မေ ၃၊ ၂၀၁၅
M-Media
– ပက်ကွီအိုအား အနိုင်ရရှိခဲ့သည့် မေ၀ယ်သာ၏ နောက်ထပ်ပြိုင်မှာ မိမိဖြစ်ချင်သည်ဟု ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းက ပြောကြားလိုက်သည်။
ယနေ့နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်တွင် ထိုးသတ်ခဲ့သည့် အမေရိကန် လက်ဝှေ့ကျော် ဖလွိုက် မေ၀ယ်သာနှင့် ဖိလစ်ပိုင်နာမည်ကြီး လက်ဝှေ့သမား ပက်ကွီအိုတို့၏ပွဲတွင် ၁၂ ချီအတွင်း အလဲထိုးနိုင်ခြင်း မရှိသောကြောင့် အမှတ်ဖြင့် အနိုင်အရှုံး ဆုံးဖြတ်ခဲ့ရာ ဒိုင်လူကြီး ၃ ဦးစလုံးက မေ၀ယ်သာအား အနိုင်ပေးခဲ့သည်။
ထိုနိုင်ပွဲက မေ၀ယ်သာ၏ ၄၈ ပွဲမြောက် နိုင်ပွဲဖြစ်ပြီး ၎င်း၏ လက်ဝှေ့သက်တမ်းတစ်လျှောက် ရှုံးပွဲမရှိစံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။ ပွဲအပြီးတွင် အသက် ၃၈ နှစ်အရွယ်ရှိ မေ၀ယ်သာက မိမိမှာ ကြိုးဝိုင်းအတွင်းသို့ စက်တင်ဘာလတွင် တစ်ကြိမ်သာ ပြန်လည် ၀င်ရောက်တော့မည်ဟု ပြောကြားခဲ့ပြီး၊ အသက် ၂၈ နှစ်အရွယ် အမီးရ်ခန်းကမူ မေ၀ယ်သာ၏ နောက်ဆုံးပြိုင်ဘက်မှာ မိမိဖြစ်ချင်သညဟု ဆိုသည်။
“ပွဲဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် သူ့ မန်နေဂျာနဲ့ စကားပြောခဲ့တယ်။ သူ့ကို မီဒီယာအခန်းထဲမှာ တွေ့ခဲ့ပြီး သူက ကျွန်တော့်ဆီလာကာ “ဟိုင်း.. ခင်ဗျားရယ်ဒီဖြစ်ရင် သူက အဆင်သင့်ပဲ” လို့ ပြောပါတယ်။ မေ၀ယ်သာရဲ့ အသင်းက ထိုးချင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာ ကျွန်တော်ဟာ မန်နီ (ပက်ကွီအို)ရဲ့အသင်းနဲ့ စကားပြောခဲ့ပြီး သူတို့ကလည်း အဲဒီလိုပဲပြောပါတယ်” ဟု ခန်းက BBC ရေဒီယိုသို့ ပြောကြားခဲ့သည်။
ထို့ပြင် မိမိအနေဖြင့် ၎င်းတို့နှစ်ဦးစလုံးနှင့် ထိုးသတ်နိုင်သည့် အခြေအနေတွင် ရှိကြောင်း၊ သို့သော်လည်း မေ၀ယ်သာနှင့် အဆင့်တူသည်ဟု ယုံကြည်သောကြောင့် မေ၀ယ်သာနှင့် ထိုးချင်ကြောင်း ခန်းက ထည့်သွင်းပြောကြားခဲ့သည်။
ဗြိတိန်လက်ဝှေ့ကျော် ခန်းမှာ လက်ဝှေ့သက်တမ်းတစ်လျှောက်တွင် ပွဲပေါင်း ၃၀ အနိုင်ရရှိကာ ၃ ပွဲ ရှုံးထားသည်။ ခန်းကမူ မိမိအနေဖြင့် မေ၀ယ်သာနှင့် ယခုနှစ်ကုန်၊ သို့မဟုတ် လာမည့်နှစ်ဆန်းပိုင်းတွင် ထိုးသတ်ရန် မျှော်လင့်ထားသည်ဟု ပြောကြားခဲ့သည်။
“သိပ် အံ့သြစရာကောင်းတဲ့ပွဲ ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ လက်ဝှေ့ ပရိသတ်တွေအားလုံး ပြောနေကြတဲ့ပွဲမျိုးပါ။ ဘာ့ကြောင့်လည်းဆိုတော့ သူနဲ့ ကျွန်တော်နဲ့ကြားမှာ ကိုယ်ခန္ဓာအရွယ်အစားက ကြီးမားတဲ့ အကြောင်းအရင်းဖြစ်ပြီး လျင်မြန်မှုနဲ့ ပါဝါကလည်း ဒီအတိုင်းပါပဲ။ ကျွန်တော် သူ့အဆင့်မှာ ရှိနေပြီလို့ တကယ့်ကို ယုံကြည်ပါတယ်”
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.