မေ ၃၀၊ ၂၀၁၅
M-Media
– ယမန်နေ့က ကျင်းပခဲ့သော ဖီဖာဥက္ကဌရွေးကောက်ပွဲတွင် လက်ရှိဥက္ကဌ ဆပ်ဘလတ္တာမှာ ပြန်လည်ရွေးချယ်ခြင်း ခံခဲ့ရပြီး ၅ ကြိမ်ဆက် ဥက္ကဌတာဝန် ထမ်းဆောင်နိုင်ခွင့် ရခဲ့ပြီဟု သိရသည်။
ဘလတ္တာနှင့် ဂျော်ဒန်အိမ်ရှေ့မင်းသား အလီ ဘင် အလ် ဟူစိန်တို့၏ ပထမအချီ ယှဉ်ပြိုင်မှုတွင် ဘလတ္တာက ၁၃၃ မဲနှင့် အလ်ဟူစိန် ၇၃ မဲ ရရှိခဲ့သည်။ ထို့နောက် ဒုတိယအချီမတိုင်ခင် အလ်ဟူစိန်က ယှဉ်ပြိုင်မှုမှ နှုတ်ထွက်သွားခဲ့ပြီး ရှုံးနိမ့်ကြောင်း ကြေညာခဲ့သည်။
ထို့ကြောင့် ၁၉၇၅ ခုနှစ်က ဖီဖာနှင့် ဆက်သွယ်ခဲ့ပြီး ၁၉၉၈ ခုနှစ်ကစ၍ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဘလတ္တာမှာ ၎င်း၏ ၅ ကြိမ်မြောက်သက်တမ်းကို ထပ်မံ ထမ်းဆောင်ခွင့် ရရှိသွားပြီဖြစ်သည်။
“နောက်ထပ် ၄ နှစ်အတွက် ကျွန်တော့်ကို လက်ခံတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဟာ ဖီဖာလို့ခေါ်တဲ့ သင်္ဘောကြီးကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်သွားမှာဖြစ်ပြီး ကမ်စပ်ကို ရောက်အောင် ခေါ်ဆောင်သွားမှာပါ” ဟု အနိုင်ရရှိခဲ့ပြီးနောက် ဘလတ္တာက ပြောကြားခဲ့သည်။
ချစားမှု စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖီဖာအကြီးတန်းတာဝန်ရှိသူများ ဖမ်းဆီး တရားစွဲဆိုခြင်း ခံရပြီးနောက် ဘလတ္တာအား နှုတ်ထွက်ရန် တောင်းဆိုမှုများ ရှိခဲ့သော်လည်း ၎င်းသာ ပြန်လည် အနိုင်ရခဲ့ပြီး ဘလတ္တာကမူ မိမိမှာ ပြီးပြည့်စုံသော လူတစ်ယောက် မဟုတ်သော်လည်း ကြုံတွေနေရသည့် ပြဿနာများကို ဖြေရှင်းသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
အလီ ဘင် အလ် ဟူစိန်မှာ အမှုဆောင်ကော်မတီတွင်လည်း ၎င်း၏ နေရာကို ဆုံးရှုံးခဲ့သည်။
“ခင်ဗျားတို့နဲ့ သိကျွမ်းရတာ၊ အလုပ်အတူတွဲလုပ်ရတဲ့ အချိန်တွေဟာ အံ့သြစရာ ကောင်းခဲ့ပါတယ်။ ကျွန်တော့်ကို ထောက်ခံသူအားလုံးကို ကျေးဇူးတင်ပြီး အနာဂတ်မှာ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟု အလ် ဟူစိန်က ပြောကြားခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.