ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅
M-Media
– ၂၀၁၅ နှစ်စကတည်းက ရလဒ်ကောင်းများရရှိအောင် ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း မိမိအနေဖြင့် ဖိအားများကို ခံစားရခြင်းမရှိဘဲ ကြောက်ရွံ့နေမည်လည်းမဟုတ်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးမှာ ယခုနှစ်အစမှစ၍ ရလဒ်များ ဆိုးရွားနေပြီး ပြီးခဲ့သည့်တစ်ပတ် ဟားလ်စီးတီးနှင့်ပွဲတွင်လည်း နောက်ဆုံးမိနစ်မှ မီလ်နာ၏ ဂိုးဖြင့် သရေတစ်မှတ် ရယူနိုင်ခဲ့သည်။
သို့သော်လည်း ပယ်လီဂရီနီကမူ မိမိတို့အသင်းမှာ ပြီးခဲ့သည့်နှစ်က ယခုအချိန်နှင့် နှိုင်းယှဉ်ကြည့်လျှင် ၁ မှတ်သာလျော့သေးကြောင်း၊ ထို့ကြောင့် ယခုကိစ္စမှာ အသင်းအတွက် ပြဿနာမဟုတ်ကြောင်း ပြောကြားခဲ့သည်။
“ဘယ်တုန်းကမှ ဖိအားဒဏ် မခံစားခဲ့ရပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်ကလိုပါပဲ။ တစ်ခုတည်းသောဖိအားက ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးဖိအားပါပဲ။ ကျွန်တော်တို့ဟာ သာမန်အခြေအနေမှာ ရှိနေပြီး ချန်ပီယံလိဂ်မှာလည်း ကျွန်တော်တို့ ပါဝင်နေပါတယ်။ တကယ်လို့ မနက်ဖြန်ပွဲနိုင်မယ်ဆိုရင် ကျွန်တော်တို့ဟာ မနှစ်ကထက် တစ်မှတ်လောက်ပဲ နည်းမှာပါ။ ဖိအားဆိုထက် ပိုပြီးအရေးပါတဲ့ အခြား စဉ်းစားရမယ့်အရာတွေ အများကြီးရှိပါတယ်။ အသင်းထဲကရော အပြင်ကပါ ဘယ်လိုဖိအားမျိုးမှ ကျွန်တော်မခံစားရပါဘူး” ဟု ပယ်လီဂရီနီက ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မန်စီးတီးမှာ ယနေ့တွင် စတုတတ်စီးတီးနှင့် ကစားပြီးနောက် အားလပ်ရက် ၁၀ ရက် ရရှိမည်ဖြစ်ပြီး ပယ်လီဂရီနီကမူ မိမိတို့မှာ တောင့်တင်းသည့်အသင်းနှင့်ကစားရမည့် အဆိုပါပွဲကို အနိုင်ရရန်လိုအပ်ကြောင်း၊ တစ်သင်းလုံးမှာ ကြံ့ခိုင်မှုပြည့်ဝနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Ref:goal.com
Leave a Reply
You must be logged in to post a comment.