အောက်တိုဘာ၊ ၁၁
M-Media

ဘန်ဒါဆရီဘဂါဝန် (အေပီ သတင်း) ။ ။ မကြာသေးမီနှစ်အနည်းငယ်အထိ မြန်မာနိုင်ငံဟာ သီးခြားဆန်တဲ့ အာဏာရှင်စံနစ်ကို ကျင့်သုံးခဲ့တယ်။ လူ့အခွင့်အရေးဆိုင်ရာမှတ်တမ်းဆိုးတွေက အာဆီယံနိုင်ငံများအဖွဲ့ကို တော်တော်လေး စိတ်မသက်မသာဖြစ်စေခဲ့တယ်။ အခုအခါ ၁၀ နိုင်ငံပါဝင်တဲ့ အစုအဖွဲ့ကြီးရဲ့ခေါင်းဆောင်နေရာကို ရောက်အံ့ဆဲဆဲအခြေအနေအတွက် ရှေ့ပြေးဝေဖန်ချက်တွေ ထွက်လို့လာပါပြီ။ မိမိပြည်တွင်းမှာ လူတွေ ရာဂဏန်း သေဆုံးပြီး၊ သိန်းဂဏန်းထိ အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ့ ပဋိပက္ခတွေ မချုပ်ငြိမ်းသေးပဲ လက်ခံရယူဖို့ အချိန်မတန်သေးသလိုဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က စစ်အာဏာရှင်အနေနဲ့ ရွေးချယ်တင်မြှောက်ခံအစိုးရကို အာဏာလက်ပြောင်းပေးခဲ့ပေမယ့်လည်း မြန်မာနိုင်ငံကို အာဆီယံဥက္ကဌအဖြစ်ခန့်အပ်မှုဟာ ယုံကြည်စိတ်ချစရာမရှိသေးတဲ့ အသွင်ပြောင်းလဲမှုအပေါ် ဆုချလိုက်ရာ ရောက်နေတယ်။ မြန်မာနိုင်ငံကို ဒီလိုအရောင် တင်ပေးခြင်းအားဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် ထပ်လောင်းတွန်းအားပေးနိုင်စေလိမ့်မယ်လို့လည်း အချို့က မျှော်လင့်ထားကြတယ်။

ဒါပေမယ့် မြန်မာနိုင်ငံအဖို့ ခရီးရှည်တစ်ခု ဆက်ရပါဦးမယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်ထဲမှာ မီးကွင်းပစ် ဗုဒ္ဓဘာသာဝင် လူသွမ်းတွေကြောင့် ပြိုလဲပျက်စီးလောင်ကျွမ်းကုန်တဲ့ မွတ်စ်လင်မ်အိမ်တွေ၊ ဗလီဝတ်ကျောင်းတော်ဆီက မီးတောက်မီးလျှံတွေ၊ မီးခိုးငွေ့တွေ တငွေ့ငွေ့ထွက်ပေါ်လာရပြန်တယ်။ ရခိုင်ပြည်နယ်အနောက်ပိုင်း သံတွဲမှာဖြစ်တဲ့ ဒီတစ်ကြိမ်မှာတော့ လူ ၅ ဦးသေဆုံးခဲ့တယ်။ အသတ်ဖြတ်ခံလိုက်ရတဲ့ထဲမှာ ထွက်ပြေးဖို့မစွမ်းသာတဲ့ အသက် ၉၄ နှစ် အရွယ် အမယ်အိုတစ်ဦးလည်း ပါဝင်သွားပါတယ်။
“ လူ့အခွင့်အရေးရှုထောင့်ကနေကြည့်ယင် အာဆီယံဥက္ကဌအဖြစ်ခန့်အပ်ခြင်းက မထိုက်တန်တဲ့အစိုးရကို ဂုဏ်ပြုခြင်း ဖြစ်နေတယ် ” လို့ Fortify Rights အုပ်စုကို စီမံညွှန်ကြားနေတဲ့ မြန်မာ့အရေးကျွမ်းကျင်သူ Matthew Smith က ဆိုလိုက်ပါတယ်။
“ ပြီးခဲ့တဲ့ ၂ နှစ်က လူ ၂ သိန်းခွဲကျော်ဟာ မိမိဇာတိနေအိမ်တွေကနေ အဓမ္မရွှေ့ပြောင်းစေခြင်း ခံရတယ်။ စစ်သွေးကြွစကားတွေလည်း ဆိုနေဆဲဖြစ်တဲ့အပြင် ဒေသတွင်း ဒုက္ခသည်ပြဿနာကို ဖန်တီးပြီး မွတ်စ်လင်မ်လူ့အဖွဲ့အစည်း ဖယ်ရှားရှင်းလင်းရေးလုပ်ဆောင်ချက်က အတောမသတ်သေးဘူး။ ဒါတွေအားလုံးဟာ အာဆီယံဒေသတွင်းခေါင်းဆောင်မှုနဲ့ မကိုက်ညီပါဘူး ” ဆိုပြီး သူက ပြောပြတယ်။
အာဆီယံနိုင်ငံများအဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံကို တရားဝင်ခန့်အပ်ပါတော့မယ်။ ခန့်အပ်ခြင်းရည်ရွယ်ချက်က ဒေသတွင်း စီးပွားရေးတိုးတက်စေဖို့ နဲ့ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ဖော်ဆောင်ဖို့ ဖြစ်တယ်။ လက်ပြောင်းအပ်နှံခြင်း အခမ်းအနားကို ကြာသပတေးနေ့က ဘရူနိုင်းမှာ ပြုလုပ်ခဲ့ပေမယ့် လာမယ့် ဇန္န၀ါရီလ ၁ ရက်မတိုင်ခင်အထိ တာဝန်ထမ်းဆောင်ရဦးမှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ အသားကျနေပြီဖြစ်တဲ့ စစ်အုပ်ချုပ်ရေးစံနစ်ဟာ ဒေသတွင်းတိုးတက်မှုအတွက် အတားအဆီးဖြစ်စေတယ်လို့ အာဆီယံက ကနဦးပိုင်းနှစ်တွေမှာ ဝေဖန်ထားခဲ့တယ်။ ဒါပေမယ့် ၁၉၉၇ ခုနှစ်မှာ အနောက်နိုင်ငံများက ပြင်းပြင်းထန်ထန်ကန့်ကွက်ပေမယ့်လည်း ဒေသတွင်းအုပ်စုက အပြုသဘောဆောင်အပြောင်းအလဲဖြစ်ဖို့ တွန်းအားပေးနိုင်အောင် ရည်ရွယ်တယ်ဆိုပြီး မြန်မာနိုင်ငံကို အာဆီယံနိုင်ငံများအဖွဲ့ထဲ ၀င်ရောက်ခွင့်ပြုလိုက်ပါတယ်။
သို့တစေ မြန်မာပြည်ဟာ မဆိုစလောက်သာ ပြောင်းလဲခဲ့တယ်။ ၂၀၁၁ ခုနှစ်ရောက်တဲ့အခါ နှစ်ပေါင်းများစွာ မင်းမူနေတဲ့ စစ်အုပ်ချုပ်မှုကနေ အငြိမ်းစားစစ်အရာရှိများဦးဆောင်တဲ့ အရပ်သားတစ်ပိုင်းအစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းပေးမှု ဖြစ်ခဲ့တယ်။ သမ္မတဦးသိန်းစိန်အစိုးရကလည်း စီးပွားရေး၊ နိုင်ငံရေး တံခါးဖွင့်လှစ်ပေးတဲ့ ပြန်လည်ပြုပြင်ရေးလှိုင်းလုံးနဲ့အတူ ကမ္ဘာကို အံ့အားသင့်စေခဲ့တယ်။
နှစ်ပေါင်း ၂၀ လောက် နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရတဲ့ ရေရှည်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုယင် လွှတ်တော်အမတ်တစ်ဦး ဖြစ်နေပြီ။ ရာနဲ့ချီပြီး နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးခဲ့ပြီ။ မီဒီယာအပေါ် တင်းကြပ်လွန်းလှတဲ့ ဆင်ဆာစံနစ်ကိုလည်း ဖျက်သိမ်းခဲ့ပြီ။ လက်နက်ကိုင်တော်လှန်ရေးအများစုနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးနိုင်ဖို့လည်း လုံးပန်းနေတယ်။
သို့သော်လည်း လုပ်စရာ အမြောက်အများ ကျန်နေပါသေးတယ်။ ၂၀၁၂ ခုနှစ် ဇွန်လက စတင်ခဲ့တဲ့ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုက တစ်နိုင်ငံလုံး ပျံ့နှံ့သွားပြီး လူတစ်သိန်းခွဲလောက်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေတာတောင် ရပ်တန့်ဖို့ လမ်းမမြင်သေးဘူး။ လူတစ်သိန်းကျော် နေအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်တပ်နဲ့ ကချင်အကြားတိုက်ပွဲကလည်း ရှေ့ဆက်နေဆဲ။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထား အများစုကတော့ အရင်အတိုင်းပါပဲ။ ပြုပြင်ပြောင်းလဲရေး ပိုမိုဆောင်ရွက်သွားနိုင်အောင် ကြိုးစားနေပါတယ်တဲ့။
“ ပြဿနာတွေ ရှိနေဆဲဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။ သူတို့စွမ်းရည်နဲ့အညီ အကောင်းဆုံး လုပ်ဆောင်ဖြေရှင်းသွားမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အဲ့ဒီနိုင်ငံမှာ ထူးထူးခြားခြား ပြောင်းလဲသွားတာတွေ၊ မြန်မာသမ္မတရဲ့ ပြုပြင်ပြောင်းလဲရေးခြေလှမ်းတွေကိုလည်း ကျွန်တော်တို့ အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ သူတို့ကို လက်ရှိ ဦးတည်ချက်အတိုင်း ရှေ့ဆက်အောင် နိုင်ငံတကာအသိုင်းအ၀ိုင်းအဖို့ အကောင်းဆုံး တိုက်တွန်းသွားနိုင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က မြန်မာပြည်ကို ဥက္ကဌနေရာအတွက် ထောက်ခံကြတာပါ ” လို့ ဖိလစ်ပိုင်သမ္မတရဲ့ပြောဆိုခွင့်ရပုဂ္ဂိုလ် Ricky Carandang က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဘရူနိုင်းမှာ ပြောကြားခဲ့ပါတယ်။
အာဆီယံဟာ နိုင်ငံအချင်းချင်းရဲ့ပြည်တွင်းရေး ကိစ္စထဲ ၀င်ရောက်မစွက်ဖက်ရေး မူဝါဒကို အခြေခံအားဖြင့် လက်ခံ ထိန်းသိမ်းထားပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေကို ပိုပြီး ထိရောက်ပီပြင်စွာ အလေးထားဖြေရှင်းဖို့ မြန်မာနိုင်ငံအပေါ် ခေါင်းဆောင်များက လက်တို့တွန်းအားပေးသွားနိုင်ချေရှိပါတယ် လို့လည်း Carandang က ဆိုပါတယ်။
အာဆီယံလူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲမှာ မြန်မာအမျိုးသမီးငယ် တစ်ဦးကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက “ မြန်မာပြည်ကဖြစ်ပျက်မှုတွေဟာ စိတ်လှုပ်ရှားစရာပါဘဲ။ ဒါပေမယ့် မလုံလောက်သေးပါဘူး။ နိုင်ငံရေးအသွင်ပြောင်းမှု ရှေ့ဆက်တာကို ကျွန်တော်တို့ စောင့်ကြည့်ဖို့လိုပါတယ်။ ဒီမိုကရေစီ ရှေ့ဆက်ဖြစ် တည်လာပါစေလို့ ကျွန်တ်ာတို့ မျှော်လင့်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
ဒေါ်စုကြည်ရဲ့ NLD အတိုက်အခံပါတီရဲ့ ၀ါရင့်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးတင်ဦးကလည်း မြန်မာပြည်ဟာ တရွေ့ရွေ့နဲ့ ပြောင်းလဲနေပါတယ်လို့ဆိုပြီး ဒီအချက်ကို လက်ခံထားပါတယ်။ “ သူတို့မှာ အခက်အခဲပြဿနာတွေရှိနေလင့် ကစား အာဆီယံ ဥက္ကဌဖြစ်ဖို့တော့ အချိန်ကျပါပြီ ” လို့ သူက အစိုးရကိုရည်ညွှန်းပြောဆိုပါတယ်။
အာဆီယံရဲ့ခေါင်းဆောင်အဆင့်က မြန်မာနိုင်ငံထဲ ထပ်ဆင့်ပြောင်းလဲတည်ဆောက်မှုကို ဖော်ဆောင်ပေးသွားပါလိမ့်မယ် ဆိုပြီး ဒီမိုကရေစီစံနစ် နှင့် အာဏာရှင်စံနစ်ကို ချောမွေ့အောင် ချိန်ခွင်လျှာထိန်းညှိထားတဲ့ ကမ္ဘောဒီယားက သုတေသီတစ်ဦးမက ယူဆထားကြတယ်။ ကမ္ဘောဒီးယားအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဥက္ကဌ Ou Virak က “ မြန်မာပြည်ရဲ့အုပ်ချုပ်ရေးစံနစ်ဟာ ဟောင်းနွမ်းဆွေးမြေ့ပြီး လိုအပ်ချက်တွေ များပြားနေတယ်။ ဒီအနေအထားက မြန်မာပြည်ကို ပြန်လည်ပြုပြင်တည်ဆောက်မှု ပိုမိုများပြားလာအောင် အသေအချာ တွန်းအားပေးသွားနိုင်မှာပါ ” လို့ ဆိုပါတယ်။
ဒါပေမယ့် ရန်ကုန်က နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးရန်မျိုး ပြောဆိုတာကတော့ “ မြန်မာခေါင်းဆောင်တွေဟာ မိမိပြည်တွင်းရေးပြဿနာတွေကိုတောင် မကိုင်တွယ် မဖြေရှင်းနိုင်သေးတာ။ ဒေသတွင်းခေါင်းဆောင်နေရာကို ရယူ ရပ်တည်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာပါပဲ ” တဲ့။
ဦးသိန်းစိန်အနေနဲ့ နိုင်ငံတကာ အထူးခရီးစဉ်တွေ မသွားရောက်ချိန်ကဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ လိုမျိုး လူ့အခွင့်အရေး ကိစ္စများအပေါ် နိုင်ငံတကာ အသံကို တုန့်ပြန်တဲ့နေရာမှာ လုံးဝနီးပါး လျစ်လျူ ရှုထားခဲ့တယ် လို့ ဘန်ကောက်မြို့ Chulalongkorn University က နိုင်ငံတကာဆက်ဆံရေးသုတေသီ Panitan Wattanayagorn မှ ပြောခဲ့တယ်။
“ အခုဆိုရင် အာဆီယံခေါင်းဆောင်မှုက သူတို့ရင်ခွင်ထဲ ရောက်လာပြီဖြစ်ပေမယ့် များများစားစား လုပ်ဆောင်စရာ မရှိဘူးလို့ သူတို့က ထင်မြင်ကောင်း ထင်မြင်နေကြပါဦးမယ် ” ဆိုပြီး သူက ထပ်လောင်းပြောကြားလိုက်ပါတယ်။
ဘန်ကောက်မှ Pitman နှင့် Grant Peck ၊ ရန်ကုန်မှ အေပီသတင်းထောက် အေးအေးဝင်း၊ ဘရူနိုင်း ဘန်ဒါဆရီဘဂါဝန်မှ Eileen Ng တို့၏ ပူးပေါင်းရေးသားတင်ပြချက် Critics question Myanmar’s readiness to head ASEAN သတင်းဆောင်းပါးအား မြင့်မိုရ်မောင်မောင် ပြန်ဆိုဖော်ပြခြင်းဖြစ်သည်။
Leave a Reply
You must be logged in to post a comment.