မတ် ၃၊ ၂၀၁၅
M-Media
– စီးရီးအေချန်ပီယံဖြစ်ရေး မလွယ်တော့သည့်နောက် မိမိတို့အသင်း၏ အဓိကပစ်မှတ်မှာ ဒုတိယနေရာ ရရှိရေးဖြစ်သည်ဟု ရိုးမားနည်းပြ ရာအူးလ်ဂါစီယာက ပြောကြားလိုက်သည်။
အိမ်ကွင်း အိုလံပီကိုတွင် ယမန်နေ့က ကစားခဲ့သည့် ဂျူဗင်တပ်စ်အသင်းနှင့်ပွဲ၌ ရိုးမားက ဦးဆောင်ဂိုး စတင် သွင်းယူနိုင်ခဲ့သော်လည်း ဂျူဗင်တပ်စ်က ချေပဂိုး ပြန်လည်သွင်းယူခဲ့သောကြောင့် သရေဖြင့် အဆုံးသတ်ခဲ့သည်။
ဂါစီယာကမူ အသင်း၏ ကစားပုံကို ချီးကျူးခဲ့ပြီး ရာသီကုန်အထိ တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုခဲ့သော်လည်း မိမိတို့၏ အဓိကပစ်မှတ်မှာ ဒုတိယနေရာအတွက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ပွဲအများကြီးကျန်သေးတာတော့ မှန်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့ ဒီညနေလုပ်နိုင်ခဲ့သလို ဒုတိယနေရာကို ကာကွယ်ဖို့သာ လိုအပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ နာပိုလီထက်သာနေတာကြောင့်ပါ” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ရိုးမားမှာ လက်ရှိအချိန်တွင် စီးရီးအေအား ဦးဆောင်နေသည့် ဂျူဗင်တပ်စ်နှင့် ၉ မှတ်ကွာဟနေပြီး တတိယနေရာမှ နာပိုလီအား ၄ မှတ်၊ စတုတ္ထနေရာမှ လာဇီယိုအား ၆ မှတ်ဖြတ်ကာ ဒုတိယနေရာတွင်ရှိနေသည်။
Ref: Goal.com


Leave a Reply
You must be logged in to post a comment.