ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅
M-Media
– လာမည့်မေလတွင် ကျင်းပပြုလုပ်ရန်ရှိသည့် ဖီဖာဥက္ကဌရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့်သူ ၄ ဦးစာရင်းကို ဖီဖာက ထုတ်ပြန်လိုက်သည်ဟု သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်လိုသူများကို သတ်မှတ်ချက်ပြည့်မီမှု ရှိ၊ မရှိ ဖီဖာရွေးကောက်ပွဲကော်မတီက စစ်ဆေးခဲ့ပြီးနောက် ယမန်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိဥက္ကဌ ဆပ်ဘလတ္တာ၊ ပေါ်တူဂီလက်ရွေးစင်ဟောင်း လူးဝစ် ဖီဂို၊ လက်ရှိ ဖီဖာဒုတိယဥက္ကဌ အလီ ဘင် အလ် ဟူစိန်နှင့် ဒက်ခ်ျဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မိုက်ကယ် ဗန် ပရာ့ဂ်တို့ ဖြစ်ကြသည်။
ဘလတ္တာမှာ ၁၉၉၈ ခုနှစ်ကတည်းက ဥက္ကဌတာဝန်ကို ထမ်းဆောင်လာသူဖြစ်ပြီး ယခုနှစ်များအတွင်း ဖြစ်ပွားခဲ့သာ ဖီဖာ၏ ချစားမှုစွပ်စွဲချက်များနှင့်ပတ်သက်၍ ပုံရိပ်အနည်းငယ် ကျဆင်းနေသူဖြစ်သည်။
ဂျော်ဒန်အိမ်ရှေ့မင်းသားတစ်ဦးဖြစ်သော အလီ ဘင် အလ် ဟူစိန်က မိမိမှာ ဖီဖာ၏ လက်ရှိစနစ်များကို ပြုပြင်ပြောင်းလဲချင်ပြီး ပိုမိုပွင့်လင်းမြင်သာအောင် ပြုလုပ်ချင်သည်ဟု စောစာပိုင်းက ပြောကြားထားသည်။ ဖီဂိုကမူ ဘောလုံးမှာ မိမိဘ၀အား မြှင့်တင်ပေးခဲ့သည့် အရာဖြစ်၍ ဘောလုံးလောက တိုးတက်ရေးအတွက် လုပ်ဆောင်ချင်သည်ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း လာမည့်မေလတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဌ ဘလတ္တာသာ အနိုင်ရရှိရန် ရေပန်းစားနေသည်။
Ref: goal.com
Leave a Reply
You must be logged in to post a comment.