ဧပြီ ၂၀၊ ၂၀၁၄
M-Media
– ကလပ်အသင်းများက မိမိအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများကြားရခြင်းက မိမိအား ပျော်ရွှင်စေသည်ဟု ဂျူဗင်တပ်စ်အသင်း၏ လူငယ်အလယ်တန်းကစားသမား ပေါ့ဂ်ဘာက ပြောကြားလိုက်သည်။
ပေါ့ဂ်ဘာ၏ လက်ရှိစာချုပ်မှာ ၂၀၁၆ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အသင်းတွင် ဆက်လက်ရှိနေရန် ဂျူဗင်တပ်စ်အသင်းက ဆန္ဒရှိနေသည်။ အခြားသော ဥရောပအသင်ကြီးများကလည်း ခြေစွမ်းကောင်းမွန်သည့် ပေါ့ဂ်ဘာကို ခေါ်ယူရန် ကြိုးစားနေကြပြီး ပီအက်စ်ဂျီအသင်းကလည်း လာမည့်နွေရာသီတွင် ကြီးမားသော ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေသည်။
သို့သော်လည်း ပေါ့ဂ်ဘာကမူ ဂျူဗင်တပ်စ်အသင်းရှိ ၎င်း၏ အချိန်များကို ပျော်ရွှင်မိကြောင်း၊ အသင်းတွင် ဆက်ရှိနေရန် ပရိတ်သတ်များ၏ အလိုရှိမှုကို ပီတိဖြစ်မိကြောင်း ဆိုသည်။
“ “ပေါ့ဂ်ဘာကို မရောင်းပါနဲ့” လို့ ပရိတ်သတ်ရဲ့ သီချင်းဆိုသံကို ကြားရတဲ့အခါ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကွင်းထဲကိုဝင်တဲ့အခါမှာလည်း ကျွန်တော့်ကို အားတွေဖြစ်စေပါတယ်။ ပြီးတော့ တိုးတက်အောင် ကြိုးစားလိုစိတ်ကိုလည်း ဖြစ်စေပါတယ်။ အဲဒီသီချင်းအတွက် ပရိတ်သတ်တွေကို အလွန်ကျေးဇူးတင်ပါတယ်။ သူတို့ကို ပျော်ရွှင်အောင် လုပ်ပေးရတဲ့အတွက် ကျေလည်း ကျေနပ်ပါတယ်” ဟု ပေါ့ဂ်ဘာက Sky Sport Italia သို့ ပြောကြားခဲ့သည်။
ထို့ပြင် မိမိအနေဖြင့် အသင်းတွင် အသုံးချခြင်းခံနေရသည်ဟု မခံစားမိကြောင်း ဂျူဗင်တပ်စ်အသင်း သုံးနှစ်ဆက် စီးရီးအေချန်ပီယံဖြစ်ရေး အတွက် တောင်းဆိုလာသမျှအားလုံးအား လုပ်ဆာင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Leave a Reply
You must be logged in to post a comment.