ဆိုရင်ဖြင့် ၈ နာရီတွင်း ပိုစ်အသစ်တက်လာရင် App ကို မဖွင့်ထားလည်း

    ပိုစ်အသစ်တင်ဝင်လာကြောင်း notifications အနေနဲ့ ပြပေးမှာဖြစ်ပါတယ်။

    No-3
    M-Media App ဖွင့်လိုက်လျင်  refresh ဖြစ်စေလိုလျင် Check Box ကို နှိပ်ထားရပါ့မယ်။ App ဖွင့်တိုင်းမှာ Internet  Connection ရှိနေရင် ပိုစ်အသစ်များ Auto Update လုပ်ပေးပါလိမ့်မယ်။ Automatic refresh မဖြစ်စေချင်ရင်တော့ အမှတ်ခြစ်လေးဖြုတ်ထားရုံပါဘဲ။

    No-4
    Automatic Update (No-2) ကို WiFi Connection ရှိမှ refresh လုပ်ချင်သူတွေ အတွက်ပါ။ မြန်မာပြည်လို Data သုံးသလောက် ပိုက်ဆံပေးရတဲ့ User များ ကုန်ကျစရိတ် ချွေတာနိုင်ထည့်သွင်းထားတာပါ။

    No-5
    ပိုစ် အဟောင်းတွေကို ဘယ် ၂ ရက် သိမ်းထားမလဲ ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ပုံ(၄) ပါအတိုင်း မိမိတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ အသုံးပြုသူများရဲ့ ဖုန်း Storage အနည်းအများလိုက် အလျော့အတင်းပြုလုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

    No-6
    သတင်းပိုစ်များကို စာလုံးဖောင့် ဆိုဒ် ပြောင်းလို့ရတဲ့အပိုင်းပါ။ စာလုံးကြီးကြီးဖတ်ရမှ အားရသူ စာဖတ်သူများ ပုံမှန် စာလုံးအရွယ်အစားထပ် ၃ ဆ ကြီးပြိး မြင်အောင် လုပ်ထားလို့ရပါတယ်။

    No-7
    ဖုန်းထဲမှာ မြန်မာဖောင့် ရှိပြီးသားဆိုလျင် ဒီအပိုင်းကို ဖြုတ်ထားလို့ရပါတယ်။

    No-8
    သတင်းပိုစ်များမှာ ဓါတ်ပုံဖြုတ်ထားချင်ရင် လုပ်လို့ရတဲ့အပိုင်းဖြစ်ပါတယ်။

    No-9
    သတင်းအသစ်တက်တိုင်း Notification ပြမှာကို မလိုချင်ဘူးဆို ဖြုတ်ထားလို့ရတဲ့အပိုင်းပါ။

    Settings

     

    Android 3.0 အောက် ဖုန်းများအတွက် အဆင်ပြေအောင် သီးသန့် App တခု ထပ်မံပြီး ဖြန့်ဝေပေးသွားဖို့ ရှိပါတယ်။

    M-Media ဆိုသည်မှာ

    M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင်  လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်း အဖွဲ့၏သြဇာခံ လက်အောက်ခံ မဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအခုအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။

    M-Media ရဲ့ App အသုံးပြုရတာ အခက်အခဲ ရှိရင်သော်လည်းကောင်း၊ အကြံပြုလိုတာ ရှိရင်သော်လည်းကေင်း [email protected] သို့ ဆက်သွယ်နိုင်ပါသည်။

    လေးစားစွာဖြင့်

    M-Media ဝိုင်းတော်သားများ

  • မြောက်ဦးဆေးရုံ တိုက်ခိုက်မှုကို မြန်မာစစ်တပ်က သတင်းထုတ်ပြန်ရာတွင် အစ္စရေးကဲ့သို့ မမှန်၀ါဒဖြန့် နည်းလမ်းကို အသုံးပြု

    မြောက်ဦးဆေးရုံ တိုက်ခိုက်မှုကို မြန်မာစစ်တပ်က သတင်းထုတ်ပြန်ရာတွင် အစ္စရေးကဲ့သို့ မမှန်၀ါဒဖြန့် နည်းလမ်းကို အသုံးပြု


    ဒီဇင်ဘာ ၁၃၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – မြန်မာစစ်တပ်၏ မမှန်၀ါဒဖြန့် ထုတ်ပြန်ချက်ကို ပြည်တွင်း မီဒီယာတစ်ခုက သတင်းဖော်ပြထားမှု)

    ဒီဇင်ဘာ ၁၀ ရက်နေ့က မြောက်ဦးဆေးရုံကို လေကြောင်းက တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်က သတင်းထုတ်ပြန်ရာမှာ မမှန်၀ါဒဖြန့် နည်းလမ်း အသုံးပြုခဲ့တာကို တွေ့ရပါတယ်။

    တိုက်ခိုက်ခံရတဲ့ မြောက်ဦးဆေးရုံကို ရခိုင်လွတ်မြောက်ရေးအဖွဲ့ AA က စစ်စခန်းအဖြစ် ခိုအောင်အသုံးပြုတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဆေးရုံ တိုက်ခိုက်ခံရမှုအတွင်း AA တပ်ဖွဲ့၀င်တွေ သေဆုံးသွားတယ်ဆိုပြီး တင်ထားတဲ့ Facebook က ပို့စ်တစ်ချို့ကို စစ်တပ်က ထောက်ပြခဲ့ပါတယ်။

    ဒါပေမယ့် ဒီပို့စ်တွေမှာ တင်ထားတာတွေဟာ မြေပြင်က တကယ်ထိခိုက်မှုတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ ဆန်းစစ်သုံးသပ်ခဲ့လားဆိုတာ မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ မတွေ့ရပါဘူး။ AA က မြောက်ဦးဆေးရုံကို စစ်စခန်းအဖြစ် အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးကို မြေပြင်က တိုင်းရင်းသားတွေက သတင်းပေးတယ်လို့သာ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး၊ ဒီပြောဆိုချက်တွေနဲ့ ကိုက်ညီတဲ့ ဓာတ်ပုံ၊ ဗီဒီယိုလိုမျိုး ခိုင်မာတဲ့သက်သေတွေ ထုတ်ပြန်တာမျိုးလည်း မရှိပါဘူး။

    ဆန့်ကျင်ဖက် လက်နက်ကိုင်အဖွဲ့နဲ့ သက်ဆိုင်တဲ့ အရပ်သားလူ့အဖွဲ့အစည်းကို ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်ပြီး၊ လက်နက်ကိုင်အဖွဲ့အပေါ် အပြစ်တင်ပြောဆို ဆင်ခြေပေးတဲ့ မမှန်၀ါဒဖြန့်မျိုးကို လက်ရှိ တွင်တွယ်ကျယ်ကျယ် အသုံးပြုနေတာက အစ္စရေးဖြစ်ပါတယ်။

    ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာရှိတဲ့ ဆေးရုံအားလုံးကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အစ္စရေးက အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး ဆေး၀န်ထမ်းတွေနဲ့ ပါလက်စတိုင်းပြည်သူ အမြောက်အများ သေဆုံးခဲ့ပါတယ်။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က စစ်စခန်းအဖြစ် အသုံးပြုတဲ့အတွက် ဆေးရုံကို တိုက်ခိုက်တာလို့ အစ္စရေးက နောက်ပိုင်းမှာ မမှန်သတင်းထုတ်ပြန်ခဲ့ပါတယ်။

  • ဥရောပ သီချင်းပြိုင်ပွဲတွင် အစ္စရေးကို သပိတ်မှောက်သည့်နိုင်ငံ ၅ ခုအထိ ရှိလာ

    ဥရောပ သီချင်းပြိုင်ပွဲတွင် အစ္စရေးကို သပိတ်မှောက်သည့်နိုင်ငံ ၅ ခုအထိ ရှိလာ

    ဒီဇင်ဘာ ၁၂၊ ၂၀၂၅

    M-Media

    ဥရောပရုပ်သံလွှင့် သမဂ္ဂက ကျင်းပမယ့် သီချင်းပြိုင်ပွဲ Eurovision Song Contest မှာ အစ္စရေးပါ၀င်မှုကို ဆန့်ကျင်သည့်အနေဖြင့် နှုတ်ထွက်တဲ့နိုင်ငံ ၅ နိုင်ငံအထိ ရှိလာပြီဖြစ်ပါတယ်။

    စပိန်၊ အိုင်ယာလန်၊ ဆလိုဗေးနီးယား၊ နယ်သာလန်နဲ့ အိုက်စလန်တို့ ဖြစ်ပါတယ်။ ဂါဇာမှာ ပါလက်စတိုင်းတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ပြိုင်ပွဲမှာ အစ္စရေးအဖွဲ့ကို ပါ၀င်ခွင့်မပြုဖို့ ပြိုင်ပွဲ၀င်နိုင်ငံတွေက တောင်းဆိုခဲ့ကြတာပါ။

    ဥရောပရုပ်သံလွှင့် သမဂ္ဂက အစ္စရေးကို ပါ၀င်ခွင့်ပြုမယ်လို့ ကြေငြာခဲ့ပြီးနောက် နိုင်ငံတွေက အခုလို နှုတ်ထွက်သွားကြတာ ဖြစ်ပါတယ်။

    Ref: BBC

  • ဆေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်သည့် အဆိုးရွားဆုံး စစ်ရာဇ၀တ်မှု ၄ ခု 

    ဆေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်သည့် အဆိုးရွားဆုံး စစ်ရာဇ၀တ်မှု ၄ ခု 

    ဒီဇင်ဘာ ၁၂၊ ၂၀၂၆

    M-Media 

    ကမ္ဘာတစ်၀ှမ်းက လက်နက်ကိုင်ပဋိပက္ခတွေမှာ ဆန့်ကျင်ဘက်အဖွဲ့နဲ့ သက်ဆိုက်တဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပါတယ်။ တိုက်ခိုက်မှုတစ်ချို့ဟာ ဆေးရုံတွေ၊ ဆေးပေးခန်းတွေကို ပစ်မှတ်ထားတာပါ။ ကျန်းမာရေးဆိုင်ရာ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇ၀တ်မှုမြောက်ပြီး ကမ္ဘာ့အဆိုးရွားဆုံး စစ်ရာဇ၀တ်မှု ၄ ခုကို ဖော်ပြလိုက်ပါတယ်။ 

    ၁။ ဂါဇာ၊ ပါလက်စတိုင်း 

    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့က ဂါဇာကမ်းမြှောင် ဂါဇာစီးတီးမြို့မှာ ရှိတဲ့ Al-Ahli Arab ဆေးရုံကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဆေးရုံက လူနာတွေ၊ ဆေး၀န်ထမ်းတွေအပြင် ဆေးရုံ၀န်းထဲ ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူ ၄၇၁ ဦး သေဆုံးခဲ့ပြီး ၃၄၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ အစ္စရေးက ဒီတိုက်ခိုက်မှုဟာ ဟားမက်စ်က ပြုလုပ်တာလို့ စွပ်စွဲခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လေ့လာသုတေသနပြုနေတဲ့ နိုင်ငံတကာအဖွဲ့အစည်း Forensic Architecture က ဒုံးကျည်လမ်းကြောင်းတွေကို လေ့လာဆန်းစစ်မှုအရ ဆေးရုံကို ထိမှန်တဲ့ ဒုံးကျည်တွေဟာ ဂါဇာကမ်းမြှောင် အပြင်က အစ္စရေးဒုံးပစ်စင်တွေရှိရာ နေရာကနေ လာတာဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ 

    ၂။ အလ်-ဖရှာ၊ ဆူဒန် 

    ဆူဒန်အစိုးရ တပ်တွေနဲ့ တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့ RSF ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း အလ်-ဖရှာမြို့က ဆေးရုံကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း လူနာတွေ၊ ဆေးရုံ၀န်ထမ်းတွေအပါအ၀င် နည်းဆုံး လူပေါင်း ၄၆၀ လောက် သတ်ဖြတ်ခံခဲ့ရပါတယ်။ RSF အဖွဲ့က ဆေရုံဟာ ဆူဒန်စစ်တပ်က စစ်သားတွေ ဆေးကုရာနေရာဖြစ်တယ်လို့ အစပိုင်းမှာ ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဦးဆောင်ခဲ့သူ တပ်မှုးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

    ၃။ ကွန်ဒွဇ်၊ အာဖဂန်နစ္စတန် 

    ၂၀၁၅ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့မှာ အမေရိကန်တပ်ဖွဲ့တွေဟာ အာဖဂန်နစ္စတ်နမြောက်ပိုင်း ကွန်ဒွဇ်မြို့က စိတ်ကျန်းမာရေးဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဒီဆေးရုံဟာ နယ်စည်းမခြား ဆရာ၀န်များအဖွဲ့ MSF က စီမံနေတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် MSF အဖွဲ့၀င်တွေအပါအ၀င် ၄၂ ဦးသေဆုံးကာ ၃၀ ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန်စစ်တပ်က ဒီတိုက်ခိုက်မှုအတွက် ၃ ကြိမ် ထုတ်ပြန်ပါတယ်။ ပထမတစ်ကြိမ်မှာ တိုက်ခိုက်ခံနေရတဲ့ မြေပြင်အမေရိကန်အဖွဲ့၀င်တွေကို ကာပစ်ပေးတာလို့ဆိုပြီး၊ ဒုတိယတစ်ကြိမ်မှာတော့ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ အာဖဂန်နစ္စတန်အစိုးရက စစ်ကူတောင်းလို့ ပစ်ပေးတာလို့ ဆိုပါတယ်။ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ပထမနှစ်ခုစလုံးကို ပယ်ချခဲ့ပြီး တိုက်ခိုက်မှုကို အမေရိကန်စစ်တပ် တစ်ဖွဲ့တည်းကသာ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မှားယွင်းတိုက်ခိုက်မှုလို့ သုံးနှုန်းခဲ့ပါတယ်။ 

    ၄။ မြောက်ဦး၊ ရခိုင်ပြည်နယ် 

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကို မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ဆေးရုံမှာ ဆေးကုတဲ့သူတွေ၊ စေတနာ့၀န်ထမ်းတွေအပါအ၀င် စုစုပေါင်း သေဆုံးသူ ၃၄ ဦးရှိခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ပြည်တွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။ မြန်မာစစ်တပ်ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မထုတ်ပြန်ပါဘူး။  ရခိုင်လွတ်မြောက်ရေးအဖွဲ့ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က ဒေသတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။ 

  • လတ်တလောစစ်ပွဲများကြောင့် ကမ္ဘာ့လက်နက်ကုမ္ပဏီများ အမြတ်အစွန်းများစွာရ

    လတ်တလောစစ်ပွဲများကြောင့် ကမ္ဘာ့လက်နက်ကုမ္ပဏီများ အမြတ်အစွန်းများစွာရ

    ဒီဇင်ဘာ ၁၊ ၂၀၂၅

    M-Media 

    ယူကရိန်းနဲ့ ဂါဇာကမ်းမြှောင်အပါအ၀င် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကမ္ဘာတစ်၀ှမ်း ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေ၊ စစ်ပွဲတွေကြောင့် လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေဟာ အမြတ်အစွန်း မြောက်များစွာ ရရှိခဲ့တယ်လို့ စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေး အင်စတီကျု(SIPRI)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့ထိပ်တန်း လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ ၁၀၀ ရဲ့ အမြတ်ငွေဟာ ကန်ဒေါ်လာ ၆၇၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၅ ဒဿမ ၉ ရာခိုင်နှုန်း မြင့်တက်လာတာပါ။ လက်နက်ကုမ္ပဏီ အားလုံးနီးပါးလောက်ဟာ အမေရိကန်နဲ့ ဥရောပအခြေစိုက် ကုမ္ပဏီတွေ ဖြစ်ပါတယ်။ 

    ထူးခြားချက်အဖြစ် အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီဟာ လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီစာရင်းမှာ ပထမဆုံး ပါ၀င်လာခဲ့ပြီး ၂၀၂၄ ခုနှစ် အမြတ်အစွန်းဟာ ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ ရှိခဲ့ကာ ၂၀၂၃ ခုနှစ်ကထက် နှစ်ဆ မြင့်တက်လာတာ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • ဂါဇာ ရှေးဟောင်းပြတိုက်မှ ပစ္စည်း ၁၇၀၀၀ ကျော်ကို အစ္စရေးက ခိုးယူး

    ဂါဇာ ရှေးဟောင်းပြတိုက်မှ ပစ္စည်း ၁၇၀၀၀ ကျော်ကို အစ္စရေးက ခိုးယူး

    နို၀င်ဘာ ၁၇၊ ၂၀၂၅

    M-Media 

    (ဓာတ်ပုံ – ဖျက်ဆီးခံထားရသည့် Al-Basha Palace Museum ပြတိုက်)

    ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်က ရှေးဟောင်းပစ္စည်းပြတိုက် Al-Basha Palace Museum ကနေ ပစ္စည်းအားလုံးနီးပါးကို အစ္စရေးက ခိုးယူသွားတယ်လို့ ပြတိုက် ကြီးကြပ်ရေးမှူး ဟာမူဒါ အလ်-ဒဟ်ဒါက ပြောပါတယ်။ 

    ပြတိုက်မှာ မမ်လူက်ခေတ်၊ အော်တိုမန်ခေတ်၊ ဘိုင်ဇန်တိုင်းခေတ်၊ ရောမခေတ်နဲ့ သမိုင်းမတိုင်ခင်ခေတ်တွေက ရှေးဟောင်းပစ္စည်းပေါင်း ၁၇၀၀၀ ကျော် ရှိခဲ့တာပါ။ အလ်-ဒဟ်ဒါက ရှေးဟောင်းပစ္စည်း အားလုံးနီးပါးကို အစ္စရေးက ခိုးယူသွားခဲ့ပြီး လက်ရှိ ပြတိုက်အပျက်အစီးတွေကြားမှာ ၂၀ လောက်သာ ပြန်တွေ့တော့တယ်လို့ ဆိုပါတယ်။ 

    ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အစ္စရေးဟာ Al-Basha Palace Museum ပြတိုက်ကို ဗုံးကြဲဖျက်ဆီးခဲ့သလို၊ နောက်ပိုင်းမှာ ဘူဒိုဇာနဲ့ ထိုးကာ ရှင်းလင်းခဲ့ပါတယ်။ 

    Ref: Roya News