ဧပြီ ၁၊ ၂၀၁၅
M-Media
– အီတလီအငယ်တန်းလိဂ်ပြိုင်ပွဲ တစ်ပွဲတွင် အ၀တ်လဲခန်းသို့သွားရာ လှိုင်ခေါင်းအတွင်း၌ နှစ်ဖက်အသင်း ကစားသမားများ အချင်းများ၍ ခိုက်ရန်ဖြစ်ပွားရာမှ ၂ ဦးကို ဆေးရုံတင်ခဲ့ရပြီး ၁၃ ဦးမှာ ဘောလုံးအဖွဲ့ချုပ်၏ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်ဟု သိရသည်။
ပဉ္စမတန်း ကလပ်အသင်းများဖြစ်ကြသော ဗစ်တိုရီးယားအသင်းနှင့် ပါတာနိုအသင်းတို့ ပြီးခဲ့သည့် တစ်ပတ်က ကစားခဲ့သည့်ပွဲ ပထမပိုင်းအပြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကွင်းထဲ၌ မကျေမနပ်ဖြစ်နေကြသော ကစားသမားများမှာ ပထမပိုင်းအပြီး အ၀တ်လဲခန်းသို့ သွားရာ လှိုင်ခေါင်းတွင် အချင်းများကာ ထိုးကြိတ်ကန်ကြောက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပါတာနိုအသင်းမှ ကစားသမား အန်ဇို တော်နာတိုရီနှင့် အသင်း၏ ၀န်ထမ်းတစ်ယောက်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ပြဿနာဖြစ်ပွားရသည့်အကြောင်းအရင်းကို တိတိကျကျမသိရှိရေးဘဲ တာဝန်ရှိသူများက ကစားသမားလေးယောက်ကို ထုတ်ပယ်ကာ ဒုတိယပိုင်းကို ပြန်ကစားစေခဲ့သည်။
သို့သော်လည်း နှစ်ဖက်အသင်းမှ ကစားသမားများမှာ ပြစ်ဒဏ်အများအပြားကို ကျူးလွန်ခဲ့ကြပြီး အနီကဒ်ဖြင့် ထွက်ခဲ့ရကာ နောက်ဆုံးတွင် ကွင်းအတွင်း၌ ကစားသမားအလုံအလောက် မရှိသောကြောင့် ပွဲကို ဖျက်သိမ်းခဲ့ရကာ နှစ်သင်းစလုံးကို ၃ ဂိုးပြတ်အရှုံးအဖြစ် သတ်မှတ်ပေးခဲ့သည်။
ထိုအဖြစ်အပျက်အတွက် အီတလီဘောလုံးအဖွဲ့ချုပ်မှာ ဗစ်တိုးရီးယားအသင်းမှ ကစားသမားအချို့အား ၃ ပွဲမှ ၈ ပွဲပယ်ပြစ်ဒဏ်ကိုလည်းကောင်း ပါတာနို ကစားသမားများအား ၃ ပွဲမှ ၄ ပွဲပယ် ပြစ်ဒဏ်ကိုလည်းကောင်း အသီးသီးချမှတ်ခဲ့ပြီး ကစားသမား ၁၃ ဦးအတွက် စုစုပေါင်း ပွဲပယ်ပြစ်ဒဏ်မှာ ၅၉ ပွဲရှိခဲ့သည်။
Ref: Dailymail


Leave a Reply
You must be logged in to post a comment.